အာဆီယံ အသန့်ရှင်းဆုံးခရီးသွားမြို့တော်ဆု မြန်မာနိုင်ငံမှ ကျိုင်းတုံမြို့ ရရှိ

Travelling Journal အာဆီယံခရီးသွားလုပ်ငန်းစံနှုန်းဆုများ ပေးအပ်ရာတွင် မြန်မာနိုင်ငံမှ ခေါင်းစဥ်အလိုက် ဝင်ရောက်ယှဥ်ပြိုင်ရာ ကျိုင်းတုံမြို့မှ အာဆီယံအသန့်ရှင်းဆုံးခရီးသွားမြို့တော်ဆုကို ရရှိခဲ့ကြ ...

Travelling Journal

အာဆီယံခရီးသွားလုပ်ငန်းစံနှုန်းဆုများ ပေးအပ်ရာတွင် မြန်မာနိုင်ငံမှ ခေါင်းစဥ်အလိုက် ဝင်ရောက်ယှဥ်ပြိုင်ရာ ကျိုင်းတုံမြို့မှ အာဆီယံအသန့်ရှင်းဆုံးခရီးသွားမြို့တော်ဆုကို ရရှိခဲ့ကြောင်း ကျိုင်းတုံ ဟိုတယ်နှင့်ခရီးသွားလာရေးညွန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူ ကTravelling ကို ပြောသည်။

“လာအိုမှာ ပေးတာပါ။ ဆုကတော့ တောင်ကြီး ကိုရောက်နေပြီလို့ ကြားပါတယ်။အခမ်းအနားနဲ့ပေးမယ်လို့သိရပါတယ် ” ဟု ကျိုင်းတုံ ဟိုတယ်နှင့်ခရီးသွားလာရေး ညွန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူ ကTravelling ကို ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၂ ရက်နေ့မှ ၂၇ ရက်နေ့အထိ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ဗီယင်ကျန်းမြို့ရှိ Landmark Mekong Riverside Hotel တွင် အာဆီယံခရီးသွားလုပ်ငန်းဖိုရမ်- ၂၀၂၄ ကို ကျင်းပခဲ့ပြီး ယင်းဖိုရမ်တွင် မြန်မာ နိုင်ငံအတွက် အာဆီယံခရီးသွားလုပ်ငန်းစံနှုန်းဆုများပေးအပ်ရာတွင် မြန်မာနိုင်ငံမှ ASEAN Green Hotel Award (၅)ဆု၊ ASEAN MICE Venue Standard Award (Category: Meeting Room) (၃)ဆု၊ ASEAN MICE Venue Standard Award(Category: Exhibition Venue) (၂)ဆု၊ ASEAN MICE Venue Standard Award(Category: Event Venue) (၃)ဆု၊ ASEAN Sustainable Tourism Award (၁)ဆု နှင့် ကျိုင်းတုံမြို့နှင့် ပုသိမ်မြို့တို့မှ ASEAN Clean Tourist City Award တို့ကို အသီးသီးရရှိခဲ့ကြောင်း သိရသည်။

” နှစ်နှစ်တစ်ကြိမ် ပေးတာပါ။ ကျွန်တော်တို့ ကျိုင်းတုံမြို့က Clean Tourist City ကို ဝင်ပြိုင်ခဲ့တာပါ။ကျန်းမာရေး ၊ စည်ပင်၊ထွေအုပ်၊ ဟိုတယ်ခရီး ကနေ စံနှုန်းသတ်မှတ်ချက်တွေကို အဖွဲ့လိုက်စစ်ဆေးပြီး ဝင်ရောက် ယှဥ်ပြိုင်ခဲ့တာဖြစ်ပါတယ် “ဟု ကျိုင်းတုံ ဟိုတယ်နှင့်ခရီးသွားလာရေး ညွန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူ ကTravelling ကို ပြောသည်။

မြန်မာနိုင်ငံမှ ကလောမြို့ နှင့် ပုဂံမြို့မှ အာဆီယံ အသန့်ရှင်းဆုံးခရီးသွားမြို့တော်ဆုကိုရရှိခဲ့ပြီး လက်ရှိတွင်ကျိုင်းတုံမြို့သို့ တာချီလိတ် နယ်စပ်ဝင်ပေါက်မှ ထိုင်းလူမျိုးများ ဝင်ရောက်လည်ပတ်နေကြောင်း သိရသည်။

Photo Ko Kyi Shein