ကလောမြို့ ပတ္တူပေါက်ကျေးရွာရှိ တိမ်ပင် လယ် အနီး Camping လုပ်ကိုင်ရန် Developer များ ဖိတ်ခေါ်သွားမည်

#Travelling journal ရှမ်းပြည်နယ် တောင်ပိုင်း ၊ကလော မြို့၊ပတ္တူပေါက်ကျေးရွာရှိ တိမ်ပင်လယ် ကြည့် ရှုနိုင်မည့် ပတ်ဝန်းကျင်တွင် Camping စနစ်မျိုး လုပ်ကိုင်နိုင်ရန် Developer များကို ဖိတ်ခေါ်သွား မ ...

#Travelling journal

ရှမ်းပြည်နယ် တောင်ပိုင်း ၊ကလော မြို့၊ပတ္တူပေါက်ကျေးရွာရှိ တိမ်ပင်လယ် ကြည့် ရှုနိုင်မည့် ပတ်ဝန်းကျင်တွင် Camping စနစ်မျိုး လုပ်ကိုင်နိုင်ရန် Developer များကို ဖိတ်ခေါ်သွား မည်ဟု ရှမ်းပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွန်ကြားမှု ဦးစီးဌာန မှ ညွန်ကြားရေးမှုးဦးထင်အောင်နိုင်က Travelling journal သို့ ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ပိတ်ရက်ကာလများအတွင်းပတ္တူပေါက် တိမ်ပင်လယ်သို့ ဒေသတွင်းခရီးသွား လာရောက်လည်ပတ်မှု များခဲ့ပြီး နေ့စဥ် ကားအစီးရေ ၅၀ မှ ၆၀ ထိ လာရောက်ခဲ့ကာ လူဦးရေ ၂၀၀ ဝန်းကျင်ခန့် လည်ပတ် ခဲ့ကြောင်း သိရသည်။

“ရန်ကုန် မန္တလေး နေပြည်တော် ဘက်က ဧည့်သည် တွေတော့ လာရောက်တာ မရှိသေးပါဘူး။ ရှမ်းပြည်အတွင်းက တောင်ကြီး၊ ဟဲဟိုး ၊ပင်းတယ ၊အောင်ပန်း ပတ်ဝန်းကျင်က သူတွေသာ လာရောက် လည်ပတ်နေကြတာပါ။ နောင် ဒီနေရာလေးကို ရင်းနှီးမြှုပ်နှံမဲ့ Developer တွေကို ဖိတ်ခေါ်သွားပြီး Camping စနစ်မျိုးနဲ့လုပ်ကိုင် ဆောင်ရွက် သွားဖို့ စီစဥ် ထားပါတယ်။အခုတော့ မြေပြင်ကွင်းဆင်းကြည့်နေတာတွေရှိပါတယ်”ဟု ညွန်ကြားရေးမှုး ဦးထင်အောင်နိုင်က Travelling journal သို့ပြောသည်။

အဆိုပါကျေးရွာမှာ ကလောမြို့နယ် ငုတ်ကျေးရွာအုပ်စုအတွင်း တည်ရှိပြီး ပအို့ဝ်းတိုင်းရင်းသားများနေထိုင်ကြသည့်ကျေးရွာဖြစ်ကာ အိမ်ခြေ ၂၅၀ နီးပါး ရှိကြောင်းသိရသည်။

“ကျွန်တော်တို့အခု တိမ်ပင်လယ်နေရာနားမှာ ရွာကဘုန်းကြီးက အဲ့တောင်ပေါ်မှာ ဘုရားတည်မယ်ဆိုပြီး လုပ်လိုက်တော့ Camp ချလို့ က အဆင်မပြေနိုင်တော့လို့ ကျွန်တော် နေရာသစ် ပြန်လုပ်နေရတယ်။ အဲ့ တောင် ကြော နားက ပိုပြီး ရှုခင်းကောင်းတဲ့ နေရာကို ရွေးထားတယ်။ ရွာနဲ့တော့ ပိုနီးသွားတာပေါ့”ဟု ကလောအခြေစိုက် Pho Nyan Travel& Tour မှ ဦးဝေလျှံဖြိုးက Travelling journal သို့ ပြောသည်။

အဆိုပါကျေးရွာသို့ အောင်ပန်းမြို့မှလာရောက်မည်ဆိုပါက အင်းတိန် သွားသည့် ကားလမ်းအတိုင်း လာရောက်ရမည်ဖြစ်ပြီး မြေခြားဆိုသည့် ရွာရောက်ပါက ညာဖက်သို့ချိုးဝင်ပြီး ကတ္တရာလမ်းဆုံးထိ သွားရောက်ရမည်ဖြစ်ကြောင်းသိရသည်။ထို့နောက် မြေခြားရွာမှ ပတ္တူပေါက် ရွာသို့ ၅ မိနစ်ခန့်ကြာထပ်မံသွားရောက်ပါက ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။

Photo Minko ko /Wai Hlyan Phyo