ခရီးသွားကျေးရွာဆုရရှိသည့် ကော့မရမ်းရွာတွင် Resort စီမံကိန်းကို ပထမဆုံးဖော်ဆောင်

#TravellingJournal အရှေ့တောင်အာရှနိုင်ငံများက ပေးအပ်သည့် Sustainable Tourism Award (2022 )ဆု ရရှိခဲ့သည့် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ကော့မရမ်းရွာတွင် စိုက်ပျိုးရေးကိုအခြေခံသည့် ခရီးသွားလုပ်ငန်း ...

#TravellingJournal

အရှေ့တောင်အာရှနိုင်ငံများက ပေးအပ်သည့် Sustainable Tourism Award (2022 )ဆု ရရှိခဲ့
သည့် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ကော့မရမ်းရွာတွင် စိုက်ပျိုးရေးကိုအခြေခံသည့် ခရီးသွားလုပ်ငန်း Agro Tourism ဖော်ဆောင်နိုင်ရန်အတွက် Resort စီမံကိန်းကို ပထမဆုံး ဖော်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ(၂၄) ရက်က ကျင်းပ ပြုလုပ်ခဲ့သည့် ကရင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ(၁၀/၂၀၂၄)ကြိမ်မြောက် အစည်းအဝေး၌ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် သီရိပျံချီဦးစောမြင့်ဦးက ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဟိုတယ်စီမံကိန်းဆောင်ရွက်နိုင်ရန် လယ်ယာမြေအား အခြားနည်းအသုံးပြုခွင့်ကို လုပ်ထုံးလုပ်နည်းနှင့်အညီ လျှောက်ထားရာတွင် ခွင့်ပြုချက်ရရှိပြီးဖြစ်ကြောင်း သိရသည်။

ထို့ပြင် လာမည့် ဒီဇင်ဘာလ(၂၉) ရက်တွင် Resort စီမံကိန်းအား လုပ်ငန်းရှင်မှ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ပနှက်ရိုက်ခြင်းကို ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

” ကော့မရမ်းရွာမှာ ဟိုတယ်စီမံကိန်းကို ဖြစ်စေချင်တာပါ။ အခုလို ခွင့်ပြုတာလည်းကြားသိရတော့ဝမ်းသာမိပါတယ်။ ကျွန်တော်တို့ ဘားအံမှာက ဟိုတယ်တွေက အများအား​ဖြင့် ရှုခင်းကို အသားပေးပြီး ဆောက်ကြပါတယ်။ ကော့မရမ်းရွာမှာ အခုလို ဟိုတယ်တည်ဆောက်တာက ဒေသခံအတွက်လည်း အများကြီး အကျိုးရှိသလို အခုဟိုတယ်ကလည်း အများနဲ့မတူပဲ တမူထူးခြားစေတဲ့ Luxury Hotel ပုံစံမျိုးနဲ့ ထွက်ပေါ်လာမှာကြားလို့ Tourism လောကသမားအနေနဲ့ဝမ်းသာမိပါတယ် ” ဟု ဒေသခံဧည့်လမ်းညွှန် ဦးသူရဦး က Travelling သို့ ပြောသည်။

လက်ရှိ ကရင်ပြည်နယ်သို့ ခရီးသွားဧည့်သည်
လာရောက်မှုများ ပိုမိုများပြားလာသဖြင့် ဟိုတယ်အိပ်ခန်းလိုအပ်ချက်များ ဖြည့်ဆည်း ပေးနိုင်ရေးအတွက် ဟိုတယ်လုပ်ငန်းရှင်များနှင့် ရင်းနှီးမြှပ်နှံသူအသစ်များကို ဖိတ်ခေါ်သွားမည်ဟု ပြည်နယ်ဝန်ကြီးချုပ်က ယင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။

ဘားအံမြို့၏ Photo Point များအဖြစ် ခရီးသွားဧည့်သည်များအကြား ပေါ်ပြူလာ ဖြစ်လာသည့်နေရာများမှာ ကော့မရမ်းရွာ ၊ ထွန့်ပတိုင်၊ လှိုင်ကားကျေးရွာရှိ လှိုင်ကား​ရေတံခွန် နှင့် ကော့နန်းသာရွာ တို့ဖြစ်ကြောင်း ဒေသခံ ဧည့်လမ်းညွှန် ဦးသူရဦးက Travelling သို့ပြောသည်။

#Photo Thura Oo
ကော့မရမ်းကျေးရွာသို့ သွားရောက်လည်ပတ်နေကြသည့်ပြည်တွင်းခရီးသွားတစ်ချို့ကို တွေ့ရစဥ်။