ရွာငံဒေသရှိ တလုပ်ချ နှင့် ဆည်ကြီးကျ ရေတံခွန်မှာရေပန်းအစားဆုံးနှင့် အလှဆုံးရေတံခွန် ဟုဆို

ရွာငံဒေသရှိ ဆည်ကြီးကျရေတံခွန်ကို ၂၀၂၀ ခုနှစ်က တွေ့မြင်ရစဥ် #Travelling journal ရှမ်းပြည်နယ် တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ရွာငံ ဒေသရှိ တလုပ်ချရေတံခွန်နှင့် ဆည်ကြီးကျရေတံခွန်မှာ ရ ...
ရွာငံဒေသရှိ ဆည်ကြီးကျရေတံခွန်ကို ၂၀၂၀ ခုနှစ်က တွေ့မြင်ရစဥ်

#Travelling journal

ရှမ်းပြည်နယ် တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ရွာငံ ဒေသရှိ တလုပ်ချရေတံခွန်နှင့် ဆည်ကြီးကျရေတံခွန်မှာ ရေပန်းအစားဆုံးနှင့် အလှဆုံးရေတံခွန် ဖြစ်ကြောင်း ရွာငံ အခြေ စိုက် Kaung Kaung Travel& Tourမှ မန်နေဂျင်းဒါရိုက်တာ ဦးကျော်သန်း က Travelling journal သို့ ပြောသည်။

ရွာငံ ဒေသ သည် ပြည်တွင်းခရီးသွားများအကြားတွင် ရေပန်းစားပြီး တောတောင်ရှုခင်း ရောင်စုံစိုက်ခင်းများကြောင့် ခရီးသွား များ၏ စိတ်ဝင်စားမှု အများဆုံးခံရသည့် မြို့လည်း ဖြစ်ကြောင်းသိရသည်။

လက်ရှိရွာငံဒေသတွင် လည်ပတ်စရာနေရာ ၃၀ကျော်ရှိပြီး ရာသီမရွေး လာရောက်လည်ပတ်နိုင်သည့် ဒေသဖြစ်သည်။

“အခု ရွာငံ မြောက်ပိုင်းမှာရှိတဲ့ အမြင့်ပေ ၃၀၀ ကျော်တဲ့ တလုပ်ချရေတံခွန် က ခရီးသွား အလာများကြတယ်။ ဒီရေတံခွန်က ၁၂ရာသီ ရေမပြတ်ဘူး။ လူအသွားအလာများပြီး ပေါ်ပြူလာဖြစ် တယ်။ ရွာငံတောင်ပိုင်းမှာရှိတဲ့
ဆည်ကြီးကျ ရေတံခွန်က တော့ ရေတံခွန်ထဲမှာအလှဆုံးပေါ့။ ဒီရေတံခွန်က တော်တော်လှတယ်။ရေအားများတယ်။ ရွာငံမှာဆိုအလှဆုံးရေတံခွန် ။ရေတံခွန် က မြင့်လည်းမြင့်တယ်။ အဆင့်လည်းများတယ်”ဟု ဦးကျော်သန်းက ပြောသည်။

အဆိုပါ ဆည်ကြီးကျရေတံခွန်သည် ရေလှကျေးရွာအနီးတွင်ရှိပြီး အောက်ခြေမှ အပေါ်ဆုံးထိဆိုပါက အမြင့်ပေ ၂၀၀၀ နီးပါးရှိနိုင်ကြောင်း ကြားတွင် အဆင့်အလိုက် ရေတံခွန် ငယ်များလည်းရှိကြောင်း သိရသည်။ယင်းရေတံခွန်မှာ တောကျယ်ရေတံခွန် နှင့်လည်းနီးကြောင်း သိရသည်။

ထို့ပြင် ပင်းတယနှင့်ရွာငံလမ်းခွဲကြားရှိ အလယ်ချောင်ရွာနားတွင် ရှစ်ထပ်ရေတံခွန်လည်းရှိပြီးမိုးရာသီမှာသာ ရေရှိ​ကြောင်း သိရသည်။ ရွာငံတွင် ရေတံခွန်များမှာ အကြီး အသေးများစွာရှိပြီး ရေတံခွန်ပေါင်း ၁၀ခု ကျော်ရှိကြောင်း ရေတံခွန်မြို့တော်ဟုလည်း တင်စားနိုင် ကြောင်း
ရွာငံ အခြေစိုက် ရင်းနှီးမြှုပ်နှံမှုပြုလုပ်နေသည့် လုပ်ငန်းရှင် ဦးဝေဖြိုးမောင်က Travelling journal သို့ ပြောသည်။

ရွာငံဒေသ သို့ Adventure Tourism နှင့်Trakking လျှောက် မည်ဆိုပါက ဆောင်းရာသီနှင့်နွေရာသီတွင် သာ လာရောက်ပါက အကောင်းဆုံးအချိန်ဖြစ် ကြောင်းသိရသည်။ လက်ရှိတွင် ကားလမ်းပေါက်သည့်ရေတံခွန်များဆီသို့ ခရီးသွား ဧည့်သည်များ မှ ၁၂လရာသီ မရွေးလာရောက်လည်ပတ်နေကြ ကြောင်း သိရသည်။

Photo Richy Ray