
#TravellingJournal
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင်
လွယ်တိုင်းရင်းသားများ နေထိုင်ကြသည့် ဟိုယန်းကျေးရွာအား တတိယမြောက် ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်း(CBT) ကျေးရွာအဖြစ် ဖော်ဆောင်နေကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန(ကျိုင်းတုံ)မှ တာဝန်ရှိသူ တစ်ဦးက Travelling သို့ ပြောသည်။
ကျိုင်းတုံမြို့ပေါ်မှ မိုင် (၄၀) ခန့်ကွာဝေးပြီး တိုင်းလွယ် တိုင်းရင်းသားများနေထိုင်ကြသည့် ဟိုယန်းကျေးရွာကို (CBT) ကျေးရွာအဖြစ် ဖော်ဆောင်နေကြောင်း သိရသည်။
” မတ်လ လောက်တော့ ပြီးတော့မှာပါ။ ညအိပ်တည်းခိုနေထိုင်နိုင်ဖို့ ရိုးရာအိမ်ငါးလုံးကို ဆောက်နေပါတယ်။ ဟိုယန်း CBT နဲ့ဆို ကျွန်တော်တို့ ကျိုင်းတုံမြို့မှာ သုံးခုမြောက် ရပ်ရွာအခြေပြုကျေးရွာဖြစ်လာပါပြီ ” ဟု ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ကျိုင်းတုံ)မှ တာဝန်ရှိသူတစ်ဦးက Travelling သို့ ပြောသည်။

ကျိုင်းတုံမြို့၏ ပထမဆုံး CBT ကျေးရွာကို အိမ်ခြေ ၂၀၀ ဝန်းကျင်ရှိသည့် အာခါတိုင်းရင်းသား များနေထိုင်ကြသည့် ဟိုကျင်းအာခါရွာ ၁၊ ၂ ၊ ၃ ၊ ၄ ရွာကို ပေါင်းထားပြီး ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်း CBT ကျေးရွာကို ဖော်ဆောင်ထားကာ ဒုတိယမြောက် CBT ကျေးရွာအား ဝ တိုင်းရင်းသား များနေထိုင်သည့် ပင်းဆိုင်းကျေးရွာကို ဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကျိုင်းတုံမြို့ပေါ်၌ ရှေးဟောင်းယဉ်ကျေးမှုလက်ရာများကို တစုတဝေးမြင်တွေ့ရပြီး ရှေးဟောင်းအဆောက်အအုံများစွာ တည်ရှိသည့်အပြင် ရှမ်း၊အာခါ၊လားဟူ၊လွယ် စသည့်တိုင်းရင်းသားများနေထိုင်ကြသည့် ခရီးသွားမြို့တော်တစ်ခုဖြစ်ကြောင်း သိရသည်။
Photo Daw Win Ei Phyo
ပုံ-စာ လွယ်တိုင်းရင်းသားတို့၏ ဟိုယန်း CBT ကျေးရွာ အိမ်ဆောက်လုပ်နေသည့်မြင်ကွင်းကိုတွေ့ရစဥ်။
