
#TravellingJournal
ကမ်းခြေဒေသဖြစ်သည့် ချောင်းသာနှင့်ငွေဆောင်ကမ်းခြေတို့တွင် စီးပွားရေးလုပ်ငန်း များ တိုးချဲ့လုပ်ကိုင်ရန် အလားအလာ အကောင်းဆုံးဟု လုပ်ငန်းရှင်များ က Travelling သို့ ပြောကြားသည်။
ရန်ကုန်မြို့နှင့် အနီးစပ်ဆုံးရှိပြီး လမ်းပန်း ဆက်သွယ်ရေးပိုင်းလည်း ကောင်းမွန်ခြင်းကြောင့် ရေရှည်တွင် စီးပွားရေးလုပ်ငန်းများတိုးချဲ့လုပ်ကိုင်ရန်အလားအလာကောင်းများရှိသည့် ဒေသဟု မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (MHA) မှအထွေထွေ အတွင်းရေးမှူးက Travelling သို့ ပြောသည်။
” ကျွန်တော်က ဟိုတယ်လုပ်ငန်း ရှင်ဆိုတော့
ဟိုတယ်စီးပွားရေးလုပ်ငန်းကိုပဲပြောချင်ပါတယ်။ အလားအလာအကောင်းဆုံး စီးပွားရေးလုပ်ငန်းတိုးချဲ့လို့ အကောင်းဆုံးဒေသဆိုရင် ကမ်းခြေ ဒေသတွေနဲ့ မြို့ပြဒေသဖြစ်တဲ့ရန်ကုန် မန္တလေးတို့ကတော့ဟိုတယ်စီးပွားရေးဆက်တိုးချဲ့ဖို့အသင့်တော်ဆုံးလို့ ပြောချင်ပါတယ် ” ဟု ဟိုတယ်လုပ်ငန်းရှင် ဦးနေအောင်ကိုက Travelling သို့ ပြောသည်။
လက်ရှိတွင် ပြည်တွင်းခရီးသွားစျေးကွက်ဝေစုရထားသည့်ချောင်းသာကမ်းခြေနှင့်ဆက်စပ်ပြီးရွှေသောင်ယံကမ်းခြေ၊ဝက်သေကမ်းခြေတို့ တွင်လည်း လုပ်ငန်းရှင်များက မြေကွက်များဝယ်ယူထားရှိပြီး ဖြစ်ကြောင်း ရွှေသောင်ယံ ကမ်းခြေ တွင်ရင်းနှီးမြုပ်နှံမှုပြုလုပ်နေသည့် လုပ်ငန်းရှင်တစ်ဦးက Travelling သို့ ပြောသည်။

“ရေရှည်ဆိုရင်တော့ ချောင်းသာတို့ ငွေဆောင်တို့ကတော့ ကောင်းတာပေါ့။ ချောင်းသာမှာ ဆို တချို့ဟိုတယ်တွေဆို ဟိုတယ်တစ်လုံးကနေ နှစ်လုံးအထိဖြစ်သွားပြီ။ တစ်ချို့က ထပ်တိုးချဲ့ထားတယ်။ တော်တော်များများပါပဲ။ ရွှေသောင်ယံဘက်ဆိုမြေတွေ ဝယ်ထားပြီးတာကုန်သလောက်ဖြစ်နေပြီ “ဟု ချောင်းသာ ဟိုတယ်ဇုန်မှ ရုံးအဖွဲ့မှုုးက Travelling သို့ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာလ (၃၁) ရက်က နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့သည့် ခရီးသွားလုပ်ငန်းကော်မတီ (၂/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက်လာစေရေးနှင့် ခရီးသွားလုပ်ငန်းအခြေခံအဆောက် အဦကဏ္ဍတွင် ဦးစားပေးရင်းနှီးမြှုပ်နှံမှုများ မြင့်မားလာစေရေးအတွက် Tourism Investment Forum များကို ကျင်းပပြုလုပ်ကြရန် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ကြောင်း သိရသည်။
ChaungTha
ပုံ-စာ ချောင်းသာကမ်းခြေရှိဟိုတယ်တစ်လုံးကိုတွေ့ရစဥ်(GoldenBeach)
