ကလောမြို့ မနောလှတောင်ခြေတွင် Sightseen Photo ပြုလုပ်နိုင်မည့် ပန်းဥယျာဥ် တစ်ခုပေါ်ထွက်လာ

Travelling journal ထင်းရှုးမြို့တော်အဖြစ် နာမည်ကျော်ကြားသည့် ကလောမြို့၏ မြို့ရှုခင်းအလှနှင့်ပနံသင့်မည့် Sightseen Photo ပြုလုပ်နိုင်သည့် ဥယျာဥ် တစ်ခုပေါ်ထွက်လာတော့မည် ဖြစ်ကြောင်း အဖေခြံနှင့်ပန ...

Travelling journal

ထင်းရှုးမြို့တော်အဖြစ် နာမည်ကျော်ကြားသည့် ကလောမြို့၏ မြို့ရှုခင်းအလှနှင့်ပနံသင့်မည့် Sightseen Photo ပြုလုပ်နိုင်သည့် ဥယျာဥ် တစ်ခုပေါ်ထွက်လာတော့မည် ဖြစ်ကြောင်း အဖေခြံနှင့်ပန်းပျိုးဥယျာဥ်ကို တည်ထောင်သူ ဦးအောင်လှိုင်ထူး က Travelling သို့ ပြောသည်။

အဖေခြံနှင့်ပန်းပျိုးဥယျာဥ်ကို သစ်တောမြေဧက ၃၀ ပေါ်တွင် ဖော်ဆောင်ထားပြီး ကော်ဖီ စိုက်ခင်းနှင့် စားသောက်ဆိုင်အပြင် ပြည်တွင်းပြည်ပပန်းမျိုးစိတ်ပေါင်း( ၁၀၀) ကျော်ကို စိုက်ပျိုးထားရှိကြောင်းသိရသည်။

” အများစုက အမေ့အိမ်တို့ အဲလိုမျိုးပေးကြတာရှိတယ်။အဖေခြံလို့ပေးတာသိပ်မရှိလို့ ဒီနာမည်လေးပေးဖြစ်ခဲ့ပါတယ် “ဟု အဖေခြံနှင့်ပန်းပျိုးဥယျာဥ်ကို တည်ထောင်သူ ဦးအောင်လှိုင်ထူး က Travelling သို့ ပြောသည်။

အဆိုပါ အဖေခြံနှင့်ပန်းပျိုးဥယျာဥ်ကို သုမောင်ထမင်းဆိုင်ဘေးနားရှိ သိမ်တောင်ဘုန်းကြီးကျောင်းမှတဆင့် လာရောက်နိုင်သလို အိုးစည်တောင် အနောက်ဘက်ကားလမ်းကြောင်းမှတဆင့် လာရောက်နိုင်ကြောင်း သိရသည်။

အဆိုပါဥယျာဥ်ကို မနောလှဘုရားနှင့် မနီးမဝေးတွင်ကပ်လျက် ဖော်ဆောင်ထားကြောင်း သိရသည်။

“ပျိုးဥယျာဥ်ကတော့ နှစ်ဧကပဲ လက်ရှိစိုက်ထားပါတယ်။ ခြောက်လခံပန်းနဲ့ရွှေဒဂ်ါး ယပန်းကတော့များပါတယ်။ ကျွန်တော်တို့ပျိုးဥယျာဥ်ကိုလာရောက်ပြီးပန်းပျိုးပင်တွေကို လာရောက်ဝယ်နိုင်ပါတယ်”ဟု ဦးအောင်လှိုင်ထူး က Travelling သို့ ပြောသည်။

အဆိုပါ အဖေခြံနှင့်ပန်းပျိုးဥယျာဥ်ကို လာမည့် အောက်တိုဘာ၂၅ ရက်အမှီ ဖွင့်လှစ်မည် ဖြစ်ပြီး ဝင်ကြေးအနေဖြင့် လူတစ်ဦးကို ကျပ်တစ်ထောင် ကောက်ခံမည်ဖြစ်ကာ ပန်းခင်းဖြင့် ဓာတ်ပုံအလှရိုက်ကူးနိုင်ခြင်းနှင့် အေးအေး လူလူအနားယူပြီးစားသောက်နေနိင်ရန်စားသောက်ဆိုင်ကိုပါ တွဲဖက် ဖွင့်လှစ်ထားကြောင်းသိရသည်။

“ကလောမှာဆိုရင် မနောလှတောင်ကနာမည်ကြီးပြီးသား။ မသိတဲ့သူ မရှိသလောက်ပါပဲ။ဒီနေရာလေးက သွားလာရတာအချက်အချာလည်းကျတယ်။ အိုးစည်တောင် အနောက်ဘက်လမ်းကနေလာရင် အဖေခြံကိုရောက်တယ်။ အိုးစည်တောင်ပေါ်ကနေလည်းကြည့်လို့မြင်ရတယ်။ အားသာချက်က ကလောမြို့မှာ စတော်ဘယ်ရီခြံ မရှိဘူး။ ဒီထဲမှာ စတော်ဘယ်ရီစိုက်ခင်းအများကြီး။ ပြီးတော့အသီးအနှံအကုန်လုံးက အော်ဂဲနစ်တွေ။ ဆောင်းတွင်းနဲ့နွေရာသီဆို အဖေ့ခြံက ပိုပြီးလှတယ်။ ကားကြီးကားသေးကောလာလို့ရတာမို့ အားသာချက်တွေများတယ် “လို့ ကလောဒေသခံ ဦးတင်စိုးအောင်က Travelling သို့ သူ၏ အမြင်ကိုပြောသည်။

လက်ရှိတွင် ကလောမြို့တွင် Sun rise နှင့် Sunset ကြည့်လို့ရသည့် ဓာတ်ပုံရှုခင်းအသားပေးနေရာများကိုဖော်ဆောင်ထားသည့် နေရာ (၂၀ )နီးပါးရှိလာပြီဖြစ်ကြောင်းသိရသည်။

Photo Tin Soe Aung