
#Travelling Journal
ပြီးခဲ့သည့် မတ်လက လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် မန္တလေးတိုင်းဒေသကြီး အခြေစိုက်ဟိုတယ် (၁၆) လုံး ပြိုကျပျက်စီးခဲ့ပြီး မပြိုကျပဲဒဏ်ဖြစ်ခဲ့သည့် ဟိုတယ်စာရင်းများကို စိစစ်နေကြောင်း မန္တလေးဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ က Travelling သို့ပြောသည်။
” ပြိုကျတာကတော့ (၁၆) လုံးရှိတယ်။ မပြိုပေမဲ့ အနာရှိသွားတဲ့ ဟိုတယ်အဆောက်အအုံစာရင်းတွေကိုလည်း စိစစ်နေပါတယ်။ မပြီးသေးပါဘူး။(ဟိုတယ်/ခရီး) ကလည်း စစ်ဆေးနေသလို သက်ဆိုင်ရာဟိုတယ်တွေကလည်း သူတို့ဘာသာပြုပြင်နေတာတွေလည်းရှိပါတယ် “ဟု မန္တလေး ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ က Travelling သို့ ပြောသည်။

မတ် ၂၈ ရက် က စစ်ကိုင်းမြို့အနီးကို ဗဟိုပြုပြီး အင်အား ၇ ဒသမ ၇ ရစ်ချ်တာစကေးရှိ အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့သောကြောင့် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့်နေပြည်တော်တို့တွင် ထိခိုက်မှုများဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
“ကားကြီးကွင်းနားမှာ ဟိုတယ်အဆောက်အအုံ
လေးလုံး တန်းစီပြီး ဆောက်ထားတာပါ။ (၁) ကတော့ ပထမထပ်ပြိုကျတော့ ငါးထပ်လုံးကို ဖြိုချရမှာပါ။
နောက်တစ်လုံး(၂) ကတော့ (၁၂)ထပ်ဆောက်ဖို့ရည်ရွယ် ထားပေမဲ့ အခုက (၈) ထပ်ဟိုတယ်ပဲဆောက်ထားတာ။ သူက အောက်ခြေခိုင်ခန့်တော့ ဘာမှကြီးကြီးမားမားမထိခိုက်ဘူး။ ဓာတ်လှေခါးရော /မှန်တွေရော မထိခိုက်ဘူး။ အောင်မြင့်မိုရ်တည်းခိုခန်းနဲ့ လူနေအိမ်ကတော့ ပြန်ပြီးစစ်ဆေးရမှာဖြစ်ပါတယ် “ဟု အောင်မြင့်မိုရ်ဟိုတယ်ပိုင်ရှင် က Travelling သို့ ပြောသည်။
ထို့ပြင် အဆိုပါ ဟိုတယ်အဆောက်အအုံများကို ဂျပန်နိုင်ငံ၏ အာမခံလုပ်ငန်းဖြစ်သည့် GGI အာမခံလုပ်ငန်းတွင် အလုံးစုံံအာမခံထားရှိပြီးဂျပန်ကုမ္ပဏီ( GGI) အာမခံဌာနမှ ဂျပန်ကုမ္ပဏီနှင့် ထိုင်းအခြေစိုက် GGI ကုမ္ပဏီ တို့က လာရောက်စစ်ဆေးခဲ့ကြောင်း ၎င်းက Travelling သို့ ပြောသည်။
” မထိတဲ့ ဟိုတယ်တော့မရှိပါဘူး။ နည်းနည်းနှင့် များများသာ ကွဲပြားပါတယ်။ ကျွန်တော်တို့ကတော့
၂၈ ရက်ကတည်းက ဆက်ဖွင့်ထားတာပါ။ဟိုတယ်ရဲ့ Structure Beam အကုန်ကောင်းတော့ရေချိုးခန်းနံရံ အုတ်ရိုးလောက်တော့ ထိပါတယ်”အထပ်မြင့် ဟိုတယ် ပိုင်ရှင် တစ်ဦးကလည်း Travelling သို့ပြောသည်။