၀င်းဖုန်း တောင် ဒေသ ကို နိုင်ငံခြားသား လည် ပတ်ခွင့် ကန့်သတ်ထားသော်လည်း ပြည်တွင်းခရီးသွားများအနေဖြင့် လည်ပတ်နိုင်ဟုဝန်ကြီးပြော

# Travelling journal မွန်ပြည် နယ်၊ သထုံမြို့နယ်အတွင်း တည်ရှိသည့်ဝင်းဖုန်း တောင် ဒေသကို နိုင်ငံခြားသား လည်ပတ်ခွင့်ကန့်သတ်ထားသော်လည်း ပြည်တွင်းခရီးသွား များအနေဖြင့် လည်ပတ်နိုင်ဟု မွန်ပြည်နယ်အစို ...

# Travelling journal

မွန်ပြည် နယ်၊ သထုံမြို့နယ်အတွင်း တည်ရှိသည့်ဝင်းဖုန်း တောင် ဒေသကို နိုင်ငံခြားသား လည်ပတ်ခွင့်
ကန့်သတ်ထားသော်လည်း ပြည်တွင်းခရီးသွား များအနေဖြင့် လည်ပတ်နိုင်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ ဟိုတယ်/ခရီး ဝန်ကြီးတာဝန်ယူထားသူ ဦးထွန်းမင်းအောင် က Travelling journal သို့ ပြောသည်။

” ကျွန်တော် ကတစ်ခါမှမရောက်ဖူးသေးတဲ့နေရာဖြစ်နေသေးတာ။ သေချာတာကတော့ နိုင်ငံခြားသား သွားလို့မရသေးဘူး။အဲဒါကတော့ သေချာတယ် ။အဲဒါကိုတော့ သိတယ်။ သိပ်မကြာခင် သွားကြည့်ဖို့တော့လုပ်ထားတယ်။ ကြည့်ပြီးမှပဲ ဒေသအခြေအနေ ကို သိရမှာဖြစ်တယ်။ KNU ထိန်းချုပ် နေရာထဲမှာ ပါနေလား မပါနေလားကို။ ဘယ်လိုပုံစံရှိမလဲ ။ သူတို့ ဒေသခံ အနေအထားဘယ်လိုရှိမလဲဆိုတာကို Survey လုပ်ရမှာဖြစ်တယ်။ ခရီးသွားတွေအတွက် လမ်းကြောင်း မြေအနေအထားအဲဒါတွေကို သိဖို့လိုတယ်။ ကမ္ဘာပေါ်မှာ ဘယ်နေရာဖြစ်ဖြစ် ဒေသခံ တွေက ၉၉ ရာခိုင်နှုန်း ကျော် ခရီးသွားလုပ်ငန်းကို သဘောတူပြီးသားပါ။ ဒါက ကျောက်မိုင်းထုတ်တာလည်းမဟုတ်ဘူး။ ကျောက်မီးသွေးစက်ရုံလည်းတည်တာလည်းမဟုတ်တာ။ Tourism က ပိုက်ဆံရတဲ့အလုပ်ပဲလေ။ ခရီးသွားအတွက် Safe ဖြစ်မယ့်နေရာလိုတာပေါ့”ဟု ဝန်ကြီး က ပြောသည်။

သထုံမြို့၏ ခရီးစဉ် ဒေသအသစ် အဖြစ် လွန်ခဲ့သည့် တစ်နှစ်ကျော်ကတည်းက ဆောင်ရွက် နေခဲ့သော်လည်း လက်ရှိအနေအထားတွင် ဆောင်ရွက် နိုင်ခြင်းမရှိသေးကြောင်း သိရသည်။

ဝင်းဖုန်းတောင်ရှိ ၀င်းဖုန်းဂူ အရှည်မှာ ပေ ၅၀၀ နီးပါးလောက်ရှိပြီး နှစ်ဖက်ပွင့် ဂူအမျိုးအစားဖြစ်ကြောင်း
သိရသည်။ ၀င်းဖုန်းဂူသို့ သွားရောက်မည်ဆိုပါက သထုံမြို့ပေါ်ကနေ ဒူးရင်းဆိပ် ကျေးရွာသို့ သွားရောက်ရ ပြီး ထိုမှတဆင့် ဒုံသမိချောင်းအထက်ပိုင်း ၀င်းဖုန်းကျေးရွာကို စက်တပ်ရေယာဉ်ဖြင့်တစ်နာရီခွဲခန့် သွားရောက် ရမည်ဖြစ်ကြောင်းသိရသည်။Adventure Trip ၊ ခြေလျင်တောလမ်းခရီးသွားရခြင်းနှင့် Boat Trip စီးရသည့် အတွေ့အကြုံ သုံးမျိုးစလုံးကို ရရှိစေနိုင်မည်ဖြစ်ကြောင်းသိရသည်။

“ဝင်းဖုန်းတောင်က အညိုရောင်နယ်မြေ မဟုတ်ဘူး။ အဖြူရောင်နယ်မြေ ပါ။တိုက်ပွဲတွေမရှိဘူး”ဟု သထုံဒေသခံ ဦးစောကျော်မိုးက Travelling journal သို့ ပြောသည်။

မြေပြင်အခြေအနေအရ ဝင်းဖုန်းတောင် သည် KNU ထိန်းချုပ် ခြင်းနှင့် အစိုးရပိုင်းမှ နှစ်ဖက်ထိန်းချုပ်နေ
သည့် အနေအထားဖြစ်သော်လည်း အဖြူရောင်နယ်မြေ ဖြစ်ကြောင်း သထုံဒေသခံ ဦးစောကျော်မိုးက ပြောသည်။

လက်ရှိ သထုံမြို့မှာ အဖြူရောင်နယ်မြေ ဖြစ်ပြီးနိုင်ငံခြားသား အတွက် သွားရောက်လည်ပတ်ခွင့်မှာ မြို့ပေါ် Downtown ငါးရပ်ကွက်မှလွဲပြီး ကျန်နေရာများသို့သွားရောက်ခွင့်မရှိကြောင်းနှင့်ပြည်တွင်းခရီးသွားများအတွက် လွတ်လွတ်လပ်လပ် လည်ပတ်ခွင့်ရှိကြောင်းသိရသည်။

Photo_စောကျော်မိုး