ကမ္ဘာကျော်ကွေးမြစ်ဘေးကဝိညာဉ်တို့လှဲလျောင်းရာနေရာ

ယဉ်ယဉ်လှ ကြည်လင်ပြီး မိုးသားကောင်းကင်ကလည်းပြာ လဲ့လဲ့အချိန် …၊ စာရေးသူ ရင်ထဲမှာ တုန်ရီလှုပ် ခတ်နေတယ်။ အမျိုးအမည်မသိတဲ့ခံစားမှုကိုလည်း တစ်ပြိုင်နက်တည်း ခံစားရနေသေးတယ်။ ဒီနေရာက တော့ ကမ္ဘာကျော် ကွ ...

ယဉ်ယဉ်လှ

ကြည်လင်ပြီး မိုးသားကောင်းကင်ကလည်းပြာ လဲ့လဲ့အချိန် …၊ စာရေးသူ ရင်ထဲမှာ တုန်ရီလှုပ် ခတ်နေတယ်။ အမျိုးအမည်မသိတဲ့ခံစားမှုကိုလည်း တစ်ပြိုင်နက်တည်း ခံစားရနေသေးတယ်။ ဒီနေရာက တော့ ကမ္ဘာကျော် ကွေးမြစ်နံဘေးက သေမင်းတမန် ရထားသံလမ်းကို ရောက်ရှိနေခဲ့တဲ့အချိန် …။

အိမ်မက်ထဲက ရောက်ဖူးချင်ခဲ့တဲ့နေရာလေး တစ်ခု။ ကျောက်သားနံရံများက တစ်ဖက်မှာ။ တစ်ဖက်ကတော့ ချောက်ကမ်းပါးကြီး။ ကမ်းပါးရဲ့ ဒီဘက်အခြမ်းက ရာဇဝင်ထဲက ကမ္ဘာကျော်ကွေးမြစ်ရဲ့ အလှတရား။ ဒီမြစ်ထဲမှာ တစ်ချို့ကတော့ နိုင်ငံခြားသားတစ်ချို့ လှေစီးနေတာအနည်းငယ်တွေ့ရတယ်။

ကမ္ဘာကျော်မို့ လာရောက်လည်ပတ်ကြတဲ့ ခရီး သွားတွေလည်းများပြားပါ့။ ဒီထဲမှာလည်း စာရေးသူ လည်း အပါအဝင်မို့လေ။ ဒီနေရာကတော့ ထိုင်းနိုင်ငံရဲ့ တတိယမြို့တော်လို့ တင်စားတဲ့ ကန်ချနာ ပူရီမြို့တော် အတွင်းမှာရှိတာပါ။ ကန်ချနာပူရီခရိုင် အတွင်းမှာရှိတဲ့ သေမင်းတမန်ရထားသံလမ်းနေရာ။ ရောက်ဖူးသူတိုင်း ဒီလိုခံစားမှုမျိုးကို ခံစားရစေမှာ အမှန်ပါပဲ။

လူ့အသက်ပေါင်းများစွာရဲ့ အသက်ဝိညာဉ်တွေကို ခြွေယူခဲ့ပြီး ဝိညာဉ်တို့လှဲလျောင်းရာနေရာဖြစ် တာမို့ ကမ္ဘာကျော်ခဲ့ပြီး လက်ရှိအချိန်ထိ နိုင်ငံတကာ ခရီးသွားဧည့်သည်တွေအများဆုံးလာရောက်လေ့လာ ခဲ့ကြတဲ့ နေရာတစ်ခုဖြစ်လို့နေခဲ့တာပါ။ ဒီနေရာကို ရောက်တဲ့သူတိုင်းကတော့ လှပတဲ့ ကွေးမြစ်ဘေးက အလှတရားနဲ့ ဝိညာဉ်တွေလှဲလျောင်းနေခဲ့တဲ့ သေမင်း တမန်ရထားသံလမ်းကို ဖြတ်လျှောက်ပြီး တစ်ချိန် တုန်းက ဒီနေရာမှာ သေဆုံးခဲ့တဲ့သူတွေအတွက်လွမ်းဆွတ်နေမိမှာကတော့ အမှန်ပါပဲ။ ကိုယ့်နိုင်ငံက နိုင်ငံသားတွေ အသက်ပေးခဲ့ကြတဲ့အတွက် သေဆုံး ခဲ့တဲ့သူတွေရဲ့ နိုင်ငံက ခရီးသွားတွေဟာ အများဆုံး လာရောက်လေ့လာခဲ့ကြတာပါပဲ။ သူတို့ရဲ့ နိုင်ငံသား တွေ ဒီနေရာမှာ သေဆုံးခဲ့ရတာ။

အများစု အသက်ဝိညာဉ်တွေပေးခဲ့ရတာက တော့ မြန်မာတွေပါပဲ၊ တစ်ချိန်လုံးက သေမင်းတမန် ရထားသံလမ်းဖောက်ဖို့ ချွေး၊ သွေးများစွာကိုပေးဆပ် ခဲ့ရသလို အနှိပ်စက်ခံ အညှဉ်းဆဲခံ ကိုယ်လုံးတီး အရိုက်ခံရပြီး ရထားသံလမ်းကို နာကျင်ခံခက်ခဲစွာ ဖောက်လုပ်ခဲ့ကြတဲ့ ချွေးတပ်သားအကုန်လုံးကို သနား နေမိ တယ်။ စစ်ရဲ့ဆိုးကျိုးက လောင်မြိုက်နေခဲ့တာကိုး။ အမေရိကန်၊ သြစတြေးလျ၊ မလေး၊ မြန်မာ၊ ဂျပန်၊ ဒက်ချ် ချွေးတပ်သားများရဲ့ ကံကြမ်္မာက ကွေးမြစ်ဘေးမှာ လှဲလှောင်းခဲ့ရတယ်။ ဒါကြောင့်လည်း ကမ္ဘာကျော်ခဲ့ပြီး ဒီနေရာဟာ သမိုင်းဝင်ခဲ့သလို ခရီး သွားတွေ မဖြစ်မနေလာရောက်လေ့လာခဲ့ကြတဲ့ နေရာတစ်ခုဖြစ်လု့ိ နေခဲ့ပါ တယ်။

သိပ်လှတဲ့ အလှတရားတွေကို တွေ့မြင်လိုက် ရတဲ့အတွက် အရမ်းကို လာရကျိုးနပ်ပြီလို့ပြောလိုက် တဲ့ စာရေးဆရာမ ခင်ပန်နှင်းက ပြောလိုက်တာကို လည်း နားထဲမှာအမှတ်မထင်ကြားယောင်နေမိတယ်။ (အခုတော့ဖြင့် စာရေးဆရာမကတော့ ကွယ်လွန်သွား ခဲ့ပါပြီ)
ဒီကိုလာရတဲ့သူတွေ အကုန်လုံးရဲ့ စိတ်ထဲမှာ ကိုယ်စီတူညီတာတော့ရှိနေမှာတော့အမှန်ပါဘဲ။စိတ် ဝင်စားဖွယ်ကောင်းတဲ့နေရာတွေကိုရှာဖွေပြီး လိုက်လံ ပြသပေးတတ်တဲ့ သုခမိန်စာပေက ဦးမျိုးကြီးကိုလည်း ကျေးဇူးအထူးတင်မိပါတယ်။

ဒုတိယ ကမ္ဘာစစ်က ဂျပန်စစ်တပ်ရဲ့ထောက်ပံ့ ရေးလမ်းကြောင်းအတွက် ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံ ကြား မီးရထားကွန်ယက်တည်ဆောက်နိုင်ဖို့ သုံ့ပန်း များကို ကျွန်သဖွယ်စေခိုင်းခဲ့ကြတဲ့နေရာ၊ ၁၉၄၂ ခုနှစ်ကနေ ၁၉၄၃ ခုနစ်အထိ
ဖောက် လုပ်ခဲ့ပြီး အသက်ပေါင်းများစွာသေကြေပျက်စီးခဲ့ရတာပါ။ ချွေးတပ်သားတစ်သိန်းကျော် သေဆုံးခဲ့ကြ တာမို့ ဒီနေရာလေးကို ရောက်ဖူး ချင်ခဲ့တာပါ။

ဒီသေမင်းတမန်ရထားလမ်း ဖောက်လုပ်ခဲ့ချိန်မှာ သေဆုံးခဲ့တဲ့ တစ်ချို့မဟာမိတ်နိုင်ငံတွေရဲ့ အောက် မေ့ဖွယ် အထိမ်းအမှတ်နေရာတွေကို ထားရှိပေးခဲ့ပါတယ်။ ဒါပေမဲ့ အများဆုံးအသက်ပေး ခဲ့ကြတဲ့ မြန်မာတွေရဲ့ အထိမ်းအမှတ်နေရာတွေက တော့ မရှိခဲ့ပါဘူး …။ ရင်နင့်စရာပါပဲ။

ထိုင်းနိုင်ငံ၊ ကန်ချနာပူရီမြို့နယ်အတွင်းက သေမင်းတမန်ရထားပိုင်း အစပိုင်းနဲ့ အဆုံးပိုင်း ရထားလမ်းပိုင်းတွေကို လေ့လာကြည့်ရှုခဲ့ရတယ်။ ရထားလမ်းပေါ်ကို လျှောက်ကြည့်တော့ ရင်ထဲမှာ တလှပ်လှပ်နဲ့၊ နေရောင်ကလည်း ခေါင်မိုးပေါ်မှာတည့် တည့်၊ ရထားလမ်းပိုင်းပေါ်ကို လျှောက်ကြည့်တော့ အစွန်းပိုင်းမှာ အမှတ်တရဓာတ်ပုံရိုက်တော့ အောက် ပြုတ်ကျမလို၊ ရီဝေေ၀နဲ့ မူးနောက်နောက်လည်း ဖြစ်သွားခဲ့ရတယ်။

ဒီနေရာမှာ ချွေးတပ်သားတွေရဲ့ ဝိညာဉ်တွေ လဲှလျောင်းနေခဲ့တာကိုး။ သူတို့တွေ ကိုယ်တွေကို ကြည့်နေမလားလို့ ရုတ်တရက်တွေးမိလိုက်တော့ နှလုံး ရုတ်တရက်အောင့်သွားခဲ့ရတယ်။ ရင်နင့်ခဲ့ရတယ်။ ကိုယ့်ရဲ့ ချစ်ခင်ရတဲ့သူတွေကို ဆုံးရှုံးခဲ့ရသလိုမျိုး ခံစားမှု …။ ဘာကြောင်များ ဒီလောက်ထိ ရက် စက်နိုင်ခဲ့ရတာလဲ၊ လူသားချင်းစာနာမှုတွေ ဘယ် တွေကိုရောက်ခဲ့ကြလဲ၊ အစာရေစာမကျွေးပဲ ညှဉ်း ပန်းနှိပ်စက်ပြီး ရထားသံလမ်းကို ဖောက်လုပ်စေခဲ့တာ။ ပြီးတော့ အရှင်လတ်လတ်မြေ မြှုပ်ခဲ့တာတွေကို ဘယ်လိုနှလုံးသားမျိုးနဲ့ လုပ်ရက် နိုင်ကြသလဲ။ စစ်ရဲ့ ဆိုးကျိုးက နှလုံးသားထဲမှာ မုန်းတီးနေခဲ့မိတယ်။ ဒီလိုသမိုင်းမှာ ဖြောက်ဖျက် ပစ်လို့မရတဲ့ မှတ်တမ်းတွေကြောင့် ကမ္ဘာလည်းကျော် ခဲ့ပါပြီ ကွေးမြစ်ရယ် …။

Travelling_Journal
ခရီးသွားဆောင်းပါး
Vol_1_Issue_7
Photo_YinYinHla