ရန်ကုန်ဟိုတယ် အငှားစျေးကွက်ပုံစံဖြင့် တစ်ကျော့ပြန်ရပ်တည်လာ

#Travelling Journal ကိုဗစ်နှောင်းပိုင်းကာလကို ကျော်ဖြတ်ပြီး ရပ်တန့်ခဲ့ရသည့် ဟိုတယ်လုပ်ငန်းအားလုံးအနေဖြင့် ယခုအချိန်ကာလတွင် ရန်ကုန်ဟိုတယ်လုပ်ငန်းအများစုမှာ အငှားစျေးကွက်ပုံစံမျိုးဖြင့် ပြန်လည်သ ...

#Travelling Journal

ကိုဗစ်နှောင်းပိုင်းကာလကို ကျော်ဖြတ်ပြီး ရပ်တန့်ခဲ့ရသည့် ဟိုတယ်လုပ်ငန်းအားလုံးအနေဖြင့် ယခုအချိန်ကာလတွင် ရန်ကုန်ဟိုတယ်လုပ်ငန်းအများစုမှာ အငှားစျေးကွက်ပုံစံမျိုးဖြင့် ပြန်လည်သက်ဝင်လည်ပတ်လာနေပြီဖြစ်သည်။

စီးပွားရေးမြို့တော်ဟု တင်စားထားသည့် ရန်ကုန်မြို့တော်တွင် ပြည်တွင်းပြည်ပမှအခြေချပြီး ရင်းနှီးလုပ်ကိုင်ကြသည့်စီးပွားရေးလုပ်ငန်းများစွာရှိပြီး
ရန်ကုန်တိုင်းဒေသကြီး အခြေစိုက်ဟိုတယ်ရင်းနှီးမြှုပ်နှံထားသည့် ဟိုတယ်အလုံးရေ( ၅၀၀ )ကျော်ရှိသည်။

၂၀၁၉ -၂၀၂၀ ကာလမှ ယခုနှစ်ကာလအထိ ကျားကန်ရပ်တည်လာခဲ့သည့် ဟိုတယ်လုပ်ငန်းရှင်များသည် စီးပွားရေးလုပ်ငန်းကို တစ်ကျော့ပြန်ပုံစံမျိုးဖြင့် ရပ်တည် စီးပွားရှာလာခဲ့ကြသည်။

ဟိုတယ်လုပ်ငန်းသည်ဝန်ဆောင်မှုကို အဓိကလုပ်ကိုင်ရသည့် လုပ်ငန်းမျိုးဖြစ်သော်လည်း ဟိုတယ်လုပ်ငန်းမကောင်းခဲ့သဖြင့် အစောပိုင်းကာလများ၌ ကျွမ်းကျင်ဟိုတယ်ဝန်ထမ်းအများစုကို ပိုင်ရှင်များက လျော့ချခဲ့ပြီး တစ်ချို့ကလည်း ဟိုတယ်ပိတ်ထားရသည့် အချိန်ကာလတစ်ခုရှိခဲ့ပေသည်။

ယခင်က ဟိုတယ်များကို မူလပိုင်ရှင်များမှသာ
ဖွင့်လှစ်သော်လည်းယခုလက်ရှိတွင် မူလဟိုတယ်ပိုင်ရှင်များမှတစ်ဆင့် အငှားပြန်လည်ချလာပြီး လုပ်ကိုင်လာသည့်ဟိုတယ်စျေးကွက်ပုံစံများ ပေါ်ထွန်းလာခဲ့သည်။

ဟိုတယ်အငှားစျေးကွက်တွင် ဟိုတယ်ပုံစံ၊
အခန်းအရေအတွက်နှင့် မြို့နယ်ပေါ်၌ မူတည်ပြီး
အနိမ့်ဆုံး ကျပ်သိန်း ၁၅၀ မှ ဒေါ်လာ သောင်းကဏန်းထိ ရှိကာ ကြိုက်စျေးဖွင့်ပြီး ငှားလာကြသည့် ဟိုတယ်များလည်းရှိလာသည်။

ဟိုတယ်အငှားလုပ်လာသည့်အများစုသည်
တိုင်းရင်းသားလုပ်ငန်းရှင်များနှင့်တရုတ်လုပ်ငန်းရှင်များလည်း ပါဝင်လာကြသည်။ဟိုတယ်များပိတ်ထားရမည့်တူတူ အခန်းခနှုန်းထားများကို လျှော့ချပြီး ဝန်ဆောင်မှုပုံစံဖြင့် ပေးလာကြခြင်းကလည်း အဓိကဖြစ်လာကြသည်။

ယခုလို အပြိုင်အဆိုင် လျော့ချလာရသည့် အဓိကယူဆရမည့်အကြောင်းအရာကလည်း ကိုဗစ်ချေးငွေများကို ချေးယူထားကြသည့် ဟိုတယ်ပိုင်ရှင်အများစုမှာ ဟိုတယ်လုပ်ငန်းနှင့်ခရီးသွားလုပ်ငန်းများ ကျဆင်းခဲ့ခြင်းကြောင့် ချေးငွေပြန်ဆပ်နိုင်ခြင်းမရှိခြင်းကလည်းအဓိကအစိတ်အပိုင်း တစ်ခုပင်ဖြစ်သည်။

ဝင်ငွေရရှိမှုနည်းပါးပြီး ဝန်ထမ်းစရိတ်များနှင့်အထွေထွေကုန်ကျစရိတ်များကလည်း တစ်လနှင့်တစ်လ ပေးဆောင်ရသဖြင့် ကျားကန်​ကန်ပြီး ရပ်တည်လာခဲ့သည်။ ထို့ပြင်နိုင်ငံတော်သို့ ပေးဆောင်ရသည့် အခွန်များလည်းရှိခြင်းကြောင့် ဟိုတယ်လုပ်ငန်းရှင်များက ဟိုတယ်လုပ်ငန်းကို ပုံစံပြောင်းလဲပြီး စီးပွားရှာလာခြင်းပင်ဖြစ်သည်။

ထို့ကြောင့်လည်း ဟိုတယ်များရောင်းချလာခြင်းနှင့်
အငှားပြန်ချလိုသည့် စျေးကွက်ပေါ်ပေါက်လာခြင်းပင်ဖြစ်သည်။

အငှားစျေးကွက်အပြိုင်အဆိုင်ဖြစ်ပေါ်လာသည့်အတွက် ဟိုတယ်အခန်းခနှုန်းထားများကိုလည်းဟိုတယ်များမှ စျေးပြိုင်ဆိုင်ကာ လျော့ချလာကြသည်ကို တွေ့မြင်ရသည်။ဟိုတယ်၏ နာမည်ဂုဏ်သတင်းပေါ်မူတည်ပြီး စျေးကွက်ပုံစံများမှာလည်းပြောင်းလဲသွားသလို လူတန်းစားမရွှေး အလွှာမျိုးစုံအလိုက် စျေးကွက်ကျယ်ပြန့်လာခဲ့သည်။

” ကမ္ဘာအေးဘုရားလမ်းမပေါ်က ကြယ်လေးပွင့်
အဆင့်ရှိတယ်လို့ သတ်မှတ်ထားတဲ့ ဟိုတယ်တစ်ခုတောင် တစ်ည(One Night)အခန်းခနှုန်းကို ကျပ်သုံးသောင်းနဲ့ချရောင်းနေတာ။ Customer ဘက်ကကြည့်မယ်ဆိုရင် ကောင်းပေမဲ့ ဒါကတော့ ရုပ်ပေါက်တာပေါ့။ တည်းတဲ့သူတွေကတော့ များမှာပေါ့ “ဟု ဟိုတယ်အကျိုးဆောင်လုပ်ကိုင်သူတစ်ဦးက ဆိုသည်။

အငှားလုပ်ကိုင်လာကြသည့် လုပ်ငန်းရှင်များမှာ
လက်ရှိတစ်လုံးမှစတင်ပြီး လေးလုံး၊ ငါးလုံးလောက်အထိ အငှားလုပ်ငန်းကို တွင်ကျယ်စွာ လုပ်ကိုင်လာကြသည်။

“တွက်ချေကိုက်တယ်လို့ ခေါ်ရမှာပေါ့။ အချိန်ပိုင်း
အငှားစျေးက ကျပ်နှစ်သောင်း ၊ DayCation နေမယ်ဆို ကျပ်သုံးသောင်းနဲ့ ညအိပ်မယ်ဆို ကျပ်သုံးသောင်း ဆိုတော့ တည်းတဲ့သူတွေအတွက်တန်နေတာပေါ့။ တခြားဟိုတယ်တွေဆို တစ်ညကို အနည်းဆုံး ကျပ် ​ ခြောက်သောင်းကျော်ဟု အမည်မဖော်လိုသည့်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

အငှားလုပ်ကိုင်လာသည့်ဟိုတယ်အများစုသည်
လူမှုကွန်ယက်စာမျက်နှာများတွင် အများဆုံးကြော်ငြာလေ့ရှိပြီး အထူးပရိုမိုးရှင်းနှင့် ၂၄နာရီ ရေမီးစက်မောင်း စသည်ဖြင့် ကြော်ငြာလေ့ရှိသည်။

လက်ရှိတွင် ဟိုတယ်အခန်းငှားစျေးနှုန်းအမျိုးမျိုးအလိုက် Session(အချိန်ပိုင်း) ၊ မနက် ၉ နာရီမှ ညနေ ၅ နာရီအထိ (DayUse) နှင့် နေ့လည် ၂ နာရီမှ ည ၉ နာရီ (NightUse) တို့တွင် ကျပ် သုံးသောင်းမှ စတင်ပြီး စျေးနှုန်း အမျိုးမျိုးရှိသည်။ထို့ပြင် နေ့လည်၂နာရီမှ နောက် နေ့၁၂ နာရီ (FullNight) အတွက်ကိုလည်း ကျပ်လေးသောင်းမှစတင်ပြီး ဟိုတယ်အဆင့်သတ်မှတ်ချက်ပေါ်မူတည်ကာ စျေးနှုန်းကွာဟချက်များရှိသည်ကို တွေ့​ရသည်။

ဟိုတယ်အများစုတည်ရှိရာမြို့တော်ဖြစ်သည့်အညီ အပြိုင်အဆိုင်စျေးကွက်ပရိုမိုးရှင်းများလည်း
ပြုလုပ်လာကြပြီး ဆွဲဆောင်လာကြသည်ကိုတွေ့ရသည်။လူမှုကွန်ယက်စာမျက်နှာတွင် ရေပန်းစားသည်ဟုခေါ်ဆိုရမည့် ရွှေဂုံတိုင်တံတားအဆင်းက ဟိုတယ်တစ်ခုဆိုရင် လာရောက်စားသုံးကြသည့် Customer
များစိတ်ကြိုက်စေရန် ဗလကောင်းကောင်းတောင့်တောင့်လူငယ်များကို အပေါ်ပိုင်းဗလာဖြင့် ကပြသီဆို ဖျော် ဖြေပေးရသည့်ဝန်ဆောင်မှုများဖြင့် စားသုံးသူများကို ဝန်ဆောင်မှုပေးလာကြသည်။

ထို့ပြင် တစ်နေရာတည်းတွင် ဧည့်သည်စိတ်တိုင်းကျစေရမည့် SPA ၊ စားသောက်ဆိုင်များပါထည့်သွင်းလာခြင်းကြောင့် ရွေးချယ်စရာများပြားလာခဲ့သည်။
သို့သော်တစ်ချို့ဟိုတယ်များကလည်းစျေးနှုန်းလျော့ချခြင်းမရှိသော်လည်း လာရောက်တည်းခိုကြသည့် Customer များစိတ်ကျေနပ်မှုရှိစေရန် Reception အခန်းကဏ္ဍ ၊အခန်းသပ်ရပ်သန့်ရှင်းမှု
၊နံနက်စာဘူဖေးကို သေချာပြင်ဆင်ပေးနိုင်ခြင်းကြောင့် စျေးနှုန်းများပေမဲ့လည်း တည်းခိုသူလျော့ကျသွားခြင်းမရှိကြောင်း ရန်ကင်းမြို့နယ်က ဟိုတယ်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

လက်ရှိတွင် ဟိုတယ်အငှားစျေးကွက် ဖြစ်သော်လည်း ရံဖန်ရံခါများတွင် မီးပျက်နေသည့်ကာလများ၌ မီးစက်ဖိုး ကုန်ကျစရိတ်များမှာ အနည်းဆုံးတစ်လလျှင် အနိမ့်ဆုံး ကျပ်သိန်း ၃၀၀ ဝန်းကျင်နီးပါး ကုန်ကျလေ့ရှိကြောင်း ဟိုတယ်ငှားရမ်းလုပ်ကိုင်သည့်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။ ထို့ကြောင့် ဟိုတယ်အများစုမှာ
မီးမပျက်စေရန် ၂၄ နာရီမီးအပြည့်ပေးနိုင်မည့်
Solar Hybrid Energy ဘက်ကိုလည်းကူးပြောင်းလာကြသည်။

“အရင်တုန်းက အန်တီတို့ဟိုတယ်ဆို ပုံမှန်(၁၅ )ခန်းလောက်ပဲ ဧည့်သည်ရှိတာ။ အခုဟိုတယ်ငှားပြီးလုပ်တဲ့သူကဘယ်လိုတွေ လုပ်သလဲမသိဘူး။ဧည့်သည်အပြည့်ပဲ ” ဟု ဗိုလ်တစ်ထောင်မြို့နယ်ထဲက ဟိုတယ်ပိုင်ရှင် တစ်ဦးက ပြောသည်။

ဟိုတယ်အငှားစျေးကွက်လုပ်ကိုင်သည့် လုပ်ငန်းရှင်များသည် တွက်ချေကိုက်ပြီးထပ်မံငှားရမ်းလုပ်ကိုင်လာကြသည့်လုပ်ငန်းရှင်များလည်းရှိသည်။ ယခင်က တစ်လုံးနှစ်လုံးလုပ်ကိုင်ကြသော်လည်း လက်ရှိတွင် ဟိုတယ်အလုံးရေ ငါးလုံး၊ ခြောက်လုံးအထိ ငှားရမ်းလုပ်ကိုင်လာကြသည့် လုပ်ငန်းရှင်များရှိလာကြသည်။

မည်သို့ပင်ဆိုစေ ကိုဗစ်နှောင်းပိုင်း ရပ်တည်ဖို့ခက်ခဲလာသည့်ဟိုတယ်လုပ်ငန်းမှာ ရပ်တန့်သလိုဖြစ်ခဲ့ပြီး
၂၀၂၃ ခုနှစ် နှောင်းပိုင်းကာလမှစတင်ကာ သိသိသာသာ အငှားစျေးကွက်ပုံစံများဖြင့် တစ်ကျော့ပြန် ရပ်တည်လာခဲ့သည်မှာ ငြင်းဖွယ်မရှိပင်လျှင်​ ဖြစ်ပါတော့သည်။

Travelling Journal
Article
Photo-Internet