
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်ထဲမှ ရေခဲပြင်ရွာကလေးဖြစ်သည့် ရှိန်းခေါင်ကျေးရွာခရီးစဥ်ကို သွားရောက်လည်ပတ်နိုင်ပြီဖြစ်ကြောင်း ပူတာအိုအခြေစိုက်ခရီးသွား ကုမ္ပဏီတစ်ခုဖြစ်သည့် Putao Beauty Travels &Tours မှ တာဝန်ရှိသူက Travelling သို့ ပြောသည်။
အဆိုပါ ရှိန်းခေါင်ရွာသည် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံနယ်စပ်အနီးရှိ ရေခဲတောင်ရွာဟု နာမည်ကျော်ကြားပြီး အလှပဆုံးအချိန်မှာ ဆောင်းရာသီအလယ်မှ နွေဦးပေါက်အထိ ရေခဲနေသည့် ကာလဖြစ်ကြောင်းသိရသည်။
” ရှိန်းခေါင်ရွာခရီးစဉ်ရော သွားမဲ့သူတွေရှိရင်ပို့ပေးမှာပါ။ အဲဘက်ကတော့ လက်ရှိအချိန် Safe ဖြစ်ပါတယ်။ လုံခြုံရေးအခြေအနေ အဆင်မပြေရင်တော့ ကြိုတင်အသိပေးပါတယ် ” ဟု ဒေသခံတစ်ဦးဖြစ်သူ K.Sar Ram က Travelling သို့ ပြောသည်။

ရှိန်းခေါင်ရွာသည် တောင်ပတ်လည်ဝန်းရံထားသည့်ကျေးရွာဖြစ်ကာ လမ်းပန်းဆက်သွယ်ရေးမှာလည်း ခက်ခဲနေပြီး လက်ရှိအနေအထားအထိ ခရီးသွားလာမှုမှာ အနည်းအကျဥ်းလောက်သာရှိ သေးကြောင်း သိရသည်။
ပူတာအိုတွင် ကားခ၊ စားသောက်စရိတ်၊ အထမ်းခအပါအဝင် အထွေထွေကုန်ကျစရိတ်များ စျေးတက်ခြင်းကြောင့် လက်ရှိအခြေအနေအရ ဧည့်သည်တစ်ဦးကို ကျပ်သိန်း (၂၀) ကျော် လောက် ကုန်ကျနိုင်မည်ဖြစ်ကြောင်း သိရသည်။

” ဖုန်ကန်ရာဇီ၊ ဖုန်ရင်ရာဇီ၊ ရှိန်းခေါင်ရွာနဲ့ ခေါင်လန်ဖူးဘက် ရေခဲတောင်ခရီးစဉ်အသစ်တွေ ရှိပါတယ် ” ဟု Putao Beauty Travels &Tours မှ တာဝန်ရှိသူက Travelling သို့ ပြောသည်။
ထို့ပြင် ပူတာအိုမှတစ်ဆင့် ရေခဲတောင်များသို့ တောင်တက်ခရီးသွားများ လာရောက်လည်ပတ်နိုင်ရန် ရေခဲတောင်ခရီးစဉ်များ ဖွင့်လှစ်နေပြီဖြစ်ကြောင်း ပူတာအို အခြေစိုက်
ခရီးသွားကုမ္မဏီများက အသိပေး
ကြော်ငြာနေကြောင်း သိရသည်။

Putao Beauty Travels &Tours အနေဖြင့် ၂၀၁၉ ခုနှစ်မှ စတင်လုပ်ကိုင်လာခဲ့ပြီး
ဒေသတွင်း ဧည့်လမ်းညွှန်သူငယ်ချင်းများ
စုပေါင်းပြီး လုပ်ကိုင်သည့်ခရီးသွားကုမ္ပဏီတစ်ခုဖြစ်ကြောင်း သိရသည်။
ရှိန်းခေါင်ရွာခရီးစဥ်တွင် ဒေသခံအိမ်၌သာ
ညအိပ်ရမည်ဖြစ်ပြီး ရေခဲတောင်တက်ဝါသနာပါပါက တောင်တက်ခရီးစဉ်ကိုလည်း စီစဉ်ပေးကြောင်းသိရသည်။
ရေခဲပြင်ရွာ
Photo-K.Sar Ram
ပုံ-စာ ၂၀၂၃ ခုနှစ်က မြင်တွေ့ရသည့် ရှိန်းခေါင်ရွာ ကို တွေ့ရစဥ် ။


