Travelling Journal
ပြည်တွင်းကုမ္ပဏီတစ်ခုဖြစ်သည့် Moken Capital ကုမ္ပဏီ လက်အောက်ရှိ အပျော်စီးဇိမ်ခံသင်္ဘော Moken Cruise မှ ရန်ကုန် -ချောင်းသာ ခရီးစဥ်ကို ပထမဆုံး ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း Moken Cruise ၏ တာဝန်ရှိသူ တစ်ဦးက Travelling သို့ ပြောသည်။
“လက်ရှိက ရာသီဥတုအနေအထားကို ခန့်မှန်းထားနေတာမို့ ထွက်မဲ့ရက်အတိအကျကို သေချာမပြောနိုင်ဖြစ်နေတာပါ။ သေချာတာကတော့ သီတင်းကျွတ်အမှီတော့ ပြေးဆွဲမှာပါ “ဟု Moken Cruise ၏ တာဝန်ရှိသူ တစ်ဦးက Travelling သို့ ပြောသည်။
ပြည်တွင်းခရီးသွားစျေးကွက် ဝေစုရရှိထားသည့်ချောင်းသာကမ်းခြေသို့ ပထမဆုံးပြေးဆွဲပေးခြင်းဖြစ်ပြီး ချောင်းသာကမ်းခြေ အခြေစိုက်ကာ ကျွန်းပတ်ခရီးစဥ်များကို ဧပြီလအထိ ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။
အထူးခရီးစဥ် အနေဖြင့် ရန်ကုန်-ချောင်းသာ (၂) ညအိပ် (၃) ရက် ခရီးစဥ်အတွက် Suite Cabin with Private Bathroom နှစ်ယောက်အိပ်ခန်းကို တည်းခိုမည်ဆိုပါက ကျပ် (၁၅) သိန်း ကျသင့်မည်ဖြစ်ပြီး သုံးယောက်အိပ်ခန်း ကို တည်းခိုမည်ဆိုပါက ကျပ် (၁၄)သိန်း ကျသင့်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်္ဘောပေါ်တွင် စုစုပေါင်း အိပ်ခန်း(၅) ခန်းပါဝင်ပြီး လူဦးရေ( ၁၃ )ဦးသာ တည်းခိုနိုင်ကြောင်း သိရသည်။
ယင်းခရီးစဥ်အတွက် နံနက်စာ ၊ နေ့လည်စာ ၊
ညစာ အခမဲ့ သုံးဆောင်နိုင်ရန် စီစဉ်ထားပေးခြင်းနှင့် ကာရာအိုကေ အခမဲ့ သီဆိုနိုင်ခြင်း၊ Onboard Kitchen နှင့် Onboard Bar လည်း ပါဝင်ကြောင်းသိရသည်။
အဆိုပါ ရေကြောင်းခရီးစဉ်အတွင်း တွံတေးမြို နှင့် တွံတေးတူးမြောင်းရှိ သဘာဝရှုခင်းများကြည့်ရှုနိုင်ခြင်း ၊ ဧရာဝတီ ၏ (Delta Region) သဘာဝ အလှတရားများနှင့် နေဝင်ချိန်ကို cruise ပေါ်မှ ခံစားကြည်ရှုခြင်း ၊မော်တင်စွန်း တန်ခိုးကြီးဘုရားအား သွားရောက်ဖူးမြော်ခြင်း၊ ဟိုင်းကြီးကျွန်းသို့ သွားရောက်လည်ပတ်ခြင်း ၊ ဂေါ်ရင်ဂျီကမ်းခြေသို့ သွားရောက် ကြည့်ရှုခြင်းနှင့် ချောင်းသာကမ်းခြေ လည်ပတ်ခြင်းတို့ကို ထည့်သွင်းထားကြောင်း သိရသည်။
“ချောင်းသာ ကျွန်းပတ်ခရီးစဥ်ကတော့ စျေးနှုန်း ကိုမတွက်ချက်ရသေးပါဘူး။ အဲဒီမှာပြေးဆွဲပေးနေတဲ့ Speed Boat တွေရဲ့စျေးနှုန်းတွေနဲ့လည်း ချိန်ကြည့်ရအုံးမှာပါ” ဟု Moken Cruise ၏ တာဝန်ရှိသူ တစ်ဦးက Travelling သို့ ပြောသည်။
အဆိုပါ အပျော်စီးဇိမ်ခံသင်္ဘော Moken Cruise သည်ချောင်းသာတွင် အ ခြေစိုက်ပြီး ဂေါ်ရန်ဂျီကျွန်း ၊ လိပ်ကျွန်း ၊ ငှက်ကျွန်း စသည့် ကျွန်းပတ်ခရီးစဥ်များကို ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်းသိရသည်။