လရောင်ချို
မြန်မာခရီးသွားဘဏ်မှ ဝန်ဆောင်မှု အသစ်ဖြစ်သည့် Travel loan နှင့် ပြည်တွင်း ပြည်ပရှိ ခရီးစဉ်များကို မိမိစိတ်ကြိုက် သွားရောက်နိုင်ရန်ဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း Deputy Managing Director ဖြစ်သူ U Andrew Khant (ခ) ဦးအောင်ခန့် က ပြောသည်။
အဆိုပါ Travel loan ဖြင့် သွားရောက်လိုသည့် သူများအနေဖြင့် ခရီးသွား ကုမ္ပဏီနှင့် ချိတ်ဆက်ပြီး မိမိ စိတ်ကြိုက် ခရီးစဉ်များကို သွားရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ မြန်မာ့ခရီးသွားဘဏ်မှ Travel loan ကို ဖော်ဆောင်ပေးခြင်းမှာလည်း မြန်မာနိုင်ငံအတွင်း ခရီးသွားသူများ ပိုမိုများပြားလာစေရန်နှင့် ယခင်က ခရီးသွားရာတွင် ငွေကြေးအခက်အခဲကြောင့် ခရီးမသွားလာနိုင်သည့် သူများအတွက် Travel loan ဖြင့် သွားရောက်နိုင်စေရန် အတွက် ဘဏ်အနေဖြင့် စတင်ဖော်ဆောင်ပေးခြင်းဖြစ်ကြောင်းသိရသည်။
မြန်မာနိုင်ငံအတွင်း ခရီးသွားလာရေးကဏ္ဍအဆင့်မြှင့်တင် နိုင်စေရန်အတွက် မြန်မာ့ခရီးသွားဘဏ်အနေဖြင့် လိုအပ်ချက်များကို အဘက်ဘက်မှ ဖြည့်ဆည်းဆောင်ရွက်ပေး နိုင်ရန် ကြိုးစားဆောင်ရွက်နေကြောင်း သိရှိရပါသည်။
လက်ရှိအချိန်တွင် Travel loan နှင့်ပတ်သက်၍ မြန်မာနိုင်ငံရှိ Tours agents များဖြင့် ချိတ်ဆက်ပြီး ဆောင်ရွက်လျက် ရှိနေပြီး အဆိုပါ ချိတ်ဆက်ထားသည့် Tours agents များအနေဖြင့် ခရီးသွားလာမည့်Customerများ ကို ပိုမိုရရှိနိုင်ကာ မိမိတို့ခရီးသွားလုပ်ငန်းကို လည်း ပိုမိုချဲ့ထွင်နိုင်စေရန်အတွက် အထောက်အကူကောင်းတစ်ခုဖြစ်ကြောင်း ဦးအောင်ခန့်က ဆိုသည်။
ထို့ပြင် ခရီးသွားများအနေဖြင့်လည်း Travel loan လျောက်ထားပြီး ခရီးစဉ်၏ ကုန်ကျငွေကို အရစ်ကျအနေဖြင့် ပြန်လည်ပေးသွင်းနိုင်သည့်အတွက် အခက်အခဲမရှိပဲ လွယ်ကူစွာ ခရီးသွားလာနိုင်တော့မည် ဖြစ်သည်။ အဆိုပါ Travel loan ကို လျောက်ထားလိုသူသည် ပုံမှန်ဝင်ငွေရှိရမည်ဖြစ်သလို ထောက်ခံပေးမည့်သူ လိုအပ်မည်ဖြစ်ကာ ကနဦး အနေဖြင့် Travel loan ကို အနည်းဆုံးခြောက်လဖြင့် အရစ်ကျ ပေးသွင်း ဆောင်ရွက်နိုင်ကြောင်း သိရသည်။
” လောလောဆယ်မှာ ကျွန်တော်တို့ဘဏ်ကတော့ အရစ်ကျ ကို ခြောက်လပဲ ကနဦး ပေးထားတယ် ဒါပေမယ့် ဒေါ်လာထောင်ကျော်တဲ့ ခရီးစဉ်တွေ ဖြစ်နေတယ်ဆိုရင် Customer ရဲ့ ပေးနိုင်တဲ့အပေါ်မှာ မူတည်ပြီး ပေးသွင်းချင်တဲ့ လအရေအတွက်ကို ရွေးချယ်နိုင်တယ်။ အရင်ကဆို ခရီးသွားဖို့အတွက် စိုးရိမ်ပူပန်နေရပါတယ်။ အခုကျတော့ ဒါတွေကို ပူပန်နေစရာမလိုတော့ဘူး။ ကိုယ်စိတ်ကူးထဲက စိတ်ကြိုက်ခရီးစဉ်တွေကို ခုချက်ချင်းထသွားလို့ရနိုင်တဲ့အနေအထားတွေ ဖြစ်လာအောင် ကျွန်တော်တို့ဘဏ်ကနေ ဝန်ဆောင်မှုပေးတာဖြစ်ပါတယ် ” ဟု ဦးအောင်ခန့် က ဆိုသည်။
ထို့အပြင် လက်ရှိတွင် မြန်မာ့ခရီးသွားဘဏ်နှင့်မြန်မာခရီးသွားလုပ်ငန်းရှင်အသင်းတို့ပူးပေါင်းပြီး Tours and Hospitality လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်အတွက် Tourism Term Loan, Tourism Overdraft, Tourism Project Loan အစရှိသည့် ဝန်ဆောင်မှုများကိုပါ ဆောင်ရွက်နိုင်ရန်အတွက် မကြာခင်တွင် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း
သိရသည်။