#Travelling journal
ရန်ကုန်တိုင်းဒေသကြီး အတွင်း ဖွင့်လှစ်ထားသည့် စားသောက်ဆိုင်ပေါင်း ၈၅၀၀ ကျော် ၏အခက်အခဲများကို ကူညီပံ့ပိုးပေးနိုင်ရန်အတွက် မြန်မာနိုင်ငံ စားသောက် ဆိုင် လုပ်ငန်းရှင်များအသင်းမှ မြန်မာ့ခရီးသွား ဘဏ် (MTB)နှင့် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
ဇန်နဝါရီ ၂၁ရက် နေ့လည် ၁နာရီက Excel Treasure Hotel ၌ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ကျင်းပခဲ့သည်။
ကိုဗစ်ကာလအတွင်း စားသောက် ဆိုင်များမဖွင့်လှစ်ရသဖြင့် ဆိုင်ပေါင်း၂၀ ရာခိုင်နှုန်း မှ ၆၀ ရာခိုင်နှုန်းမှာ နောက်ထပ်သုံးလအတွင်း ပိတ်သိမ်းရမည့် အခြေအနေများရှိနေပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနေလင်းက ယင်းအခမ်းအနားတွင် ပြောကြားခဲ့သည်။
“စားသောက်ဆိုင် တွေရဲ့အဓိက ရင်ဆိုင်နေရတဲ့အခက် အခဲမှာ မြေ ငှားခနဲ့ အဆောက်အဦး ငှားရမ်းခတွေပါ။ အမြဲတမ်း မြေ ငှားခတွေကို အနည်းဆုံး တစ်နှစ်စာ သိန်းတစ်ထောင် လောက်က ပေးရတာဖြစ်ပါတယ်။အခုလည်း မြေရှင်တွေနဲ့တော့ လအလိုက် ပေးရတာမျိုး ညှိနေကြပါတယ်။ ဒီလိုအခြေအနေမျိုးမှာ တစ်နှစ်စာ မဟုတ်ဘဲ သုံးလပဲ ဖြစ်ဖြစ် ၆လပဲ ဖြစ်ဖြစ် မြန်မာ့ ခရီးသွား ဘဏ်ကနေ အပေါင်ပစ္စည်း နဲ့ တစ်နှစ်စာ စိုက်ထုတ်ပေးမယ်။ တစ်လချင်းဖြစ်စေ သုံးလချင်းဖြစ်စေ အတိုးနဲ့ လအလိုက် ပြန်ပေးရမယ်ဆိုရင် ဆိုင်တွေအနေနဲ့လည်း အဆင်ပြေမယ်။အခုလို ကျွန်တော် တို့မြန်မာ့ခရီးသွား ဘဏ်နဲ့ လက်တွဲလုပ်ကိုင်ရတာကို ဝမ်းသာပါတယ်” ဟု ဦးနေလင်း က ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး အတွင်းစားသောက်ဆိုင်ပေါင်း ၈၅၀၀ ကျော်ရှိပြီး မှတ်ပုံတင်ထားသည့်ဆိုင်ပေါင်း ၂သောင်းကျော်ရှိသည်။ယင်းဆိုင်များထဲတွင် ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်နေ သည့် စားသောက်ဆိုင် များလည်းရှိကြောင်း သိရသည်။ ကိုဗစ်ရောဂါ ကြောင့် စားသောက်ဆိုင် များကိုဧပြီလမှစပြီး ပါဆယ်စနစ်ဖြင့်သာ ရောင်းချခွင့်ပြုထားဆဲသာရှိကြောင်းသိရသည်။
မြန်မာ့ခရီးသွား ဘဏ်မှ Covid -19 ကပ်ရောဂါ ကာလအတွင်း ထိခိုက်မှု အများဆုံးရှိခဲ့သည့် ခရီးသွားလုပ်ငန်း နယ် ပယ်မှ အသင်းဝင်များ၏ ရှေ့ဆက်လက် ရပ်တည်နိုင်ရေး အတွက် ဘဏ္ဍာရေးပိုင်းဆိုင်ရာများကိုတက်နိုင်သ လောက် ကူညီပံ့ပိုးပေး သွားရန်အတွက် လုပ်ဆောင်ပေးနေခြင်း ဖြစ်ကြောင်း သိရသည်။