သတိမမူ ဂူမမြင်ဖြစ်နေသည့် ဂေါပက များအားသတိပေးလိုက်ခြင်းကြောင့် ပုဂံဘုရားများဖူးမျှော်ခွင့်ကို ပိတ်လိုက်ရခြင်းဖြစ်သည်ဟု ခရိုင်တာဝန်ရှိသူ ပြော

Travelling journal နိုင်ငံတော်၏ ညွန်ကြားချက်များကို မသိကျိုးကျွန်ပြုနေပြီး သတိမမူ ဂူမမြင်ဖြစ်နေသည့် ဂေါပက များအား စာထုတ်သတိပေးလိုက်ခြင်းကြောင့် ပုဂံဘုရားများဖူးမျှော်ခွင့်ကို ပိတ်လိုက်ရခြင်းဖြ ...

Travelling journal

နိုင်ငံတော်၏ ညွန်ကြားချက်များကို မသိကျိုးကျွန်ပြုနေပြီး သတိမမူ ဂူမမြင်ဖြစ်နေသည့် ဂေါပက များအား စာထုတ်သတိပေးလိုက်ခြင်းကြောင့် ပုဂံဘုရားများဖူးမျှော်ခွင့်ကို ပိတ်လိုက်ရခြင်းဖြစ်သည်ဟု ညောင်ဦးခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုံးက Travelling Journal သို့ ပြောကြားသည် ။

’’နိုင်ငံတော်ရဲ့ ညွန်ကြားချက်တွေမှာ ဝတ်ပြုဆုတောင်းပွဲတွေ၊ဘာသာရေးပွဲတွေမလုပ်ရဖို့ ညွန်ကြားချက်ရှိတာကြောင့် ဘုရားတွေကို ဖူးခွင့်မပြုတာလေ။ အဲဒီညွန်ကြားချက်အတိုင်း လိုက်နာကြရတာပါ။ ဒါပေမယ့် ဂေါပက တွေကလည်း သူတို့အစီအစဉ်တွေနဲ့ သူတို့ဘာသာဖွင့်နေကြတာကိုး။ နိုင်ငံတော်က ညွန်ကြားထားတဲ့အတိုင်း အရင်ကလည်း ပိတ်ထားတယ်၊အခုလည်း ပိတ်ထားတယ်။ နိုင်ငံတော်ရဲ့ အမိန့်တွေကို မသိကျိုးကျွန် မပြုအောင် ထပ်ပြီး ကျွန်တော်တို့ မနေ့က သတိပေးလိုက်တယ်။ သတိမမူဂူမမြင်ဖြစ်မှာစိုးလို့ ထပ်ပြီး သတိပေးထားတဲ့ စာလေးထုတ်ပြီး ဂေါပက တွေကို လှမ်းပြီး သတိပေးလိုက်တဲ့ အတွက် သူတို့ ခေါင်းထဲကို ဝင်သွားတာကြောင့် သူတို့လည်း သတိမူပြီး ပိတ်လိုက်တာဖြစ်တယ် ’’ဟု ညောင်ဦးခရိုုင် အုပ်ချုုပ်ရေးမှုး ဦးကျော်ကျော်အုံးက
ပုဂံဘုရားများပိတ်ခြင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး Travelling Journal သို့ပြောသည်။

ပုဂံဒေသသည် ခရီးသွားဒေသတစ်ခုဖြစ်သည့်အတွက်ပုဂံဒေသအခြေစိုက် ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ ခရီးသည်ယာဉ်လိုင်းများဖွင့်လှစ်သည့်အတွက် မြန်မာပြည်အနှံ့ခရီးသွားလာသူများသွားလာခဲ့ခြင်းကြောင့် ခရီးသွားများရောက်ရှိလာခြင်းကြောင့် စည်ကားလာခဲ့ကြောင်း၊ ဖွင့်လှစ်သည်မဟုတ်သော်လည်း ပိတ်ထားသည့်ပုဂံဘုရားများကို ဝင်ရောက်ဖူးမြှော်ခြင်းတို့ကြောင့် ဖွင့်လှစ်ထားသည့် ပုံစံဖြစ်နေသည်ဟု ယူဆရသော်လည်းတရားဝင်ဖွင့်လှစ်ထားခြင်းဆိုသည်မှာ မရှိကြောင်း ၎င်းက ရှင်းပြသည်။

ပုဂံဘုရားများဖူးမြှော်ခွင့်ကို ဇူလိုင်လ ၂၉ရက်မှစတင်ပိတ်လိုက်ပြီး လာမည့်ပိတ်ရက် လေးရက်အတွက်ပိတ်သည်ဟု ပြောကြားသော်လည်း ရက် အကန့် အသတ် မရှိပိတ်သည်ဟုလည်းပြောကြားနေ ကြောင်း ပုဂံဒေသခံများထံမှ သိရသည်။

လက်ရှိတွင် ပုဂံဘုရားများကို အများပြည်သူများ ဖူးမြှော်ခွင့်ရရှိနိုင်ရန်အတွက် ကြိုတင်ပြီးစစ်ဆေးမှုများကိုသက်ဆိုင်ရာမှ စစ်ဆေးဆောင်ရွက်ပြီးစီးပြီးဖြစ်ကြောင်း ဖွင့်လှစ်ခွင့်ရပြီဆိုပါက ဖွင့်လှစ်သွားနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

’’ပုဂံဘုရားတွေကို ဖွင့်တာကတော့ ဘယ်တော့မှ official မဟုတ်ဘူး၊ ဖွင့်လှစ်ခွင့်ကို ကျွန်တော်တို့က တရားဝင်ပေးလို့မရတာ။ ဖွင့်ပါတယ်မပြောဘူး၊ မလိုလားအပ်တဲ့ ကျန်းမာရေးထိခိုက်မှုတွေကို ဖြစ်မှာစိုးလို့ ဖွင့်ချိန်တန်ရင် ဖွင့်လို့ရအောင် ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွန်ကြားချက်နဲ့အညီ အဆင်သင့်ဖြစ်အောင် Social Distancing နှင့်အညီ ကြိုတင်စစ်ဆေးထားတဲ့ သဘောပါပဲ၊ဒါတွေကို သဘောပေါက်လွဲမှားပြီး ပြဿနာရှာလာတဲ့ ဘုရားဖူးတွေ များပြားလာတဲ့အတွက် ဂေါပကတွေကလည်း အချိန်မှီ ပြုလုပ်သွားခဲ့တာဖြစ်တယ်’’ဟု ၎င်းက ပြောသည်။