ပုပ္ပားတောင်အမျိုးသားဘူမိဥယျာဉ်ရှိမြန်မာ့ရွှေသမင်ခြံသို့ ခရီးသွားများ လာရောက်လေ့လာနိုင်

#Travelling Journal မြန်မာနိုင်ငံ၏ ပထမဦးဆုံးဘူမိဥယျာဉ်တစ်ခု ဖြစ်သည့် ပုပ္ပားတောင်အမျိုးသားဘူမိဥယျာဉ် နယ်မြေထဲရှိ မြန်မာ့ရွှေသမင်ခြံသို့ ခရီးသွားဧည့်သည်များ လာရောက်လေ့လာနိုင်ကြောင်း ပုပ္ပားတောင ...

#Travelling Journal

မြန်မာနိုင်ငံ၏ ပထမဦးဆုံးဘူမိဥယျာဉ်တစ်ခု ဖြစ်သည့် ပုပ္ပားတောင်အမျိုးသားဘူမိဥယျာဉ် နယ်မြေထဲရှိ မြန်မာ့ရွှေသမင်ခြံသို့ ခရီးသွားဧည့်သည်များ လာရောက်လေ့လာနိုင်ကြောင်း ပုပ္ပားတောင် အမျိုးသားဘူမိဥယျာဉ်၏ တာဝန်ရှိသူ ကTravelling Journal သို့ ပြောသည်။

အဆိုပါ ပုပ္ပားတောင်အမျိုးသားဘူမိဥယျာဉ် ကို ၂၀၂၄ ခုနှစ်၊မတ်လ (၂၀) ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီးဘူမိနယ်မြေ (Geosite) ပေါင်း (၁၅)ခု နှင့်ဖွဲ့စည်းတည်ထောင်ထားကာအကျယ်အဝန်း ဧက (၅၀၀၀၀) ကျော်ရှိကြောင်းသိရသည်။

ယင်း ဘူမိနယ်မြေများတွင် လက်ရှိလူမှုကွန်ယက်စာမျက်နှာပေါ်၌ ရေပန်းစားနေသည့် တောင်ပေါ်တောင်ရွာလည်း ပါဝင်ကြောင်း သိရသည်။

“ အခုကတော့ အမျိုးသားဘူမိဥယျာဉ်အနေနဲ့
ဖွင့်လှစ်ထားပြီး အဲ့ဒီကနေ ကမ္ဘာ့အသိ အမှတ်ပြု UNESCO Geopark အဆင့်အထိ ရောက်ရှိအောင် ကြိုးစားသွားမယ်”ဟု ပုပ္ပားတောင် အမျိုးသားဘူမိဥယျာဉ် ၏ တာဝန်ရှိသူ ကTravelling Journal ကို ပြောသည်။

မြန်မာ့ရွှေသမင်ခြံ၏ အကျယ်အဝန်းမှာ (၁၇) ဧက ရှိပြီး မြန်မာ့မျိုးရင်းရွှေသမင် နှင့်
ဆတ်တို့ကို မွေးမြူထားသည့်အပြင် စန္ဒကူးပင်များကိုလည်း အိန္ဒိယနိုင်ငံ၊ မိုက်ဆိုးပြည်နယ်မှယူဆောင်လာပြီး စိုက်ပျိုးထိန်းသိမ်းထားကြောင်း သိရသည်။

Popa Mountain Resort နှင့် သိပ်မဝေးလှသည့်ဘူမိနယ်​ ​မြေ ၇ အဖြစ်သတ်မှတ်ထားသည့် စန္ဒကူးခင်း နှင့် (မြန်မာ့ရွှေသမင်ခြံ) ကို ခရီးသွားဧည့်သည်များ လာရောက်လေ့လာနိုင်ကြောင်းသိရသည်။

“အခုချိန်ကတော့ပုပ္ပါးဘက်ကို ဘုရားဖူးတွေ
သွားကြပါတယ်။မိုးရာသီလည်းဖြစ် အသီးနှံလေးတွေလည်းအစုံပေါတော့ ခရီးသွားအလာများပါတယ်။ တောင်ပေါ်ရွာလေးဆီတော့ အသွားများကြပါတယ်။ မိုးတွင်းပိုင်းနဲ့ ဆောင်းတွင်းကာလတွေဆိုပုပ္ပါးကို သွားရောက်လည်ပတ်သင့်တဲ့ကာလပါ။အဲဒီအချိန် ကအလှပဆုံးအချိန်တွေလို့ ပြောလို့ရပါတယ် “ဟု ပုဂံဒေသခံ Taxi ပြေးဆွဲပေးတဲ့ ကိုထက် (ပုဂံ)က Travelling သို့ ပြောသည်။

ပုပ္ပားဒေသသည် ဒေသခံများ၏ ကိုးကွယ်ယုံကြည်မှု၊ ယဉ်ကျေးမှု‌၊ ထုံးတမ်းအစဉ်အလာများ အစရှိသည့် သမိုင်းဆိုင်ရာ ယဥ်ကျေးမှုအမွေအနှစ်များ တည်ရှိရာ နေရာတစ်ခု အဖြစ် ပြည်တွင်းခရီးသွားဧည့်သည်များကြား ၌ ထင်ရှားသည့်ခရီးစဥ်ဒေသတစ်ခုဖြစ်ကြောင်း သိရသည်။

Popamountainpark
Photo KoHtetBaganTaxi