ဟိုတယ် လုပ်ငန်းများ ပြန်ရပ်တည်ရန်အတွက်ပုဂ္ဂလိက ဘဏ်များတွင် ချေးငွေ ​လျှောက်ထားသည့် ဟိုတယ် (၉၆) လုံး ထိ ရှိလာ

Travelling Journal ကိုဗစ်ကပ်ရောဂါနှင့် နိုင်ငံရေးအ​ခြေအနေများအကြား ဟိုတယ် လုပ်ငန်းများ ရပ်တန့်ခဲ့ရပြီး လုပ်ငန်းများ လည်ပတ်နိုင်ရန်အတွက် ပုဂ္ဂလိက ဘဏ်များတွင် ချေးငွေ လျှောက်ထားသည့် ဟိုတယ် (၉၆) ...

Travelling Journal

ကိုဗစ်ကပ်ရောဂါနှင့် နိုင်ငံရေးအ​ခြေအနေများအကြား ဟိုတယ် လုပ်ငန်းများ ရပ်တန့်ခဲ့ရပြီး လုပ်ငန်းများ လည်ပတ်နိုင်ရန်အတွက် ပုဂ္ဂလိက ဘဏ်များတွင် ချေးငွေ လျှောက်ထားသည့် ဟိုတယ် (၉၆) လုံး ရှိနေကြောင်း မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (ဗဟို) မှ တာ ဝန်ရှိသူတစ်ဦးက Travelling Journal သို့ ပြောသည်။

“ကိုဗစ်နဲ့ လုံးလည်ချာလည်ဖြစ်နေတဲ့ ဟိုတယ် တွေ များ ပါတယ်။ ပြန်နလန်ထဖို့ဆိုတာကလည်း မတည်ရင်းနှီးငွေ လိုသေးတယ်။အဲဒီထဲမှာ ရန်ကုန် ဟိုတယ် တွေထက် နယ်က ဟိုတယ်တွေက အတော် ဒုက္ခ ရောက်ကြပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ အသင်းက အသင်းဝင်ဟိုတယ်တွေကို အာမခံပေးပြီး လုပ်ငန်းရှင်နဲ့ ဘဏ်အကြား တာဝန်ယူမှု နဲ့ ကူညီဆောင်ရွက်ပေးနေပါတယ်။လက်ရှိ ချေးငွေ တင်ထားတဲ့ ဟိုတယ် (၉၆) လုံးရှိပါပြီ”ဟု ဗဟိုအတွင်းရေးမှူး က Travelling Journal သို့ ပြောသည်။

မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (ဗဟို)လက်အောက်တွင် ပြည် နယ်နှင့် တိုင်းအလိုက် ဖွဲ့စည်းထားသည့် ဟိုတယ်အသင်းဇုန်( ၂၀ ) ထိ ရှိနေပြီးဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့လုပ်ငန်းရှင်တွေက ဘဏ်တွေဆီကနေ ချေးငွေ ရဖို့ အပေါင်ပေးပြီးချေးထားကြပါတယ်။ကိုဗစ် ဖြစ်ပြီးနော​က် လုပ်ငန်းတွေ မရပ်တည်နိုင်တော့ဘူး။အခု ပြန်မတည်ဖို့က ရင်းနှီးငွေ မရှိတော့ဘူး ။ ဒါပေမယ့်ကျွန်တော်တို့က အရင်ဘဏ်တွေမှာ ဟိုတယ် ဂရံအပေါင်တွေ ပေးပြီးထားပြီးပြီ ။ အခု ထပ်ချေးမယ်ဆိုရင်ဘဏ်ကလည်း ထပ်မပေးဘူး။ဒါမို့ ဝန်ကြီး ဌာနကပဲ ဖြစ်ဖြစ်ဗဟို အသင်းက ပဲ ဖြစ်ဖြစ် ဘဏ်လုပ်ငန်းရှင်များအကြားမှာ တရားဝင် ကြေညာချက်ထုတ်ပေးရင် ပိုကောင်းတာပေါ့။ တကယ်တကယ့်ကျရင် ဘဏ်တွေက မပေးကြဘူးလေ။ ကျွန်တော် တို့ရဲ့ အခက်အခဲ တွေက အဲဒါတွေ ပါ “ဟု ဟိုတယ်လုပ်ငန်းရှင််တစ်ဦးက Travelling Journal သို့ ပြောသည်။

လက်ရှိတွင် UAB ဘဏ် နှင့် ဧရာဝတီဘဏ်တွင်ဟိုတယ် များချေးငွေ ရရန် ဗဟို အသင်း ၏ထောက်ခံချက်များဖြစ် ချေးငွေ ရယူနိုင်ရန်ဆောင်ရွက်လုပ်ကိုင်ပေးနေကြောင်း သိရသည်။

ဘဏ်များတွင် အပေါင်ပေးပြီးချေးငွေရယူနိုင်သည့်JICA LOAN နှင့် ၁၀ ရာခိုင်းနှုန်း အတိုးပေးပြီးငါးနှစ် သက်တမ်းချေးရသည့် ချေးငွေ အမျိုးအစား အနက် လုပ်ငန်းရှင်အများစုက ၁၀ ရာခိုင်းနှုန်း ပေးရသည့် ချေးငွေ အမျိုးအစား ကို ပိုပြီး ချေးယူကြကြောင်းသိရသည်။

ခရီးသွား လုပ်ငန်း ရပ်တန့်ခဲ့ရသည့်သုံးနှစ်ကျော်ကာလအတွင်း ရန်ကုန် မြို့နှင့် နယ်များရှိဟိုတယ်အများစုသည် ပြန်ရပ်တည်ရန်ခက်ခဲသဖြင့် ဟိုတယ် အများစုကို ပြန်လည်ရောင်းချမှု များ များပြားခဲ့ ကြောင်းသိရသည်။