Myanmar New Ray Co.,Ltd မှ ဥက္ကဋ္ဌ ဦးရဲထွဋ်တင်နှင့် မေးမြန်းခြင်း

“ကျွန်တော်တို့ကယားပြည်နယ်မှာလည်း သမ္မတအဆင့်နဲ့ အစိုးရအဖွဲ့တွေ တည်းခိုနိုင်မယ့် ဟိုတယ်လိုမျိုးကို တည်ဆောက်နေတာပါ” ယဉ်ယဉ်လှမေးမြန်းသည်

ယခင်က လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ခြင်းမရှိသေးသည့် ပြည်နယ်တစ်ခုဖြစ်သည့်အပြင် တသီးတသန့်တည်ရှိနေသော ကယားပြည်နယ်သည် လက်ရှိအချိန်ကာလများတွင် ပြည်တွင်းပြည်ပခရီးသွားများ၏ စိတ်ဝင်စားမှုနှင့်အာရုံစူးစိုက်မှုများပြားလာသည့် ဒေသတစ်ခုဖြစ်လာပေသည်။ များမကြာမီတွင် ကယား ပြည်နယ်သည် ဟိုတယ်လုပ်ငန်းနှင့် ခရီးသွားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးအားကောင်းလာမည့် ခရီးစဉ်ဒေသတစ်ခု ဖြစ်လာတော့မည်ဖြစ်သည်။ ယင်းကာလများတွင် အနာဂတ်ခရီးသွားလုပ်ငန်းများ အားကောင်းလာမည် ဖြစ်သည့်အတွက် ဟိုတယ်လုပ်ငန်းများ၌ ရင်းနှီးမြုပ်နှံလာကြသည့်သူများလည်းရှိလာသည်။ ထိုအထဲမှ ကယားပြည်နယ်သားတစ်ဦးဖြစ်သည့် လုပ်ငန်းရှင်တစ်ဦးက ကယားပြည်နယ် လွိုင်ကော်မြို့တွင် ကြယ်လေးပွင့်အဆင့်ရှိ Mawchi International Hotel ၁၁ ထပ်မြင့် ဟိုတယ်ကို တည်ဆောက်နေသည့် Myanmar New Ray Co.,Ltd မှ ဥက္ကဋ္ဌ ဦးရဲထွဋ်တင်နှင့် မေးမြန်းထားမှုများကို ကောက်နှုတ်ဖော်ပြလိုက်ပါသည်။

Q လွိုင်ကော်မြို့မှာဟိုတယ်ဆောက်နေတာ ရာခိုင်နှုန်းအားဖြင့် ဘယ်လောက် ပြီးသွားပြီလဲရှင့်။ ရင်းနှီးမြှုပ်နှံငွေက ဘယ်လောက်ရင်းနှီးထားပါသလဲ။ ဘယ်တော့လောက် အပြီးတည်ဆောက်သွား ဖို့မျှော်မှန်း ထားပါသလဲ။

»»» ရာခိုင်နှုန်းကတော့ လက်ရှိမှာ ငါး ဆယ်ရာခိုင်နှုန်းလောက်တော့ ပြီးသွား ပါပြီ။ အကြမ်းထည် တည်ဆောက်ရေးကို ၂၀၁၉ ဇွန်လ ကုန်လောက်ပြီးမယ်လို့ မှန်းထားတယ်။ အချောထည်ကတော့ ခြောက်လ ကနေ ကိုးလအတွင်းလောက် ဆိုတော့ အစ်ကိုတို့မှန်းတာတော့ ဖွင့်နိုင်ဖို့ဆိုရင် ကယားပြည်နယ်နေ့ ၂၀၂၀ ဇန်နဝါရီလပိုင်းအမီ ဖွင့်နိုင်ဖို့တော့ကြိုးစား ထားတယ်။ မမှီရင်တော့ မတ်လလောက် တော့ ရောက်သွားနိုင် တာပေါ့။ ရင်းနှီးမြုပ်နှံတာကတော့ ငွေကျပ်သန်းပေါင်း (၆၀၀၀) ဆိုပေမယ့် ဟိုတယ်တည်ဆောက် တာပါထည့်မယ်ဆိုရင် ငွေကျပ်သန်းပေါင်း တစ်သောင်းဝန်းကျင် ရင်းနှီးမြှုပ်နှံထားပါတယ်။

Q နိုင်ငံတကာအဆင့်မီကြယ်လေးပွင့်အဆင့်လို့ပြောထားတဲ့အတွက်အခန်းပေါင်းဘယ်လောက်နဲ့တည်ဆောက်ထားပါသလဲရှင့်။

»»» အခန်းကတော့ ၈၂ ခန်းရှိတယ်။ ဒီ ၈၂ ခန်းမှာ ဝန်ဆောင်မှုကတော့ ကြယ်လေး ပွင့်ပေးနိုင်အောင် ကြိုးစားသွားမယ်။ နောက်ပိုင်း ကြယ်ငါးပွင့်အဆင့်ထိ ဝန်ဆောင်မှုပြောင်းလဲပေးနိုင်အောင် ထပ် ကြိုးစား သွားပါမယ်။ တည်ဆောက်ဖို့ကတော့ ကြယ်ငါးပွင့်အဆင့်ထိ တည်ဆောက်သွားမယ်။ အရည်အသွေး ပိုင်းကအစပေါ့။ ဒါပေမဲ့ဖွင့်မယ့်လျာထားချက်ကတော့ ဝန်ဆောင်မှုကို ကြယ်လေးပွင့်အဆင့်ထိတော့ မှန်းထား တယ်။ နောင်တစ်ချိန် တော့ ကြယ်ငါးပွင့်အဆင့်ထိလည်းပြောင်း ချင်ပြောင်းသွားမှာပေါ့။

Q ဒီလိုဒေသမျိုးမှာအစ်ကိုတို့အနေနဲ့ကြယ်လေးပွင့်အဆင့်မီတဲ့ ပုံစံမျိုးလုပ်ထားတဲ့ အစ်ကို့ရည်ရွယ်ချက်က ဘယ်လိုရည်ရွယ်ချက်မျိုးနဲ့ ရင်းနှီးမြှုပ်နှံတာလဲရှင့်။

»»» ရည်ရွယ်ချက်တော့ အစ်ကိုတို့ဒေသ က ခရီးသွားလုပ်ငန်းနဲ့ အနာဂတ်မှာ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ရာခိုင်နှုန်းများတဲ့ ဒေသဖြစ်တယ်လေ။ သဘာဝခရီး သွားလုပ်ငန်းတွေရယ်။ အခြားအခြားလျှို့ ဝှက်ချက်တွေ ပြည့်နှက်နေတဲ့ ဒေသဖြစ် တယ်။ ငြိမ်းချမ်းမှုကလည်း စနေပြီဆိုတဲ့ အတွက် ရေရှည်မှာ ခရီးသွားလုပ်ငန်းက ပိုဖွံ့ဖြိုးမယ်။ နောက်တစ်ခါ ထိုင်းနဲ့ကလည်း ညီမမြို့တော်တွေ လုပ်ထားတဲ့ အတွက်ကြောင့်လည်း ပါသလို နယ်စပ် ကုန်သွယ်ရေးကလည်း ဖွင့်လှစ်ထားပြီဆို တော့ အနာဂတ်အတွက်ကောင်းတယ်။ ဒါက တစ်ချက် ။ ဒုတိယအချက်ကတော့ အစ်ကိုတို့က ပြည်နယ်သားတစ်ယောက် ဖြစ်တဲ့အတွက် ကိုယ့်ပြည်နယ် ဖွံ့ဖြိုးတိုး တက်ဖို့ရယ် အခန်းတင်ဦးစားပေးတာမ ဟုတ်ပဲနဲ့ အဆင့်မီတဲ့ ဟိုတယ်တစ်လုံးကို ဖြစ်စေချင်တာပေါ့။
ဟိုတယ်ရဲ့ အကြမ်းဖျင်းဧရိယာဆိုရင် စတုရန်းပေပေါင်း တစ်သိန်းသုံးသောင်း တစ်ထောင်ကျော်ရှိတယ်။ ပင်မဆောင်ရဲ့ အမြင့်က ပေ(၁၄၀)ရှိပြီးတော့ အထပ် ပေါင်း ၁၁ ထပ်ရှိတယ်။ နောက်တစ်ခါ မင်္ဂလာခန်းမက ၄၆ ဒသမ ၆ ရှိပြီးတော့ အထပ်သုံးထပ်ရှိတယ်။ ဟိုတယ်မှာပါဝင် တဲ့ အခန်းအမျိုးအစားကတော့ President Suite က တစ်ခန်းပါတယ်။ အဲဒီ မှာ ရှစ်ယောက် တည်းခိုနိုင်တယ်။ President Suite မှာ ဂျင်(Gym)ဆော့နိုင်မယ်။ Call Room ၊ Living Room ပါတယ်။ Royal Suite က သုံးခန်းပါတယ်။ Family Suite က နှစ်ခန်းပါတယ်။ Junior Suite က လေးခန်းပါတယ်။ Premier ၁၂ ခန်းပါတယ်။ ရိုးရိုး Deluxe က ၃၆ ခန်း၊ သုံးယောက် အိပ်နိုင်တဲ့ Deluxe က ၂၄ ခန်း စုစု ပေါင်း ၈၂ ခန်းပေါ့။ နောက်ပြီး တစ်ခြား ဝန်ဆောင်မှုပေးနိုင်တာက လူ ၄၅၀ ဆံ့တဲ့ မင်္ဂလာခန်းမတစ်ခုပါတယ်။ လူ ၆၀ ဆံ့တဲ့ အစည်းအဝေးခန်းမပါတယ်။နောက် ၃၆ ဦး ဆံ့တဲ့ Meeting Room ပါတယ်။ လူ၁၆ ဦးဆံ့တဲ့ Meeting Room နှစ်ခန်းပါတယ်။ လူ ၁၂ ဦးဆံ့တဲ့ Call Room ပါတယ်။ ပြီးတော့ ရိုးရာ ပစ္စည်းပြခန်းပါမယ်။ ပစ္စည်းအရောင်းဆိုင် ပါမယ်။ စားသောက်ဆိုင်(Restaurant) သုံးဆိုင်ပါမယ်။ သမ္မတကနေ ဧည့်ခန်းပွဲ ကျင်းပလို့ရမယ့် ဧည့်ခန်းမတစ်ခုပါမယ်။ Beauty Saloon ၊ Spa ၊ Family KTV တွေလည်းထည့်မယ်။ ကားပါကင် ကတော့ အစီး ၇၀ ဆန့်ပါမယ်။ ရေကူး ကန်၊ အများသုံးဂျင်ခန်းမပါမယ်၊ ဓာတ် လှေခါးက လူ၁၅ ဦးဆန့် သုံးစီးပါမယ်။ စက်လှေခါးနှစ်စီးပါမယ်။

Q ဟိုတယ်ဆောက်တဲ့ဒီဇိုင်းကိုဘယ်နိုင်ငံကအင်ဂျင်နီယာဗိသုကာပညာရှင်တွေ ခေါ်ပြီး ဆောက်လုပ်တာလဲရှင့်။

»»» ဗိသုကာဒီဇိုင်းကတော့ နိုင်ငံခြား အတွေ့အကြုံတော်တော်များများရှိတဲ့ အင်ဂျင်နီယာကုမ္ပဏီက ဆွဲပေးတာ။ ဒီဇိုင်း ကတော့ City Type ပေါ့။ အထပ်မြင့် လည်းဖြစ်တယ်။ ခေတ်လွန်လည်းမဟုတ် ဘူး ခေတ်မီဒီဇိုင်းပေါ့။ ရိုးရာဒီဇိုင်းတော့ မဟုတ်ပါဘူး။ အခန်းခတွေနဲ့ ပတ်သက် ပြီးတော့ မသတ်မှတ်ရသေးဘူး။ လောလောဆယ်တော့ အကြံပေးတွေနဲ့ တိုင်ပင် နေတုန်းပါ။ ခန့်မှန်းထားတာရှိပေမယ့် ဒါကတော့ ထုတ်ပြန်လို့တော့ မရသေး ပါဘူး။

Q ကယားပြည်နယ်လိုဒေသမျိုးမှာသမ္မတတည်းခိုနိုင်မယ့်အဆင့်ထိလုပ်ထားတာဆိုတော့အစ်ကိုအနေနဲ့ဘယ်လိုမျိုးစိတ်ကူးတွေနဲ့ ဆောက်လုပ်ခဲ့တာပါလဲ။

»»» အစ်ကိုတို့ စလျာထားကတည်းက သမ္မတနဲ့ဝန်ကြီးဆယ်ပါးတည်းနိုင်အောင်လျာထားတယ်။ ပြည်နယ်သေးတယ်/ပြည်နယ်ကြီးတယ်ဆိုပေမယ့် ပြည်နယ်အဆင့်က ပြည်နယ်အဆင့်ပဲ။ ကျွန်တော် တို့ ကယားပြည်နယ်မှာလည်း နိုင်ငံတကာ အဆင့် သမ္မတအဆင့်နဲ့ အစိုးရအဖွဲ့တွေ၊ ကိုယ့်နိုင်ငံက သမ္မတ တည်းခိုနိုင် မယ့်အဆင့်ထိ အစ်ကိုတို့ပြည်နယ်အနေနဲ့တည်းနိုင်မယ့်ဟာရှိရမယ်လေ။ ရှိအောင် လည်း အစ်ကိုတို့က လုပ်ရမယ်လေ။ အစ်ကို့ အနေနဲ့လည်း စီးပွားရေးအကျိုး အမြတ်တစ်ခုတည်းတွက်တာ မဟုတ်ဘူး။ ရေရှည်ဖွံ့ဖြိုးဖို့ရယ်၊ နောက်အစ်ကိုတို့ ပြည်နယ်အဆင့်အတန်းကို ဒီထက်မြှင့် တင်ချင်တဲ့အတွက် ပြည်နယ်သားတစ် ယောက်အနေနဲ့ အခက်အခဲကြားထဲက နေကြိုးစားရတာပေါ့။

Q ဒီဟိုတယ်မှာဟိုတယ်ဝန်ထမ်းကျတော့ကယားကဒေသခံတွေပဲခန့်မှာလား။ဘယ်ကနေ ခေါ်ယူဖို့ရှိပါသလဲ။

»»» ဒါကတော့ သူ့ရဲ့ အရည်အသွေး အရည်အချင်းနဲ့မူတည်တယ်။ ကျွန်တော် တို့ကတော့ ဒေသခံအနိမ့်ဆုံးကို အနည်းဆုံး ကိုးဆယ်ရာခိုင်နှုန်းလောက်ကို တာဝန် ပေးနိုင်အောာင်တော့ စဉ်းစားထားပါတယ်။ သို့သော်လည်း အကြောင်းအမျိုး မျိုးနဲ့ ဒီဟာကလည်း ဘာသာရပ်တစ်ခု ဆိုတော့ ဖြေးဖြေးချင်းပဲ ဒီဟာက ပြောင်းလဲသွားရမှာပေါ့။ ကျွန်တော်တို့က ခုချိန်မှာ ဒေသခံအားလုံးသွားခန့်လည်း ဒေသခံအရည်သွေးပိုင်း ဆိုင်ရာမှာ အားနည်းနေသေးရင် ဟိုတယ် ရဲ့ ဝန်ဆောင်မှုတွေအပိုင်းမှာကျသွားမှာ ဆိုတော့ ဒါကြောင့်မို့ ကျွမ်းကျင်နဲ့ ပညာ ရှင်တွေနဲ့တွဲဖက်ပြီးတော့ ဖြေးဖြေးချင်းပဲ လေ့ကျင့်သင်ယူရမှာပေါ့။ အကောင်းဆုံး မျှော်လင့်တာပေါ့။ အစ်ကို့ဒေသခံတွေကို ရာခိုင်းနှုန်းပြည့်နီးပါး တာဝန်ပေးချင်ပါတယ်။
Travelling_Journal

အင်တာဗျူး

Vol_1_Issue_7