လိုင်စင်မဲ့ ခရီးသွားလုပ်ကိုင်နေသည့် Blogger နှင့် Influencer များကို အရေးယူနိုင်ရန် စောင့်ကြည့်လေ့လာရေးအဖွဲ့များ ဖွဲ့စည်းသွားမည်ဟုဆို

Travelling Journal လိုင်စင်မဲ့ ခရီးသွားလုပ်ကိုင်နေသည့် Blogger နှင့် Influencer များကို အရေးယူ ဆောင်ရွက်သွားနိုင်ရန် စောင့်ကြည့်လေ့လာရေးအဖွဲ့များ ကို ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ဒေသဆိုင်ရာခရီးသ ...

Travelling Journal

လိုင်စင်မဲ့ ခရီးသွားလုပ်ကိုင်နေသည့် Blogger နှင့် Influencer များကို အရေးယူ ဆောင်ရွက်သွားနိုင်ရန် စောင့်ကြည့်လေ့လာရေးအဖွဲ့များ ကို ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ဒေသဆိုင်ရာခရီးသွားကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ​​နော်ပန်းသဉ္ဇာမျိုး က ပြောကြားလိုက်သည်။

လက်ရှိတွင် Follower များသည့် ဘလော့ဂါများနှင့် Influencer များမှ ခရီးစဉ်များကို ရေးဆွဲရောင်းချနေခြင်းများ ရှိနေသည့်အတွက် ခရီးသွားကုမ္ပဏီများမှ ဈေးကွက် ယှဉ်ပြိုင်မှု နှင့် ရင်ဆိုင်နေရခြင်းအပေါ် ဝန်ကြီးက ပြောကြားလိုက်ခြင်းဖြစ်သည်။

ယနေ့ နေ့လည် (၁) နာရီ က မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းမှ ပြုလုပ်သည့် “ခရီးသွားလုပ်ငန်းစည်းမျဉ်းစည်းကမ်းများနှင့် ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများ ၏ ရေရှည်တည်တံ့ခိုင်မြဲမှု ′’ခေါင်းစဉ် ဆွေးနွေးပွဲတွင် UMTAအသင်းမှ ဒုဥက္ကဋ္ဌ ဖြစ်သည့် ဒေါ် အေးသီတာမိုး မေးသည့် မေးခွန်းကို ဝန်ကြီး နော်ပန်းသဉ္ဇာမျိုး က ဖြေကြားလိုက်ခြင်းဖြစ်သည် ။

“တိုင်ကြားမှသာ အရေးယူမှု ကို လုပ်ဆောင်သွားနိုင်မှာဖြစ်တယ်၊ ခရီးသွားချင်းချင်းသိကြတဲ့ အော်ပရေတာအချင်းချင်းတွေက ပိုသိမှာပါ။ တိုင်ကြားမှသာ ထိထိရောက်ရောက် အရေးယူလို့ရမှာဖြစ်ပါတယ်’’ဟု ဝန်ကြီး နော်ပန်းသဉ္ဇာမျိုး က ပြောသည်။

ပြည်ပလိုင်စင်မရှိဘဲ ခရီးစဉ်ပို့သည့် ခရီးသွားကုမ္ပဏီတစ်ခုကိုလည်း လ.ဝ.က ဥပဒေ နှင့် လူကုန်ကူးမှု ဥပဒေများဖြင့် အရေးယူမှုကို ရန်ကုန်တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားကော်မတီမှ အရေးယူခဲ့ပြီးဖြစ်ကြောင်း
သိရသည်။