ဟိုတယ်ခတွေဈေးကြီးနေသေးသလော

သတိုးလွင်(ပထဝီဝင်) “တစ်ညဘယ်လောက်လဲ” “ မနက်စာအပါအဝင် ဘတ် ၇၀၀ ပါ” “ဒီထက်ဈေးသက်သာတာရှိသေးလား” “ဘတ် ၅၅၀ တစ်ခန်းတော့ကျန်သေးတယ် window မပါဘူးအခန်းကျဉ်းနော် #101” “ဒေါ်လာနဲ့ဆိုဘယ်လောက်လဲ” ...

သတိုးလွင်(ပထဝီဝင်)

“တစ်ညဘယ်လောက်လဲ”

“ မနက်စာအပါအဝင် ဘတ် ၇၀၀ ပါ”

“ဒီထက်ဈေးသက်သာတာရှိသေးလား”

“ဘတ် ၅၅၀ တစ်ခန်းတော့ကျန်သေးတယ် window မပါဘူးအခန်းကျဉ်းနော် #101”

“ဒေါ်လာနဲ့ဆိုဘယ်လောက်လဲ”

“တစ်ဒေါ်လာ ၂၅ ဘတ်နဲ့ဆိုအနိမ့်ဆုံးအခန်းက $၂၂လောက်ကျပါတယ်”

လွန်ခဲ့သော ၂၇ နှစ်ခန့်က စာရေးသူဘွဲ့လွန်ပညာသင်ရင်းညဘက်မှာအလုပ်လုပ်တဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဆူခွန်ဗစ်လမ်းမကြီး Soi 7 မှာရှိတဲ့ Maaxim’sInn ဟိုတယ်လေးရဲ့ ညပိုင်းမှာ မေးဖြေနေကျအဖြစ်အပျက်လေးတစ်ခုပါ။
စာရေးသူရဲ့ Tourism Fobia ခရီးသွားပိုးဟာ ဘန်ကောက်ကိုစရောက်ခဲ့တဲ့ ၁၉၉၀ ပြည့်နှစ်မှစခဲ့တယ်ဆိုမမှားပါ။ Transit အနေနဲ့ လာသမျှဧည့်သည်အလုပ်ကိစ္စ ၊အလည်အပတ် ဝင်လာတဲ့မြန်မာဧည့်သည်တွေ ကြိုပို့ရင်းခရီးသွား လုပ်းငန်း ကိုစိတ်ဝင်စားလာတာဟာ Gateway City of South East Asia ဖြစ်တဲ့ ဘန်ကောက်မှာနေခဲ့တဲ့အကျိုးတစ်ခုလို့ဆိုလျှင်မမှားပေ။


Business Admin Diploma စာသင်ရင်းညပိုင်းမှာအခန်း ၃၀ သာရှိတဲ့ဟိုတယ်လေးတစ်ခုမှာ F.O Receptionist အနေနဲ့ ဝင်လုပ်ခဲ့ပါတယ်။ လစာ မများပေမယ့် အတွေ့အကြုံရလိုတာကြောင့် သူငယ်ချင်းကိုစိုးသူရထွန်းရဲ့ဆက်သွယ်ပေးမှုနဲ့ အလုပ် ဝင်ဖြစ်ခဲ့ပါတယ်။ ဧည့်ကြို အလုပ်သာမက ညဘက် Room Service အစာပြေမှာရင်လည်း Kitchen ထဲဝင်ပြီးFast Food လုပ်ပေးခဲ့ရသလို Bell Boy မအားရင်လည်း အထုပ်အပိုးဝိုင်းသယ်ပေးခဲ့ရတာလည်းရှိပါတယ်။ ညဘက်အဖော်ခေါ်လာတဲ့ ဧည့်သည် တစ်ယောက် မိန်းမအစစ်နဲ့ မိန်းမလျာ မခွဲခြားနိုင်ဘဲ မှားခေါ်လာမိပြီးမှ မဆီမဆိုင် FO မှာ လာပြီး ပြသနာရှာတာလည်း ကြုံတွေ့ ခဲ့ရဖူးလေရဲ့။

ထိုင်းမိသားစုပိုင်ဟိုတယ်လေးကိုနှစ်ပေါင်း (၃၀)နီးပါး ကြာပြီးနောက် တစ်ခေါက်ပြန်ရောက်ပြီးအလွမ်းပြေ (၂)ည တည်းကြည့်ခဲ့ပါတယ်။မူလပိုင်ရှင်တွေမှ ထိုင်းစီးပွားရေးကပ်ဆိုက်ခဲ့တဲ့ ၁၉၉၇ နောက်ပိုင်းမှာ ထိုဟိုတယ်လေးအား ဟောင်ကောင်သူဋ္ဌေး တစ်ယောက်ကိုရောင်းခဲ့ကြောင်းသိရပါတယ်။ HK $ ၁၀သန်းနဲ့ အလုပ်ဖြစ်ခဲ့တဲ့ ဟိုတယ်လေးဟာ ယနေ့တိုင် အခြေအနေကောင်းနေဆဲပါ။ Property Value သာမက အခန်းခလဲ ၂ဆခွဲခန့်ပိုရနေဆဲပါ။ စာရေးသူရှိတုန်းက US$30 လောက်ရှိတဲ့အခန်းကိုဒီနေ့ US$ 60 ပေးခဲ့ရပါတယ်။ ထိုင်းကဟိုတယ်တွေကမြန်မာထက်ဈေးပေါတယ်ဆိုတာ တစ်ကယ်လား! ယခုအခါ ရန်ကုန်မှာ US$ 60 လောက်ဆို ကြယ်လေးပွင့် (4 Stars)ဟိုတယ်တည်းလို့ရနေပါပြီ။

မြန်မာပြည်ဟိုတယ်အီဗော်လူးရှင်း

ဗြိတိသျှကိုလိုနီလက်ထက်ကတည်းက မျက်နှာဖြူတွေတည်းဖို့ အပန်းဖြေဖို့ ဟိုတယ်တွေ ဘန်ဂလိုတွေ မြန်မာပြည်မှာရှိခဲ့ပါတယ်။ အထင်ကရအနေနဲ့၁၉၀၄ခုနစ်မှာဆောက်ခဲ့တဲ့ ကမ်းနားဟိုတယ် (The Strand) နဲ့ပြည်လမ်းနိုင်ငံခြားရေးရုံးဟောင်းရှေ့ရှိ ပဲခူးကလပ်ရှိခဲ့ပါတယ်။ မြို့ထဲမှာဆိုရင်ဆူးလေဂရင်းဟိုတယ်နှင့် ၁၉၆၀ပြည့်နှစ်မှာအင်းယားလိတ်ဟိုတယ်၊ သမ္မတဟိုတယ်တို့ကို ရှရှား အကူအညီနဲ့ဆောက်ခဲ့ပါတယ်။ ထိုစဉ်ကကုန်သွယ်ရေး (၂၀)ရဲ့လက်အောက်ခံ Tourist Burma နဲ့ ဟိုတယ် လုပ်ငန်းဌာန မှ စီမံအုပ်ချုပ်ခဲ့ပါတယ်။ ၁၉၉၀ ပြည့်လွန်နှစ် နဝတ အစိုးရခေတ်ရောက်တော့ ခရီးသွားလုပ်ငန်း ကိုပုဂလိကလုပ်ကိုင်ခွင့်ပေးနိုင်ရန်ပြဌာန်းပြီး ဟိုတယ် ခရီး ဝန်ကြီးဌာနလည်း ၁၉၉၂ တွင်မွေးဖွားခဲ့ပါတယ်။ ဟိုတယ်လိုင်စင်ကို ဝန်ကြီးဋ္ဌာနလက်အောက်ရှိ TRD ဋ္ဌာနမှထုတ် ပေးခဲ့ပြီးအခန်း ၄ ခန်းရှိတဲ့ Inn ခေါ် motel / ဧည့်ဂေဟာတွေလည်းမှိုလိုပေါက်လာကြပါတယ်။မဆလ ခေတ်မှာဒေါ်လာငွေ ကိုကန့်သတ်ခဲ့သည့် ကာလနှစ် ၃၀ နီးပါးကြာပြီးယခုလို FE ကိုင်ဆောင်ပြီးကိုယ်ပိုင် US$ ဝင်ငွေရတဲ့ ဟိုတယ် ခရီးလုပ်ငန်းစတင် ချိန်မှ ကိုယ်ပိုင် အိမ် ကို Inn လုပ်လာကြတာ မဆန်းကြပေ။ ၁၉၉၆ ခုနှစ် Visit Myanmar Year မတိုင်ခင် ရန်ကုန်မြို့မှာ ပထမဆုံး နိုင်ငံတကာအဆင့် ဟိုတယ်က Summit Parkview ဟိုတယ်ပါ။ထိုအချိန်က FO Team မှ မခိုင်နွယ်သိန်းတို့ Sales မှ မမေမြတ်မွန်ဝင်း တို့နဲ့စသိခဲ့ပါတယ်။ ထိုစဉ်က တစ်ခန်းကို US$ 108ထိ ကန်ထရိုက်ဈေးပေးခဲ့ ရပါတယ်။ နောက်ပိုင်း Sedoan, Traders , Equatorial, Nikko Royal Lake ,Baiyoke Kandawgyi Hotel တို့ဆက်တိုက် ပေါ်ပေါက်လာပါတယ်။ ၂၀၀၇မှ၂၀၁၀ နှစ်မှာတော့ ခရီးသွားလုပ်ငန်းအတွက် မုန်တိုင်းထန်တဲ့ကာလလို့ဆိုလို့ရပါတယ်။

၂၀၀၅ -၂၀၀၆ ကာလကရွှေနှစ်တွေလို့ ဆိုနိုင်သလောက် ရွှေဝါရောင်တော်လှန်ရေးအပြီး ၂၀၁၈ နာဂစ်ကပါ လက်ဆောင်ပါလာခဲ့ပြီး ဧည်သည်ဝင်ရောက်မှု ဆက်တိုက် ကျဆင်းမှုကြောင့် အခက်အခဲတွေ့ခဲ့ရပါတယ်။ ရန်ကုန်မြို့လယ်က ကြယ် ၅ ပွင့်အဆင့်ဟိုတယ်ကြီးတွေတောင် အာရှဈေးကွက်အတွက် US$ 23 နံနက်စာအပါအဝင်ရှိခဲ့တာ မှတ်မိပါသေးတယ်။
International Hotel တွေမှာတောင် ဒီလိုတွေဖြစ်လာတော့ တချိန်ကတစ်ညဒေါ်လာ ၇၀ လောက် ခပ်တင်းတင်း ရောင်းခဲ့တဲ့ ၄ ခန်းပါ Inn ဟိုတယ်တွေဟာတစ်ည ၁၅ ဒေါ်လာ တောင်မပေးချင် တော့တဲ့အခြေအနေရှိခဲ့ပါတယ်
မြို့လယ်ခေါင်ရှိ ကြယ် ၅ပွင့်ဟိုတယ်ကြီးတွေလည်း UN/NGO အဖွဲ့ကြီးတွေကို တစ်လ US$ 500 လောက်နဲ့ ရုံးခန်းဌားစားရတဲ့ အခြေအနေရှိခဲ့ ပါတယ် ။ အင်းပိုင်ရှင်အချို့တွေခမျာ ဟိုတယ် ခရီးလိုင်စင်ပြန်အပ်ပြီး စည်ပင်လိုင်စင်နဲ့ပဲ local motel အဖြစ် ထားခဲ့ရပါတယ် အခြေအနေအရ Time Sharing ခေါ် Love Motel အနေနဲ့ တစ်နေ့ကို 3 session အခန်းပြည့်ဝင်ရင် Agent နဲ့ Tourist တွေထားရတာထက် ခေါင်းစားသက်သာ သည်ဟု ဆိုစမှတတ်ပြုကြလေ၏။

၂၀၁၁-၂၀၁၂ ကတော့ ဟိုတယ်တွေကံဇာတာ ပြန်တက်လာတဲ့ကာလဟုဆိုနိုင်သည်။ ခေတ်စနစ်အပြောင်းမှာ ခရီးသွားဧည့်သည်တွေ သာမကစီးပွားရေး လုပ်ငန်းရှင်တွေပါ အလုံးအရင်း ဝင်လာ ကြလို့မြို ့လယ်ခေါင်ဟိုတယ်ကြီး နဲ့ ဈေးနှုန်းမှာ အနိမ့်ဆုံးအခန်း US$ 200 မှ US$ 600 အထိ Rocket Price ရောင်းခဲ့ပါတာ။

ကမ္ဘာ့ဟိုတယ်ဈေးနှုန်းအကြောင်းတစေ့တစောင်း

စာရေးသူ ခရီးသွားလုပ်ငန်းလုပ်ရင်း နိုင်ငံပေါင်း ၃၀ ကျော် မြို့ကြီးပေါင်း ၁၀၀ကျော်လောက်မှာ သွားလာ တည်းခိုခဲ့ ဖူးပါတယ် ။ Branded Hotel/ International Hotel တွေမှာတည်းခဲ့ဖူးသလို Local Brand/ Family Hotel တွေမှာလည်းတည်းခဲ့ဖူးပါတယ်။ ဟိုတယ်တစ်ခုဈေးကြီးခြင်းဈေးသင့်ခြင်း ဈေးသက်သာခြင်းဆိုတာ အောက်ပါအချက်များနဲ့ သက်ဆိုင်ပါတယ်။
(၁) နိုင်ငံတစ်နိုင်ငံရဲ့ဝင်ငွေ၊ နေထိုင်မှုစရိတ် ၊ ငွေကြေးလဲလှယ်နှုန်း
(၂) ခရီးစဉ်ဒေသ ဝယ်လိုအားမြင့်မှု ပေါ်ပြူလာဖြစ်မှ ု
(၃) ခရီးသွားရာသီအထူးပွဲတော်အခါသမယ
(၄) ် နိုင်ငံတကာ Brand ဟိုတယ် ကြယ်ပွင့်အဆင့်သတ်မှတ်မှ ု ဝန်ဆောင်မှ ုအဆင့်အတန်း
(၅) ဟိုတည်၏တည်နေရာ၊ အကျယ်အဝန်း
(၆) အရောင်းမြှင့်တင်ရေးအစီအစဉ် နှင့် ဧည့်သည်တည်ရှိမှု
အထက်ပါ ၆ ချက်အနက် အမှတ်စဉ် (၂) (၃) ( ၅) ဟာဈေးကြီးမှုကို သက်ရောက်စေသည်ဟု စာရေးသူအနေနှင့်ထင်မြင်မိပါသည်။ အမှတ်စဉ် ၄ သည်လည်းနိုင်ငံတကာကြယ်ပွင် အဆင့်ဝန်ဆောင်မှု ပေါ်မူတည်ပြီး ဈေးနှုန်းစံနှုန်းတစ်ခုသည်ပုံသေကဲ့သို့ရှိနေတက်သည်။

Contennental Hotel/ Westin Hotels ကဲ့သို့သော ကြယ် ၅ပွင့်Brand များ၏အနိမ့်ဆုံးအခန်းဈေးမှာ US$150မှ US$500 ထိစံနန်းရှိသည်။ နိုင်ငံပေါ်မူတည်ပြီးကွာဟချက်တော့ရှိစမြဲ။ မြန်မာနိုင်ငံတွင်မူ တစ်မျိုးတစ်ဖုံ ဆန်းနေသည်။ Shangrila Group- Trader Hotel သည် ၁၉၉၆ခန့်က US$ 100 အပေါ်တွင်ရှိသော်လည်း ၂၀၁၂ ခန့်တွင် US$ 300 ထိမြင့်တက်ပြီး ယခု၂၀၁၈တွင်မူ US$ အောက်သို့ညွန့်ကိန်းပြနေသည်။ (Corporate Rate/ OTA Rate/ Agent Rate/ Rack Rate) စသဖြင့် ကွဲပြားမှုတော့ရှိသည်။

သို့သော် ဟိုတလောကအချို့သော ဟိုတယ်များသည် online တွင်ရောင်းသောဈေးနှင့် Tour Agent များအားကန်ထရိုက်ပေးသောဈေးသည် ပိုနည်းနေသည်ကိုတွေ့လာရသည်။ အချို့သောခရီးသွား အေးဂျင့်များသည် ကန်ထရိုက်ဈေးသည် Booking ပေါ်မူတည်ပြီး A Grade/ B Grade ဈေးနှုန်းနှစ်မျိုးခွဲခြား ပေးထားသော်လည်း Booking Confirm ဖြစ်မှု နည်းလာသဖြင့် OTA/ Online Sale များကိုပိုအားထားလာကြသည်။ Demand များလျှင် Direct Sale Price Behavior အရဈေးနှုန်း သက်သာသည်မှာ သဘာဝပင် မဟုတ်ပါလော။ ထို့အပြင် Online Saleများသည် အကြွေးကဒ်ဖြင့် ငွေကြိုတင်ရခြင်း၊ ဧည့်သည်မလာ ဖြစ်လျှင်လည်း ငွေကြိုတင်ရပြီးဖြစ် သောကြောင့် Walk In ဧည့်သည်များ ထပ်ရောင်းနိုင်ခြင်း၊ အခန်းများကိုထပ်ရောင်းနိုင်ခြင်းကြောင့် ယနေ့ ကမ္ဘာပေါ်ရှိဟိုတယ်အများစုမှာ Booking.com, Agoda တို့သည် ပိုအလုပ်ဖြစ်လျှက်ရှိသည်ကိုမငြင်းဆန်နိုင်ပေ။

ထိုက်တန်သောဝန်ဆောင်မှု

ဟိုတယ်ဆိုသည်မှာအိပ်စရာနေရာတစ်ခုသာမဟုတ်ပေ။အပန်းဖြေအလည်အပတ်လာသူများ၊ စီးပွားရေး ကိစ္စဖြင့် လာသူများ၊ အစိုးရတာဝန်ဖြင့်လာရောက်သူများ။ အခြားကိစ္စများဖြင့် ရက်ရှည်နေထိုင်သူများ အတွက်တည်းခိုစရာနေရာ အစည်းအဝေးလုပ်ရန်၊ စားသောက်ရန်၊ ကျန်းမာရေးအတွက် အားကစား လေ့ကျင့်ခန်း လုပ်ရန်နေရာ၊ Spa Massage နေရာအပြင်ညပိုင်း ဒစ္စကိုကပွဲ၊ကာရာအိုကေ၊ နိုက်ကလပ် အပန်းဖြေရန်နေရာများ ပါဝင်ရန်လိုလေသည်။ ထိုသို့သောဝန်ဆောင် မှုများကိုဖြည့်ဆည်းရန် ကျွမ်းကျင်သောဝန်ထမ်းများ၊ စီမံခန့်ခွဲမှုဆိုင်ရာ ကောင်းမွန်မှု၊ အရည်ချင်းပြည့်ဝသော ဟိုတယ် ဆိုင်ရာ အသုံးအ ဆောင်ပစ္စည်းများ ပြည့်စုံလုံလောက်စွာထားရှိမှုသည်အရေးကြီးလှသည်။ ထို့ကြောင့်နိုင်ငံတကာ အသိမှတ်ပြု Branded Hotel များသည် ဈေးကြီးသော်လည်း ဝန်ဆောင်မှုနှင့် လုံခြုံမှုအသုံးအဆောင်ပစည်းများသည် အရည်အသွေးပြည့်ပြီး ကောင်းမွန် သောပတ်ဝန်းကျင် (Pleasant Atmosphere) နှင့်အချက်ချာကျသည့်နေရာ (Prime Location) ဖြစ်သဖြင့် အများစုသောဧည့်သည်များသည် ဈေးနှုန်းကြီးမြင့်မှု ကိုသိပ်မမူကြပေ။ ဥပမာ International Brand – Hyatt Hotel , Shangrilla Hotel , Continental Hotel , Pullman , Four Season Hotel များသည် ကမ္ဘာ့မြို့ကြီးများ၏ မြို့လည်ခေါင်၊ ကမ်းခြေများနှင့် အကောင်းဆုံးသော နေရာများတွင် နေရာဦးပြီးဆောက်လေ့ရှိသည်။ US တစ်ခုတည်းပင် အခန်းပေါ် မူတည်ပြီး US$ 200 မှ US$ 1000 ထိရှိသော်လည်း Valued Service ဖြစ်သဖြင့် မည်သူမှ Complain မတက်လိုကြပေ။

မြန်မာနိုင်ငံရှိဟိုတယ်တွေဈေးကြီးရခြင်းအကြောင်း

ယနေ့မြန်မာနိုင်ငံတွင် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနမှ လိုင်စင်ယူထားသော နိုင်ငံခြားသား တည်းခိုခွင့်ရှိသည့် ဟိုတယ်ပေါင်း (၁၆၀၀) ကျော် ၊အခန်းပေါင်း (၇၀၀၀၀ခန့်) ရှိနေပြီဖြစ်သည်။ သက်ဆိုင်ရာ ပြည်နယ်/တိုင်း၊ မြို့နယ်စည်ပင် လိုင်စင်ယူပြီး နိုင်ငံခြားသားများကို ကျပ်ငွေဖြင့် လက်ခံသည့် ဟိုတယ်များစွားရှိနေပြီး ၎င်းအပြင် Air BNB , Cube Hotel , Space Hotel ကဲ့သို့တစ်ကိုယ် စာသာ ကျောခင်းနိုင်ပြီး စိတ်ချရသော ဝန်ဆောင်မှု အတွက် On line ကျယ်ပြန့်စွာ ရောင်းချလျက်ရှိသည်။ Home Stay လုပ်ငန်းများလည်း တရားမဝင် လုပ်ကိုင်လျှက်ရှိသည်။ ခရီးသွားဥပဒေ အသစ်အရ အရေးယူနိုင်ရန် နည်းဥပဒေ အမြန်ဆုံး ထွက်ပေါ်ရန် လိုသကဲ့သို့ ဥပဒေအရ ပြည်နယ်/တိုင်းဒေသကြီး အစိုးရများအနေဖြင့် လည်း ကျွမ်းကျင်သော စီမံခန့်ခွဲနိုင်မှု Professional Management ဖြစ်လာစေရန် လိုအပ်နေသေးသည်။ မြန်မာနိုင်ငံတွင် ဒေသအလိုက်၊ရာသီအလိုက် ဟိုတယ်ဈေးနှုန်းများ မငြိမ်ခြင်း၊ ပြည်တွင်းဧည့်သည်များကို ကျပ်ငွေဖြင့် သက်သာစွာယူပြီး နိုင်ငံခြားသား ဧည့်သည်များအား နိုင်ငံခြားငွေဖြင့် ယူခြင်းသည်လည်း မေးခွန်းထုတ်စရာ ဖြစ်နေသည်။

စာရေးသူအနေဖြင့် ခရီးသွားလုပ်ငန်းလုပ်သက် ၂၀ ကျော်အတွင်း ဟိုတယ်လုပ်ငန်းကို ထိရောက်စွာ ရင်းနှီးမြှပ်နှံ လုပ်ကိုင်ခွင့် မရှိခဲ့ပါ။ နိုင်ငံတကာရှိ ဟိုတယ်များကိုတော့ တည်းခိုခဲ့ဘူးသကဲ့သို့ ပြည်တွင်းရှိဟိုတယ်အဆင့် အမျိုးမျိုး ရင်းနှီးလုပ်ကိုင်နေသော ဟိုတယ်ပိုင်ရှင်များ၊ မန်နေဂျာများနှင့် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ဖူးသည်။ လွန်ခဲ့သည့် ၂နှစ်ခန့်မှ စ၍ Service Provider လုပ်ငန်းတိုးချဲ့ကြည့်ခဲ့ရာ အင်းလေးတွင် အခန်း (၆၁) ခန်းပါသည့် Resort ဟိုတယ်လုပ်ငန်း လုပ်ကိုင်ဖြစ်ခဲ့သည်။ ပထမဆုံးစိန်ခေါ်မှုမှာ soft Skill ခေါ် ဝန်ထမ်းများ အရည်အချင်းပြည့်ဝမှု ၊ စွမ်းဆောင်နိုင်မှု အားနည်းခြင်း၊ lack of capacity ဖြစ်သည့် ရင်းနှီးမြှပ်နှံမှု ( မြေဈေး၊ဌာရမ်းခ၊ အဆောက်အဦးတည်ဆောက်စရိတ်၊) အဆမတန်ကြီးမှု၊ ဘဏ်ချေးငွေဖြင့် လုပ်လျှင်လည်း အတိုးနှုန်းမြင့်မားမှု (၁၃%) ၊ဝန်ထမ်းလစာ ဈေးကြီးလာမှုများကို ကိုယ်တွေ့ကြုံခဲ့ရသည်။ တဖက်မှ နိုင်ငံတကာ Brand Hotel များ ၊ Change Network များမှ ဈေးကွက် ထိုးဖောက်လာမှုများ အပြင် ပိုက်ဆံရှိတိုင်း ဟိုတယ်ဆောက်လာကြသဖြင့် Over Supply ဖြစ်ပြီး ဈေးကွက်ကန့်သတ်ချက် နိုင်ငံခြားဧည့်သည် ဝင်ရောက်မှု နည်းပါးသေးသဖြင့် Demand Supply မမျှမတ ဖြစ်ပြီး ဟိုတယ်ပိုင်ရှင်များ အရင်းမကြေဘဲ အရှုံးပေါ်ခဲ့ကြ သေးသည်။ ထိုအခြေအနေကို နိုင်ငံတကာမှ ရင်းနှီးမြှပ်နှံသူများလည်း သတိချပ်လာကြသည်။ ရန်ကုန်၊မန္တလေးမြို့ကြီးများတွင် ဈေးကွက်စုံ သဖြင့် အလုပ်ဖြစ်နိုင်သော်လည်း နေပြည်တော်၊ပုဂံ၊အင်းလေး၊ ကမ်းခြေဒေသများတွင် ရာသီချိန်အတွင်းသာ အမိအရ ငွေရှာကြရသည်။ ဈေးကြီးရောင်းရသော်လည်း Occupancy မမှန်နိုင်ဘဲ ရှိနေသေးသည်။

မြန်မာနိုင်ငံဟိုတယ်လောကသည် ကွက်ကျားမိုး အဆင့်သာ ရှိသေးသည်။ အရင်းကြေပြီး အမြတ်ထိုင်ယူနေရသည့် ဟိုတယ်ကြီးများ ရှိနေသလို အရင်းမြှပ်ပြီး လစဉ်ကုန်ကျစရိတ်ပင် မကာမိသည့် ဟိုတယ်များလည်း ရှိနေမြဲဖြစ်သည်။ ၂၀၂၀ပြည့်လွန် နှစ်များတွင် ခရီးသွားလုပ်ငန်း ဖွဲ့ဖြိုးတိုးတက်မှု အတွက် Mass Tourist ဈေးကွက်ကို ပစ်မှတ်ထားမည်ဆိုလျှင် အခန်းအရေအတွက် များပြီး ဝန်ဆောင်မှု ကောင်းမည့် လေ့ကျင့်ပြင်ဆင်မှုများ ကြိုတင်လုပ်ဆောင်ရန် လိုအပ်ပေမည်။ ခရီးသွားအေးဂျင့်များ၊ OTA များသည် ရေအရင်းအမြစ်ရှာဖွေသူ၊ ပိုက်သွယ်တန်းပေးသူများ ဖြစ်ပြီး ဟိုတယ်များသည် ရေခံနိုင်သည့် ခွက်များနှင့်တူသခြင့် ရေကောင်းရေသန့် များဖြင့် ပြည့်လျှံလာစေရန် ရွှေခွက် ၊ငွေခွက်မှသည် အုန်းမုတ်ခွက်ထိ အဆင်သင့် ရှိစေရန်လိုအပ်ပါကြောင်း တင်ပြလိုက်ရပေသည်။

Travelling_Journal
ဆောင်းပါး
Vol_1_Issue_7