ညောင်ဦးဖီးကျွန်းကို သွားချင်တယ်လို့ဆိုလာတဲ့ သရုပ်ဆောင် ရွှေသမီး

ဌေးမမ တွေ့ဆုံမေးမြန်းသည်

ချောင်းသာကမ်းခြေမှာ မိသားစုနဲ့အတူ အပန်းဖြေခရီး ထွက်နေတဲ့သရုပ်ဆောင် ရွှေသမီးနဲ့ ဆက်သွယ်ပြီး ၊ ခရီးသွားအတွေ့အကြုံ ၊
ခရီးမသွားခင် ကြိုတင်ပြင်ဆင်ဖြစ်တဲ့ အပိုင်း ၊ သွားခဲ့ဖူးတဲ့ ဒေသတွေထဲက အမှတ်တရ ခရီးအကြောင်းနဲ့ လက်ရှိ သူမစိတ်ကူးထဲက သွားချင်နေတဲ့ ဒေသတွေကို မေးမြန်းထားပါတယ်။

ခရီးသွားအတွေ့အကြုံ

ခရီးတွေက အလုပ်ကိစ္စ ၊ ရှုတင်နဲ့ပဲသွားရတာများတယ် ၊ ပြည်တွင်းတွေပဲများပါတယ် ၊ ပြည်တွင်းမှာတော့တော်တော်လေး စုံနေပါပြီ၊ အတွေ့အကြုံ ဆိုတာထက် ပျော်စရာတွေပဲ များပါတယ် ၊ ရန်ကုန်နဲ့ လှမ်းတဲ့နေရာတွေဆိုရင်တော့ သူတို့ဆီက ရာသီဥတုအခြေအနေ ၊ ညီမက အစားအသောက်ကြို က်တော့ အစားအသောက်ကို ပိုပြီး စိတ်ဝင်စားတယ် ၊ ပြီးတော့ သူတို့နေပုံ ၊ ထိုင်ပုံ ၊ ရိုးရာ ဓလေ့တွေကို စိတ်ဝင်စားပါတယ်။

ခရီးသွားနေတဲ့အချိန် စိတ်ခံစားမှု

ခရီးသွားရရင်ကို ပျော်တယ် ၊ အလုပ်တွေမပါပဲ လွတ်လွတ်လပ်လပ်သွားတာ ထက်စာရင် အလုပ်တွေပါပြီး သွားရတာ ပိုကြို က်တယ် ၊ သွားတဲ့အခါလည်း ကိုယ့်ရဲ့ အနုပညာမောင်နှမတွေရော ၊ စက်အဖွဲ့သားတွေရော အများကြီးဆိုတော့ပိုပျော်တယ် ၊ ရှုတင်ရိုက် ၊ ပြီးရင် လျှောက်လည်ကြ ဆိုတော့ အရမ်းပျော်ဖို့ကောင်းတယ် ၊ လူနည်းနည်းလေး သွားတာထက် လူအများကြီးနဲ့ ခရီးသွားရတာ ပိုကြို က်တယ်။

သူငယ်ချင်းတွေနဲ့ထွက်ခဲ့ဖူးတဲ့ ခရီး

သူငယ်ချင်းတွေနဲ့က ပြင်ဦးလွင်လောက်ပဲသွားဖူးတယ် ၊ ပြင်ဦးလွင်ရာသီဥတုကိုလည်းကြို က်တယ် ၊ အစားအသောက်လည်းကောင်းတယ် ၊ ပြီးတော့ မန္တလေး က ရန်ကင်းတောင် တက်ဖူးတယ် ၊ ရေတံခွန်တောင် တက်ဖူးတယ် ၊ သူငယ်ချင်းတွေနဲ့ အတူ ခက်ခက်ခဲခဲသွားရတဲ့နေရာကိုသွားရင် စည်းလုံးမှုပိုရတယ်လို့ထင်တယ် ၊ အဝေးကြီးတော့ မသွားဖြစ်ဘူး ၊ ကိုယ့်ဒေသနဲ့နီးတဲ့ တောင်တွေလောက်ပဲ တက်ဖြစ်တယ်။

ခရီးတွေထဲက အမှတ်တရ

ပုပ္ပါး ကိုသွားခဲ့ဖူးတာက အမှတ်တရပါပဲ ၊ လွန်ခဲ့တဲ့သုံးနှစ်လောက်က ကားရိုက်နဲ့ ပုပ္ပါးသွားတယ် ၊ ပုပ္ပါးကို တခါမှ မရောက်ဖူးသေးတော့ အဲဒီခရီးစဉ်လေးက အမှတ်တရဖြစ်နေတယ် ၊ ကိုခန့်တို့ ၊မမေကဗျာတို့ နဲ့ ကားရိုက်သွားခဲ့တာ ၊ အဲဒီတုန်းက အရမ်းလည်းပျော်တယ် ၊အမှတ်တရလည်းဖြစ်ပါတယ်။

ခရီးတစ်ခုသွားတော့မယ်ဆိုရင် ဘာတွေကြို တင်ပြင်ဆင်ဖြစ်လဲ

ခရီးသွားမယ်ဆိုရင်ကြိုတင်ပြင်ဆင်ဖြစ်တာများပါတယ် ၊ အဝတ်အစားဆိုလည်း ပိုပြီးထည့်ဖြစ်တယ် ၊ ကိုယ်မကျွမ်းကျင်တဲ့ ဒေသဖြစ်တဲ့အတွက် ပိုပြီး ဂရုစိုက်ဖြစ်တယ် ၊ ဆေးဝါးတွေ ၊ အခြားလိုအပ်မယ် ထင်တာလေးတွေ ထည့်ယူသွားဖြစ်တယ်။

သွားခဲ့ဖူးတဲ့ခရီးတွေထဲက အပျော်ဆုံးဒေသ

ပြင်ဦးလွင်တော့ပျော်တယ် ၊ သွားရလာရတာ လမ်းပန်းဆက်သွယ်ရေးလည်း ကောင်းတယ် ၊ အေးတဲ့ဒေသဆိုရင် တောင်ပေါ်ဒေသကို ပိုကြို က်တယ်။

ကမ်းခြေနဲ့ တောင်ပေါ်ဒေသ နှစ်ခုထဲက တစ်ခုရွေးပါဆိုရင်

နှစ်ခုလုံးကို အရမ်းကြို က်တယ် ၊ တောင်ပေါ်ဒေသဆိုရင် ရုပ်ရောစိတ်ရော ပိုပြီးကြံ့ခိုင်သွားတယ်လို့ ထင်တယ် ၊ တောင်ပေါ်ရောက်ရင် စိတ်အမောပြေတာထက် ကိုယ့်ရဲ့စိတ်က ဒီတောင်ကိုတက်နိုင်တယ် ဆိုတဲ့ စိတ်လေးက ကိုယ့်အတွက် အားရှိစေတယ် ။ကမ်းခြေကျတော့လည်းတစ်မျို းပေါ့ ၊ ခံစားချက်ချင်းကတော့လ မတူဘူးပေါ့ ၊ကမ်းခြေက စိတ်အပန်းပြေတယ် ၊ ကြည်နူးရတယ် ၊ အုန်းရေသောက်ရင်း ကမ်းခြေကိုကြည့်ရတာ ၊ လှိုင်းသံလေးတွေကြားရတာ စိတ်ကို အပန်းပြေစေတယ်ပေါ့ ၊ နှစ်ခုလုံးကိုအရမ်းကြို က်ပါတယ်။

လတ်တလောသွားချင်တဲ့ဒေသ

ကော့သောင်းမှာရှိတဲ့ ညောင်ဦးဖီးကျွန်းကို သွားချင်တယ် ၊ ချင်းတောင်ဘက်တွေ သွားချင်တယ် ၊ ချင်းတောင်ဘက်ဆိုရင် အရမ်းသွားချင်တယ် ၊ သွားလာရခက်ခဲပေမယ့် တောင်တက်ခြင်းကနေ စိတ်ဓာတ်ခွန်အားအများကြီးရတဲ့အတွက် တောင်တွေတက်ချင်တယ်။

 

ခရီးသွားမယ့်သူတွေကိုမျှဝေပေးချင်တာရှိရင်

အဓိကတော့ ခရီးသွားပြီဆိုကတည်းက ပိုက်ဆံတော့ ထုတ်ရတော့မှာပဲပေါ့ ၊ အဲဒီတော့ ဘတ်ဂျတ်ပေါ့ ၊ အေးအေးဆေးသွားချင်ရင်တော့ ငွေရေးကြေးရေးမကြည့်ပဲ အေးအေးဆေးဆေးသွားလို့ ရတယ်ပေါ့ ၊အဲဒီလိုမဟုတ်ပဲ ငွေရေးကြေးရေးနည်းနည်းနဲ့ ခရီးထွက်မယ်ဆိုရင်တော့ travel blogger တွေရေးတဲ့ ဘတ်ဂျတ်နည်းနည်းနဲ့သွားလို့ရမယ့် ခရီးလေးတွေကြည့်ပြီးသွားကြပါ ၊ ပြီးတော့ ကိုယ်တစ်ယောက်တည်းသွားတာထက် သူငယ်ချင်း တွေနဲ့စုပြီးသွားတာ ပိုကောင်းတယ် ၊ ကိုယ့်အတွက်လည်းအဖော်ရတယ် ၊ တစ်ယောက်တည်းသွားတာထက် လုံခြုံ တယ်လို့ ခံစားရတယ် ၊ ကျန်းမာရေးကောင်းအောင်လည်း ဂရုစိုက်ပါလို့ ပြောချင်ပါတယ် ၊ မသွားခင်မှာ ကိုယ်သွားမယ့် ဒေသရဲ့ ရာသီဥတုအခြေအနေကိုလည်း စုံစမ်းသင့်ပါတယ် ။အဲဒါမှ အဝတ်အစားတွေလည်း စီစဉ်နိုင်မယ် ။ အဲဒါကြောင့် ရာသီဥတုအခြေအနေကို သိဖို့
လည်း အရေးကြီးတယ်လို့ ထင်ပါတယ်။

ဖြည့်စွက်ပြောပြချင်တာရှိရင်

ကျန်းမာရေးကောင်းတုန်း ၊ အသက်ငယ်တုန်း၊ သွားလာနိုင်တုန်း ခရီးများများထွက်ကြပါ လို့ပြောချင်ပါတယ် ၊ အိမ်ထောင်မပြု ကြသေးခင် လွတ်လွတ်လပ်လပ် ရှိတုန်းမှာ ခရီးထွက်ကြပါ ၊ လက်ရှိအချိန်လေးမှာ မိသားစုကို အချိန်ပေးပြီး ခရီးထွက်ကြပါ ၊ ခရီးထွက်ရတာကဘဝကြီးမှာ နေရတာ တကယ်ကို စိတ်ကျေနပ်စရာ ကောင်းတယ်ဆိုတဲ့ အတွေးတွေလည်း ထွက်လာနိုင်တယ် ၊ အဲဒါကြောင့် ခရီးများများထွက်ကြဖို့တိုက်တွန်းချင်ပါတယ် ။