ရှမ်း/တောင်ဇုန်(ဒု-ဥက္ကဋ္ဌ) ဦးကျော်ထွေး(သို့)ဓနုမြေကိုချစ်မြတ်နိုးသူရဲ့​နောက်ဆုံးခရီး

#မော်ကျွန်းသူ ရှမ်း/တောင်ဇုန်(ပင်းတယ)လို့ ဆိုလိုက်ရင် လေးထွေး လို့ခေါ်ဆိုကြတဲ့ ပင်းတယက ဦးကျော်ထွေးကိုတော့ မသိတဲ့သူမရှိရအောင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ခရီးသွားဒေသဖွံ့ဖြိုးရေးတွေမှာ စွမ ...

#မော်ကျွန်းသူ

ရှမ်း/တောင်ဇုန်(ပင်းတယ)လို့ ဆိုလိုက်ရင် လေးထွေး လို့ခေါ်ဆိုကြတဲ့ ပင်းတယက ဦးကျော်ထွေးကိုတော့ မသိတဲ့သူမရှိရအောင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ခရီးသွားဒေသဖွံ့ဖြိုးရေးတွေမှာ စွမ်းစွမ်းတမံလုပ်ကိုင်ရင်း ပြောရဲဆိုရဲတဲ့ လုပ်ငန်းရှင်တစ်ဦးအဖြစ် လူသိများပြားခဲ့ပါတယ်။ 

ခရီးသွားလုပ်ငန်းတွင်သာမကပါဘူး ဘုရား၊ကျောင်း၊ကန်၊စေတီပုထိုး၊လူမှူရေး၊ဘာသာရေးများပါမကျန် ပရဟိတအလုပ်တွေကိုပါ လုပ်ကိုင်ရတာကို ဝါသနာထုံတဲ့သူတစ်ဦးဖြစ်တဲ့အပြင်ကိုပင်းတယမှာနေထိုင်ရင်း ပင်းတယဒေသရဲ့ခရီးသွားဖွံ့ဖြိုးရေးကို ကိုယ်တိုင်အပင်ပန်းခံပြီး လုပ်ကိုင်ပေးခဲ့တဲ့သူတစ်ဦးဖြစ်ပါတယ်။

စာရေးသူအနေနဲ့  လေးထွေးကို စသိခဲ့ရတာကတော့ ဆယ်စုနှစ်ကျော်တိုင် ရှိခဲ့ပါပြီ။ မှတ်မှတ်ရရ ရှမ်း/တောင်ဇုန်ရဲ့အဓိက ပင်မလူ​တွေလို့ဆိုရမယ့် တစ်ခေတ်တစ်ခါက ရှေ့ဆောင်လမ်းပြသူတွေဖြစ်ကြတဲ့ ပင်းတယက ဦးကျော်ထွေး၊​ အောင်ပန်းက ဒေါက်တာကြည်လွင်၊ကလောက ဦးသန်းလွင်၊ညောင်ရွှေက ဦးအောင်ကျော်မိုးတို့ဟာ တစ်ခေတ်တစ်ခါက မြန့်မာ့ခရီးသွားလုပ်ငန်းတိုးတတ်ရေးတွေမှာ စွမ်းစွမ်းတမံ လုပ်ကိုင်ဆောင်ရွက်ခဲ့တဲ့သူတွေဆိုရင် မမှားပါဘူး။

ပင်းတယက ဦးကျော်ထွေး( သို့မဟုတ်) လေးထွေးရဲ့သမိုင်းကြောင်း​ကို ပြန်ကြည့်ရင်တော့ တိမ်မြုပ်နေခဲ့တဲ့ တောင်ရိုးတိုင်းရင်းသားတွေကို ဦးဆောင်ဖော်ထုတ်ပေးခဲ့သူတစ်ဦးလို့ ဆိုရပါမယ်။ 

တောင်ရိုးတိုင်းရင်းသားဖြစ်တဲ့ ဦးသောင်းရွှေနဲ့ လက်တွဲ ပြီး စာရေးသူကို မိတ်ဆက်ပေးခဲ့ပါတယ်။လိုအပ်တာတွေကို ကူညီပေးဖို့နဲ့ မီဒီယာတွေမှာသိလာအောင် လမ်းပြကူညီပေးခဲ့သူပဲဖြစ်ပါတယ်။

ပင်းတယမှာ နေထိုင်ကြတဲ့ တောင်ရိုးတိုင်းရင်းသားတွေကို စုစည်းပြီး ပင်လောင်းမြို့တီကျစ် ၊ဆည်ခေါင်းကျေးရွာမှာ ပထမဆုံးတောင်ရိုးတိုင်းရင်းသားစုံညီပွဲတော်ကို ကျင်းပနိုင်ခဲ့ပါတယ်။ အသည်းခိုက်အောင်အေးမြလှတဲ့ ဆည်​​ခေါင်းကျေးရွာရဲ့ ညချမ်းမှာ ဆရာဆင်တဲဝ မြတ်ဖုန်း (ကွယ်လွန်သွားပြီး)တောင်ရိုး ဆရာတော်တစ်ပါး(နာမည်မမှတ်မိ)အန်ကယ်ဦးသောင်းရွှေရယ် လေးထွေးတို့နဲ့ တောင်ရိုးသမိုင်းကြောင်းတွေအကြောင်းပြောကြဆိုရင်းနဲ့ကုန်ဆုံးခဲ့ရတာတွေက ဘဝမှာ မေ့မရနိုင်ခဲ့တဲ့ အထင်ကရ အမှတ်တရတွေထဲကတစ်ခုဖြစ်ခဲ့ပါတယ်။ 

အဲဒီနောက်မှာ အင်းလေးဒေသရဲ့ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေဖို့ ညောင်ရွှေက ဦးအောင်ကျော်မိုးတို့က ဦးဆောင်ပြီး အင်းလေးသစ်ခွပန်းပြပွဲကို ကျင်းပခဲ့ပါတယ်။ စာရေးသူတို့လည်း အင်းလေးသစ်ခွပန်းပြပွဲတော်ကို ချီတက်တက်ရောက်သတင်းယူဖြစ်ခဲ့ပါတယ်။ အဲဒီပြပွဲမှာလည်း လေးထွေးတို့က ဦးဆောင်ပြီး ပြပွဲမှာ တောင်ရိုးတိုင်းရင်းသားပြခန်းနဲ့ ပင်းတယဒေသထွက် ရှားပါးမျိုးစိတ်သစ်ခွပန်းတွေကို စုစည်းပြသနိုင်ခဲ့ပါတယ်။လာရောက်ကြတဲ့ နိုင်ငံခြားသားအများစုရဲ့စိတ်ဝင်စားခြင်းကို ခံခဲ့ရတဲ့တောင်ရိုးတိုင်းရင်းသားပြခန်းလို့ဆိုဟာဆိုရင် အအောင်မြင်ဆုံးပွဲတော်တစ်ခုလို့ မှတ်တမ်းတင်လို့ရပါတယ်။ 

တကယ်တော့ ပင်းတယမှာ အဖိုးထိုက်တန်တဲ့ရှားပါးတဲ့ မျိုးစိတ်သစ်ခွပန်းတွေ ပေါက်ရောက်ရာအရပ်ဒေသဖြစ်ပါတယ်။ အရှေ့မြင်အနောက်မြင်တောင်တန်းတစ်ကြောမှာ ရှားပါးသစ်ခွတွေ အများဆုံးပဲရှိတယ်လို့ လေးထွေး တစ်ယောက် စာရေးသူနဲ့ ကြုံတိုင်း ပြောပြလေ့ရှိတဲ့စကားတစ်ခွန်းပါပဲ။

စာရေးသူတို့ခင်မင်မှုကာလက ဆယ်စုနှစ်ကျော် ခင်မင်လာရတဲ့ ဆက်ဆံရေးမှာ ရေးစရာတွေများပြားလှပါ တယ်။ မှတ်မှတ်ရရအထင်ကရတွေကိုသာ စာရေးသူက ထုတ်နှုတ်ရေးပြခြင်းသာဖြစ်ပါတယ်။ 

ဟိုးအရင်တုန်းကဆို ပင်းတယရဲ့ရေကန်ကြီးက ခမ်းခြောက်ခဲ့သေးတယ်ဆိုရင် ယုံကြမှာမဟုတ်ခဲ့ပါဘူး။ ပင်းတယရေကန်ကြီးကို စက်ယန္တားရားတွေနဲ့တူးပြီး ရေဝင်အောင်တူးဖော်ခဲ့စွမ်းဆောင်ခဲ့ပါသေးတယ်။

ပင်းတယရဲ့အင်းယားကန်ကိုလည်း လေးထွေးတစ်ယောက်အရမ်းကို Tourist Attraction ဖြစ်စေချင်ခဲ့တဲ့သူတစ်ဦးပါ။ တောင်တွေပတ်လည်ကြားထဲက အင်းယားကန်ရဲ့အလှကြားထဲ ဖောင်စီးအနားယူတဲ့ခရီးစဥ်တွေကန်ဘေးနား ငါးကင်စားပြီးအနားယူနိုင်တဲ့  Recreation Zone တွေကို ဖြစ်စေချင်ခဲ့တဲ့ လေးထွေးရဲ့ဆန္ဒတွေလို့ဆိုရပါမယ်။

တကယ်တော့ပင်းတယမြို့ငယ်လေးက ဟိုးအရင်ကာလတွေကဆိုရင် ကလောကလာတဲ့ဧည့်သည်တွေက အောင်ပန်း -အင်းလေး – ပင်းတယကိုသွားရောက်လည်ပတ်ကြခဲ့တာပါ။နေ့ချင်းပဲ ပြန်ကြတာမို့ ပင်းတယမှာ ညအိပ်ဧည့်သည်တွေပိုမိုဝင်ရောက်လာဖို့ကြိုးစားခဲ့တဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

Trekking လမ်းကြောင်းတွေဖော်ထုတ်၊နိုင်ရာဝန်တွေလုပ်ကိုင်၊တဖက်ကလည်းရှေးဟောင်းဘုန်းကြီးကျောင်းတွေ ပြန်လည်ဆောက်လုပ်ခဲ့တဲ့ ဘုရားဒါယကာအလုပ်ကိုလည်းမလစ်ဟင်းခဲ့ပါဘူး။ 

အသက်၇၀ကျော်နဲ့မလိုက်ဖက်အောင် ဧည့်ဝတ်ကျေပွန်ပြီး ပင်းတယရဲ့ခရီးသွားလုပ်ငန်းတိုးတက်ဖို့ဆိုရင် မမောနိုင်မပန်းနိုင် မငြီးငြူပဲလိုက်လံပို့ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။ ပင်းတယကိုလာရောက်ဖို့ စာရေးသူကို ဖိတ်ခေါ်တိုင်း ရောက်အောင်သွားတာနဲ့ နေရာအစုံကို လိုက်လံပို့ဆောင်ပေးတာကလည်း ဝါသနာကြီးမားလှပါတယ်။ 

တစ်ခါကလည်း စာရေးသူကို ဒီတစ်ခေါက် ပင်းတယကို လာရင် ထူးခြားတဲ့ဘုရားဆီကို လိုက်ပို့ပေးမယ်။ ဆု တောင်းပြည့်တယ်လို့ဆိုပါတယ်။ အိမ်မက်ပေးပြီး ရှာဖွေတွေ့ရှိခဲ့တဲ့ ပင်းတယက လျောင်းတော်မူ ရုပ်ပွားတော်ဆီ လေးထွေးတစ်ယောက် လိုက်လံပို့ပေးခဲ့ပါတယ်။ အိမ်မက်ပေးကာ ရှာကြည့်ပြီးမှ ခြုံနွယ်ပိတ်ပေါင်းတွေကြား မှာတွေ့ခဲ့ရတဲ့ လျောင်းတော်မူ မြတ်စွာဘုရားရုပ်ပွားတော်ကို ၁၉၉၅ မှာ ပြုပြင်ပြီး (၇)ရက် ပဌာန်းဖြင့်ပူဇော်ကာ အနေကဇာတင်ခဲ့တဲ့ ရုပ်ပွားတော်မြတ်ကို အများသူငှာဖူးမြှော်နိုင်အောင် ကြိုးစားအားထုတ်ခဲ့သူလည်းဖြစ်ပါတယ်။ 

ပင်းတယမြို့ မြောက်ကျောင်းကြီးအတွင်းမှာ တည်ရှိပြီး ဦးခေါင်းတော်ကို အနောက်ဘက်ပြုထားတဲ့ ရုပ်ပွါးတော်ကို ဆုတောင်းအဓိဌာန်ပြုဖူးရင် ဆုတောင်းပြည့်လို့ ဆုတောင်းကြလို့ လေးထွေးက စာရေးသူကို လိုက်ပို့ပေးပြီး ရှင်းပြခဲ့ပါတယ်။

ဒါ့ပြင် နှစ် ၁၀၀ ကျော်သက်တမ်းရှိတဲ့ ပြိုကျတော့ မယ့် သစ်အယ်ပင်ကျောင်းကိုလည်းလိုက်လံပို့ဆောင်ရှင်းပြပေးခဲ့ပါသေးတယ်။ သစ်အယ်ပင်ကျောင်းကြီးကိုလည်း လေးထွေးတစ်ယောက် ကုသိုလ်ယူဆောင်ရွက်လုပ်ကိုင်ပေးခဲ့သူဖြစ်ပါတယ်။ 

ပင်းတယဆိုတာ နှစ်သက်တမ်း ရာကျော်ရှိတဲ့ ညောင်ပင်အိုကြီးတွေ အများကြီးရှိတဲ့မြို့ငယ်လေးပါ။ နောက်ထပ်အထင်ကရ အမှတ်တရ တစ်ခုကတော့ ၂၀၁၈ ခုနှစ်မှာ စာရေးသူ နဲ့ လေးထွေး တို့ဘော်ဆိုင်းမြို့လေးကိုသွားရောက်လည်ပတ်ခဲ့ပါတယ်။ ဘော်ဆိုင်းမြို့အကြောင်းဆောင်းပါး​ရေးလို့ရအောင် စာရေးသူကို လိုက်လံပို့ပေးခဲ့ပါတယ်။

ဘော်ဆိုင်းမြို့ရဲ့စိတ်ဝင်စားစရာအကြောင်းတွေကိုကားပေါ်မှာစီကာပတ်ကုံးရှင်းပြခဲ့တာ။ဘော်ဆိုင်းမြို့လေးဟာ သေးပေမဲ့ ချစ်စရာကောင်းပြီး ဘော်ဆိုင်းဟာ အထင်ကရလူတစ်ချို့ကို မွေးထုတ်ပေးခဲ့တာတွေ။ 

ကျေးဇူးတရားကို ကျေးဇူးပြန်ဆပ်တဲ့ ဆရာကျောင်းလို့ မသိသူမရှိတဲ့ ဦးအောင်ကိုဝင်း ရဲ့မွေးရပ်ဌာနီလို့ လေးထွေးက ဘော်ဆိုင်းမြို့အကြောင်းရှင်းပြပေးခဲ့ပါတယ်။ ခဲ၊ငွေ၊သတ္တု အများဆုံးထွက်ပြီး တရုတ်ကုမ္မဏီတွေ အများစုအခြေစိုက်တဲ့မြို့လို့လည်းဆိုလို့ရပါတယ်။

ဘော်ဆိုင်းမြို့စားဦးစစ်ဟန်အုပ်ချုပ်ခဲ့တဲ့မြို့ဗိသုကာလက်ရာပညာရှင်တွေကို အစပြုမွေးထုတ် ပေးခဲ့တဲ့ ဘော်ဆိုင်းမြို့အကြောင်း စီကာပတ်ကုံးရှင်းပြပြီးလိုက်ပို့ပေးခဲ့ပါတယ်။ စာရေးတဲ့အခါအထောက်အကူဖြစ်စေဖို့ ဘော်ဆိုင်းမြို့သား ကျောင်းဆရာအငြိမ်းစားဖြစ်သူ ဦးအောင်ပုကို သိလိုသမျှမေးမြန်းဖို့  ဖိတ်ခေါ်ပြီး ကားပေါ်မှာလေးထွေးနဲ့ဆရာကြီးတို့က စာရေးသူကို တလှည့်စီပြောကြားခဲ့ရတာတွေကလည်း ဘဝမှာ အမှတ်တရနေ့စွဲတွေ ဖြစ်ခဲ့ရပါတယ်။

ဒါ့ပြင် ပင်းတယက ဇော်ဂျီရေထွက်နားမှာ ခရီးသွား Destination အနေနဲ့လုပ်ကိုင်ဖို့ ဒေသဦးစီးဆီကို  တင်ပြ ခဲ့ကြပေမဲ့ မအောင်မြင်ခဲ့လို့ လေးထွေးက စာရေးသူကို ပြောခဲ့ပါသေးတယ်။ ခရီးသွားဧည့်သည် တွေလာရောက်ဖို့ဆို ပင်းတယရဲ့ခရီးသွားနေရာတွေကိုသိစေချင်ဖို့ အားထုတ်ကြိုးပမ်းပေးခဲ့တဲ့ စာရေးသူတို့ခရီးသွားအသိုင်းအဝန်းကတော့ လူမှန်ကြီး။ ဒဲ့ဒိုး ပြောတက်တာကြောင့် အားလုံးကတော့ ချစ်စနိုးနဲ့  လူမှန်ကြီးလို့လည်း ခေါ်ကြပါတယ်။ 

တခါကလည်း စာရေးသူကို နေ့ချင်းပြန် ခရီးလည်းတို Trekking ဖြစ်တဲ့ ပေ ၅၀၀၀ နီးပါးတက်ရတဲ့ ပင်းတယ- မြောက်ဂူ – မြသိန်းတန် တောင် ထွတ်နီကျေးရွာကို သွားလည်ဖို့ စာရေးသူကို လေးထွေးတစ်ယောက် ဧည့်လမ်းပြ ကိုစိုင်းသီဟကို လိုက်လံပို့ခိုင်းခဲ့ပါသေးတယ်။ လေးထွေး ကျေးဇူးကြောင့် နဲ့ ပေ ၅၀၀၀ အမြင့်ပေရှိတဲ့ ထွတ်နီရွာကိုလည်း ရောက်ခဲ့ဖူးပါတယ်။

ဒါ့ပြင် စာရေးသူကို ရပ်စောက်မြို့ဆီကိုလည်း လိုက်လံ ပို့ ဆောင်ပေးခဲ့ပါသေးတယ်။ ရပ်စောက်သွားလမ်းမဘေး ဧကများစွာရှိကြတဲ့ မိုင်းအင်ကျေးရွာမှာ  နှင်းဆီ ခြံ ဆီ လေ့လာနိုင်စေဖို့ လိုက်ပို့ပါသေးတယ်။ ဒါ့ပြင် ရပ်စောက်မြို့နယ်ထဲက အပျိုစင်နယ်မြေတစ်ခုလို့တင်စားရတဲ့ ပလောင်တောင်တန်းတွေ က ပလောင် အိမ်တွေဆီကို ၂၀၁၉ ခုနှစ် တုန်းကလည်း လိုက်ပို့ပေးပြန်သေးပါတယ်။ 

ဒီဘက်ဒေသတွေမှာ ဒဏ္ဍာရီတွေလည်း ရှိတယ်လို့ လေးထွေးက စိတ်ဝင်စားဖွယ် ရှင်းပြပါတယ်။ ဒီဖက်တွေကို ပြည်တွင်းကောပြည်ပကပါ မရောက်သေးဖူးလို့ ပလောင်ရွာတွေဆီကို လိုက်လံပို့ဆောင်ပေးခဲ့တဲ့ ဦးဝါယမ က စာရေးသူကိုရှင်းပြပါတယ်။

လေးထွေးကို တိုင်းရင်းသားတွေက ချစ်ကြတယ်။လေးစားကြတယ်။ တည်တည်ကြည်ကြည်ပုံစံရှိပေမယ့် နှစ်လိုဖွယ်ကောင်းပြီး စကား​ပြောရင် စိတ်ပါလက်ပါပြောတတ်တဲ့ လေးထွေးလို့ ဆိုရပါမယ်။ 

ဒီလို ဒေသအကျိုးအတွက်လုပ်ကိုင်ဆောင်ရွက်ခဲ့တဲ့ ဘုရား၊ ကျောင်း ဒါယကာကြီး မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (ရှမ်းတောင်ဇုန်)ဒုတိယ ဥက္ကဋ္ဌ ဖြစ်တဲ့ ဦးကျော်ထွေး (Golden Cave Hotel) ဟိုတယ်ရဲ့ ပဲ့ကိုင်ရှင်ဖြစ်သူ ဦးကျော်ထွေး (သို့) လေးထွေးလို့ ချစ်စနိုးခေါ်ကြတဲ့ အသက် (၇၆) ခုနှစ် ရှိပြီဖြစ်တဲ့ လေးထွေးဟာ ၂၀၂၅ခုနှစ်၊မေလ (၁၄) ရက်၊နံနက်(၆း၀၀)နာရီမှာ ကွယ်လွန်သွားခဲ့ပါတယ်။

လူသာသေသော်လည်းနာမည်မသေခဲ့တဲ့ လေးထွေးတစ်ယောက်လို့ စာရေးသူက အမွှန်းတင်ချင်ပါတယ်။ အခုတော့ဖြင့် တောင်စဉ်တောင်တန်းတွေ၀န်းရံနေတဲ့ မြို့ငယ်လေး။ စိမ်းဝါနီ စိုက်ခင်းတွေကြားက လေးထွေးချစ်တဲ့ မြို့ငယ်လေးမှာ ထာဝရအိပ်စက်လှဲလျောင်းနေရင်း လေးထွေး ကို ဒီဆောင်းပါးနဲ့ ဂါရဝပြုလိုက်ရပါတော့တယ်။ 

#Travelling Journal
#Article
#ပုံ-စာ စာရေးသူနဲ့အမှတ်တရရိုက်ကူးခဲ့သည့်ပုံံရိပ်တစ်ချို့ကိုတွေ့ရစဥ်။