ဌက်ပျောရွက်ပတ်ပြီး ဂူတွင်းနေထိုင်သည့် လူပုမျိုးနွယ် မိသားစုတစ်စု လွယ်ပီကော်လာတောင် ဝန်းကျင်တွင် နေထိုင်ကြောင်း သက်သေများ တွေ့ရှိ

လွယ်ပီကော်လာတောင်ကို အဝေးမှ မြင်တွေ့ရစဥ် Travelling journal ဒုတိယကမ္ဘာစစ် ကာလအတွင်းက ကျန်ရှိနေခဲ့သည့်မျိူးနွယ်စု အဖြစ် ယူဆထားခြင်း ခံရသည့် လူပုမျိုးနွယ် မိသားစု တစ်စု မှာ ကျိုင်းတုံ မြို့ ​လွယ် ...
လွယ်ပီကော်လာတောင်ကို အဝေးမှ မြင်တွေ့ရစဥ်

Travelling journal

ဒုတိယကမ္ဘာစစ် ကာလအတွင်းက ကျန်ရှိနေခဲ့သည့်မျိူးနွယ်စု အဖြစ် ယူဆထားခြင်း ခံရသည့် လူပုမျိုးနွယ် မိသားစု တစ်စု မှာ ကျိုင်းတုံ မြို့ ​လွယ်ပီကော်လာတောင် ပတ်ဝန်း ကျင်တွင် နေထိုင်ကြောင်း သိရှိလာခဲ့ရသည်ဟု ရွှေတြိဂံဟိုတယ်ဇုန်မှ အဖွဲ့ဝင် ဦးမျိုးမြင့်လွင် က Travelling Journal သို့ ပြောသည်။

နိုဝင်ဘာ ၁၃ ရက်နေ့က နားပေါ်ရွာ ဘက်သို့ ဒေသဖွံ့ဖြိုးရေးအတွက် လွှတ်တော်အမတ် ဒေါက်တာ ဝဏ္ဍစိုး နှင့် လိုက်ပါ သွားရောက်ခဲ့ရာမှ ဒေသခံများ၏ ပြောဆို ပြောပြချက်များကို ကြားသိ လာခဲ့ရခြင်းဖြစ်ကြောင်း ဦးမျိုးမြင့်လွင် က ရှင်းပြသည်။

’’ အခုက အနီးစပ်ဆုံးနေရာကိုပဲ ရောက်ခဲ့တာပါ။ ဒေသခံတွေရဲ့ ပြောကြားချက်အရ အဝတ်အစားမဝတ်ပဲ ဌက်ပျောရွက် သာပတ်ပြီး နေထိုင်ကြတယ်လို့သိရတယ်။ သူတို့က ဆား လာသုံးဆောင်ကြတယ်။ ပြေးလွှား သွားတာက အရမ်းမြန်တယ်။ မိန်းမနဲ့ကလေးတွေကို ဂူထဲမှာ ဖွက်ထားကြတယ်။ မီးမသုံးဘူး၊ မီးသုံး လိုက်ရင် လူကောင်းတွေက ခြေရာခံတာ လွယ်သွားမှာစိုးလို့ ၊ ပြီးခဲ့တဲ့ သုံးရက်လောက်က တောနင်းပြီး လမ်းတွေကြည့်တဲ့အခါ လမ်းတွေစစ်ရင်း ဒီဘက်ဒေသ ရွာတွေက သတင်းပို့ ပေးတာဖြစ်ပါတယ်’’ဟု ဦးမျိုးမြင့်လွင် က ပြောသည်။

ရှေ့မီနောက်မီ လူကြီးများပြောကြားချက်အရ ရှမ်းစကားနှင့် နီးသည့်အတွက် စကားပြောဆို ကြောင်း၊ ဒုတိယ ကမ္ဘာစစ်အတွင်းက အိမ်မပြန်တတ်တော့ပဲ စစ်ရှောင်ပြီး ရောက်လာခဲ့ကြသည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

“လောလောဆယ်ပြီးခဲ့တဲ့ ရက်ကတော့ အဲဒီရွာကလူတွေနဲ့ ဆက်သွယ်ကြည့်တာတော့ မိသားစုက တစ်စုပဲ ကျန်တော့တယ်။ သေကုန်ကြပြီ။ ဘာမျိုးနွယ်မှန်းတော့ မသိရသေးဘူး၊သူတို့နဲ့ထိစပ်ခဲ့တဲ့ ရွာသူရွာသားတွေက ၁၉ရက်နေ့ကျရင် လူကြီး ပိုင်းတွေ ကျိုင်းတုံကို လာမှာလို့ ပြောတယ်”ဟု ဦးမျိုးမြင့်လွင် က ပြောပြသည်။

အဆိုပါ လူပုမျိုးနွယ်စုနှင့်လားဟူရှီးဒေသခံများနှင့် တွေ့ကြလေ့ရှိပြီး လားဟူရှီးစကားဖြင့်သာပြောဆိုကြလေ့ရှိသည်ဟု သိရသည်။ ယင်း လားဟူးရှီးရွာများဆီသို့သွားရောက်မည်ဆိုပါကလမ်းခရီးတွင် သုံးလေးရက် အချိန်ပေးပြီးမှ ရောက်ရှိကြောင်း သိရသည်။

” ရှမ်းစကားနဲ့လည်းမရဘူး။ လားဟူစကားနဲ့မှ မေးရတာ။ သူတို့ပြောတာကတော့ အရပ် လေးပေ လောက်တော့ရှိတယ်ပြောတယ်။ မီးလည်းမသုံးဘူး။ အသားစိမ်းတွေ စားတာဆိုတော့ ကိုယ့်ကို အန္တရာယ်ပြုနိုင်မလား။ ဒါလည်းစိုးရိမ်ရသေးတယ်”ဟု ၄င်းက ဆိုသည်။

လားဟူးရှီးလူမျိုးများသည် ပေ ၄၀၀၀ အထက် တောင်တန်းများတွင် နေထိုင်ကြပြီး ပေ၄၀၀၀ အောက်တွင် အာခါလူမျိုးများနေထိုင်ကြောင်းသိရသည်။

“နှစ်သစ်ကူးဆို သူတို့လာတက်တယ်ပြောတယ်။ ကျိုင်းတုံ မိုင်းဆက် လမ်းဘေးကနေသွားရတာပါ။ ကျွန်တော်တို့မမြင်ဖူးသေးဘူး၊ ဒေသခံတွေပြောတာကိုကြားခဲ့ရတာပါ’’ဟု ကျိုင်းတုံခရိုင် အုပ်ချုပ်ရေးမှုး ဦးဝင်းမင်းသိန်း က Travelling သို့ပြောသည်။

အဆိုပါ လူပုမျိုးနွယ်စုမှာ ပုံခေတ်ပုံပြည့် နှင့် လွယ်ပီကော်လာတောင် အနီးပတ်ဝန်းကျင် ပေပေါင်း ၇၀၀၀ ကျော်တောင်တန်းများတွင်နေထိုင်ကြကြောင်းသိရသည်။

ယင်းမျိုးနွယ်စုမှာ လက်ရှိတွင် ဂူထဲတွင် နေထိုင်ကြပြီး ဒေသခံရွာသားများမှ ယင်းတို့နေသည့် ဂူကို မုဆိုးနှင့် မှတ်ထားသားကြောင်း သိရသည်။

“ဒီလကုန်ပိုင်းထပ်သွားဖို့လုပ်ထားတယ်။ ကားကိုရသလောက်မောင်းပြီး ဟိုဘက်ကို ခြေလျှင်တက်ရမှာဖြစ်တယ်။ သူတို့ကို ဒီတိုင်းတွေ့ရဖို့ဆိုတာက အရမ်းခက်ခဲတယ်။ ဒေသခံ မုဆိုးတွေကို မေးကြည့်တော့ သူတို့ နေထိုင်မကောင်းဖြစ်ရင် ကုတဲ့ ဆရာမ တစ်ယောက်ရှိတယ် ပြောတယ်။ အဲဒီဆရာမ ထွက်ပြလိုက်ရင်တော့ ထွက်ပြတယ်လို့ ဆိုကြတယ်။ အဲဒီ ဆရာမက နားပေါ်ရွာနားမှာ နေတယ်လို့ ​ပြောတယ် “ဟု ဦးမျိုးမြင့်လွင်က Travelling journal ကို ပြောသည်။

Photo Ye Myint Aung