လွိုင်မွေချယ်ရီပန်းပွဲတော်သို့ ရှမ်း/ရှေ့ ဒေသခံ(၇၀၀၀၀) ကျော် လာရောက်လည်ပတ်ခဲ့

#TravellingJournal နှစ်စဥ် ဇန်နဝါရီလတွင် ကျင်းပလေ့ရှိသည့်ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်လွိုင်မွေဒေသရှိ ချယ်ရီပန်းပွဲတော်သို့ ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ ဒေသခံ ခုနှစ်သောင်း(၇၀၀၀၀ ...

#TravellingJournal

နှစ်စဥ် ဇန်နဝါရီလတွင် ကျင်းပလေ့ရှိသည့်ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်
လွိုင်မွေဒေသရှိ ချယ်ရီပန်းပွဲတော်သို့ ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ ဒေသခံ ခုနှစ်သောင်း(၇၀၀၀၀)ကျော် လာရောက်လည်ပတ်ခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန(ကျိုင်းတုံ)မှ တာဝန်ရှိသူကTravelling သို့ ပြောသည်။

“ရှမ်းအရှေ့ပိုင်းက ဒေသခံတွေ အများဆုံးလာကြတယ်။ မိုင်းခတ်၊ မိုင်းယန်း ၊မိုင်းလား၊ တာချီလိတ် အဲဒီဘက်တွေက ရိုးရာဝတ်စုံတွေနဲ့ အုပ်စုလိုက်လာရောက် လည်ပတ်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့နှစ်ကဆို လူဦးရေ ကိုးသောင်းကျော် လောက်လာလည်တယ်။ဒီနှစ်ကတော့ လူဦးရေ (၇၅၀၀၀ )လောက်ပဲ လာကြတယ် “ဟု ဟိုတယ်နှင့်ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာန(ကျိုင်းတုံ)မှ တာဝန်ရှိသူကTravelling သို့ ပြောသည်။

အဆိုပါ ချယ်ရီပန်းပွဲတော်ကို ဇန်နဝါရီ (၁)ရက်မှ (၅)ရက်နေ့အထိ ကျင်းပခဲ့ပြီး ယခုကျင်းပသည့်
ပန်းပွဲတော်မှာ လေးကြိမ်မြောက် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

” ထိုင်းလူမျိုးတွေက ပန်းပွဲတော်ကို လာလည်ချင်ကြတယ်။ အခုက ဗီဇာနဲ့ရော တံတားကလည်းဖြတ်လို့မရဘူး။ တတိယနိုင်ငံသားတွေလည်းလာလို့မရဘူး။ အဲဒါကြောင့်အခုတော့​ ဖြေလျော့ပေးဖို့တော့တင်ပြထားပါတယ် “ဟု ဟိုတယ်/ခရီး(ကျိူင်းတုံ)မှ တာဝန်ရှိသူကTravelling သို့ ပြောသည်။

ထို့ပြင် ယင်းပွဲတော်တွင် အသေးစား၊ အငယ်စား၊ အလတ်စား MSME ထုတ်ကုန် ဆိုင်ခန်းပေါင်း (၁၀) ခန်း လည်း ပါဝင်ရောင်းချခဲ့ပြီး ထူးခြားချက်အနေဖြင့် ယခု နှစ်တွင်ချယ်ရီပန်းပင်ကိုင်းများအား ဒေသခံများမှ ချိုးယူခြင်းများကို မပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ်တွင် ကျိုင်းတုံမြို့နယ် သစ်တောဦးစီးဌာန နှင့် ဟိုတယ်/ခရီးဌာနတို့ပူးပေါင်းပြီး ချယ်ရီပင် (၂၇၀၀) ကို အသစ် စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။

လွိုင်မွေမြို့၏ LandMark တစ်ခုဖြစ်သည့်ချယ်ရီပန်း သည် လွိုင်မွေ၏ အမွေအနှစ် တစ်ခုဖြစ်ပြီး သဘာဝအတိုင်းခေတ်အဆက်ဆက်တိုင် ချယ်ရီပင်များစွာကို တစ်စုတစ်စည်းထဲတွေ့မြင်ရသည့် တောင်ပေါ်စခန်းမြို့လည်းဖြစ်ကြောင်း သိရသည်။

Photo Daw Win Ei Phyo
ပုံ-စာ ဇန်နဝါရီ ၁ ရက်နေ့က ကျင်းပ ခဲ့သည့် လွိုင်မွေချယ်ရီပန်းပွဲတော် သို့ လာရောက် လည်ပတ် နေသူများကို တွေ့ရ
စဥ်။