#TravellingJournal
ပုပ္ပါးတောင်မကြီးအောက်ခြေတွင် တည်ရှိသည့် တောင်ပေါ်ရွာခရီးစဥ်ကို ထည့်သွင်းမှသာ
ပုဂံခရီးစဥ်များကို အများဆုံး ရောင်းချရသည်ဟု The Unlock Travels & Tour မှ တာဝန်ရှိသူ က Travelling သို့ ပြောသည်။
အဆိုပါ တောင်ပေါ် (တောင်)ရွာသည် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၊ တောင်ပေါ် (တောင်)ကျေးရွာအုပ်စု၌ ပါဝင်ကာ ပုပ္ပါးတောင်မကြီး၏ မီးတောင်ချိုင့်ဝှမ်းအတွင်း၌ တည်ရှိနေပြီး ဒေသခံများက စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်သည့် ကျေးရွာတစ်ခုဖြစ်ကြောင်း သိရသည်။
” အခုချိန်ကတော့ ပုဂံဆိုရင် တောင်ပေါ်ရွာခရီးစဥ်ပါလား။ မပါရင် မလိုက်ကြဘူး။ ဧည့်သည်( ၇၀ ) ရာခိုင်နှုန်း လောက်က ဒီခရီးစဥ်ပါမှ လိုက်ကြပါတယ် ” လို့ The Unlock Travels & Tour မှ တာဝန်ရှိသူ က Travelling သို့ ပြောသည်။
သောကြာနေ့တိုင်း အပတ်စဥ်ထွက်ရှိပြီး ကား ( ၅ )စီးမှ အများဆုံး ကား( ၇ )စီးအထိ ပုဂံခရီးစဥ်ကို ပို့ဆောင်နေရကြောင်းသိရသည်။
လက်ရှိအချိန်ကာလတွင် တောင်ပေါ်ရွာသို့
ခရီးသွားများ သွားရောက်လည်ပတ်ရန် အသင့်တော်ဆုံးဖြစ်ပြီး နိုဝင်ဘာလ ၊ ဒီဇင်ဘာလနှင့် ဇန်နဝါရီလထိ တောင်နေကြာစိုက်ခင်းအများအပြားရှိကာ ဆောင်းဝင်ကာလတွင် တိမ်မြူခိုးများရှိခြင်းကြောင့်ခရီးသွားများ၏ စိတ်ဝင်စား ခြင်းခံရသည့်ခရီးစဥ်တစ်ခု ဖြစ်ကြောင်း သိရသည်။
“အခုချိန်ကတော့ ပုပ္ပါးဘက်ကို ဘုရားဖူးတွေ
သွားကြပါတယ်ဗျ။ မိုးတွင်းပိုင်းနဲ့ ဆောင်းတွင်းကာလတွေဆို ပုပ္ပါး ကို သွားရောက်လည်ပတ် သင့်တဲ့ကာလပါ။ အဲဒီအချိန် ကအလှပဆုံးအချိန်တွေလို့ ပြောလို့ရပါတယ် “လို့ ပုဂံဒေသခံ Taxi ပြေးဆွဲပေးတဲ့ ကိုထက် (ပုဂံ)က Travelling သို့ ပြောသည်။
ခရီးသွားရာသီကာလ( High Season)တွင် ပြည်တွင်းခရီးသွား အများဆုံးသွားလာကြသည့်ဒေသများမှာ ပုဂံ ၊ ကလော ၊ ဘားအံ ၊ ငွေဆောင်နှင့် ချောင်းသာတို့ကိုသာ သွားရောက် လည်ပတ်နေကြကြောင်း သိရသည်။