ဧည့်မျှော်နေရသည့် အင်းထဲက ဟိုတယ်များ

အင်းထဲရှိဟိုတယ်တစ်လုံးကိုတွေ့ရစဉ် ယဉ်ယဉ်လှ ရွှေခေါင်းပြောင်ပြောင် ဝမ်းခေါင်ခေါင်ဟုဆိုရသည့်အတိုင်း ဧည့်သည်ကို စောင့်မျှော်နေရသည့်ဟိုတယ်များထဲတွင်ကမ္ဘာကျော်အင်းလေးကန်အတွင်းမှီတင်းစီးပွားလုပ်ကိုင် ...
အင်းထဲရှိဟိုတယ်တစ်လုံးကိုတွေ့ရစဉ်

ယဉ်ယဉ်လှ

ရွှေခေါင်းပြောင်ပြောင် ဝမ်းခေါင်ခေါင်ဟုဆိုရသည့်အတိုင်း ဧည့်သည်ကို စောင့်မျှော်နေရသည့်ဟိုတယ်များထဲတွင်ကမ္ဘာကျော်အင်းလေးကန်အတွင်းမှီတင်းစီးပွားလုပ်ကိုင်နေရသည့် ဟိုတယ်များစွာပါဝင်နေကြသည်။

ပြီးခဲ့သည့်နှစ်ထက်ယခုနှစ်ဧည့်သည်ဝင်ရောက်မှုမှာသိသိသာသာလျှော့နည်းနေရခြင်းအကြောင်းရင်းကမြန်မာနိုင်ငံ၏ ပုံရိပ်ဆိုးများကြောင့်ဟု ဟိုတယ်လုပ်ငန်းရှင်တစ်ချို့က ထောက်ပြပြောဆိုလာသည်။

မြောက်ဦးဖြစ်ရပ်ပြင်ဦးလွင်ဖြစ်ရပ်အာဆီယံ၁၀နိုင်ငံအတွင်းသွားရောက်မလည်သင့်သည့် နိုင်ငံများစာရင်းတွင် မြန်မာပါဝင်ခြင်း စသည့် နည်းများနှင့်အတူတခြားဖြစ်ရပ်များစွာဖြစ်နေခြင်းက မြန်မာနိုင်ငံသို့ ဧည့်သည်လာရောက်မှုနည်းပါးခြင်းကအဓိကသက်သေများပင်
်ဖြစ်သည်။

မြန်မာနိုင်ငံ၏ ခရီးသွားရေချိန်မှာ အတတ်နှင့်အကျ ကို ချိန်ထိုးကြည့် ရမည်ဆိုပါက အကျ ဘက်ကိုသာ အစဉ် ဦးတည် ကျနေရခြင်း ပင်ဖြစ်သည်။ ခရီးသွားရာသီပြန်လည် စတင်ပြီဆိုပါက ပြည်တွင်း ၌ အခြေအနေဆိုးများဖြစ်ပွားလာခဲ့ခြင်းမှာ ခရီးသွားကျိန်စာမိနေသည့်ဟုပင် ဆိုရပေမည်။သို့ပေမည့် အဆိုးထဲက အကောင်းဟုဆိုရမည် အတိုင်း အနောက်နိုင်ငံသားများ လာရောက်မှုနည်းပါးသော်လည်း အရှေ့မျှော်ဝါဒကိုအသုံးပြုပြီးသက်ဆိုင်ရာမှဆိုက်ရောက်ဗီဇာပေးခြင်း နှင့် ဗီဇာလွတ်လပ်ခွင့်ကို အာရှနိုင်ငံတချို့ကိုပေးခဲ့ရခြင်းဖြင့် ခရီးသွားလုပ်ငန်းကိုအသက်ဆက်နေရသည်ဟု ဆိုရမည်။

ပြီးခဲ့သည့်နှစ်များဖြင့် တစ်နှစ်လုံးကို ချိန်ကြည့်ပါကဟိုတယ်အခန်း ရရှိမှု မှာ ၂၀ ရာခိုင်နှုန်းအထက်ပင်မရှိဟု အင်းထဲရှိ ရွှေကျွန်းမျှောဟိုတယ်အုပ်စုမှ တာဝန်ရှိသူတစ်ဦးက Travelling Journalသို့ ပြောပြသည်။

GIC ဟိုတယ်အုပ်စုဖြစ်သည့် GIC 1 နှင့် 2 ဟိုတယ် မှာ ၂၀၁၈-၂၀၁၉ ခုနှစ်အတွင်း ဟိုတယ်အခန်းရရှိမှု၌ ၄၀ ရာခိုင်နှုန်းလောက်သာ ရရှိသော်လည်း ၂၀၁၉-၂၀၂၀ နှစ်တွင် ဟိုတယ်အခန်းရရှိမှုမှာ ၁၅ ရာခိုင်နှုန်းနှင့် ၂၀ ရာခိုင်နှုန်း လောက်သာ ရရှိနေသေးသည့် အနေအထား ပင် ဖြစ်နေကြောင်း GIC အုပ်စုမှ တာဝန်ရှိသူက ဆိုသည်။

” တစ်နှစ် ပတ်လုံးထဲမှာတော့ အပြည့်မရှိပါဘူး၊တစ်နှစ်လုံး စာနဲ့သွားမယ် ဆိုရင် ၄၀ကျော်ပဲတက်တယ်။ပြီးခဲ့တဲ့နှစ် ထက် ၁၅ ရာခိုင်နှုန်း၂၀ရာခိုင်နှုန်းကျတယ်ပြီးခဲ့တဲ့နှစ်ကတော့များသေးတယ်လို့ပြောလို့ရတာပေါ့။အကျဘက်မှာပဲရှိနေတယ်။ ဟိုတယ်လုပ်ငန်းကနှစ်တိုင်းနီးပါးပါပဲ။ တစ်နှစ်ပတ်လုံးကို ဟိုတယ် ဘွက်ကင် ရရှိမှုက ၅၀ ထက်မကျော်ပါဘူး ။ ၄၆ ၊၄၈ ပဲရှိတယ်။တိုရစ်စင် မှာက ၆ လနား၆လဆိုတော့ တစ်နှစ်လုံးနဲ့တွက်ရင် ၅၀ ကျော်သွားတဲ့ နှစ်ကိုမရသေးပါဘူး၊ ရှိကိုမရှိသေးတာပါ။၄၀ လောက်ဆို တော်တော် ကောင်းနေပါပြီလို့ပြောရပါမယ်။ အဲဒီ၄၀ထဲကမှ ပြီးခဲ့တဲ့နှစ်နှုန်း ထားထက်ဆိုရင် ၂၀ ရာခိုင်နှုန်းလောက်ကို ထပ်ကျသွားသေးတယ်။ ဒီနှစ်ကတော့တော်တော်လေးကိုနည်းပါးတယ်။၂၀၁၉-၂၀၂၀ အတွက် ကြိုရောင်းရတာဆိုတော့ဘွက်ကင်ရရှိမှုနည်းပါးနေသေးတယ်။တစ်ချို့ရက်တွေဆို ဟိုတယ်တွေက ဟောင်းလောင်းတောင်ရှိနေ သေးတယ်။ ဟိုးအရင်နှစ်တွေဆိုရင် နိုဝင်ဘာ မှာဆို ဘွက်ကင် တောင်တင်လို့ မရတော့ဘူး၊အခုဆိုရတယ်။ အဲဒီလိုဖြစ်နေတာ” ဟု GIC အုပ်စုမှ တာဝန်ရှိသူက ပြောသည်။

ယင်းကဲ့သို့ ဧည့်သည်ဝင်ရောက်မှု နည်းပါးခြင်းကမြန်မာနိုင် ငံ၏ ပုံရိပ်ဆိုးများကြောင့်ဖြစ်ပြီး လူမှုကွန်ရက် စာမျက်နှာများတွင် မြန်မာနှင့်ပတ်သက်သည့် မကောင်းသတင်းပုံရိပ်ဆိုးများကို အနောက်မီဒီယာများကရေးသားခဲ့ခြင်းကြောင့် မီဒီယာဖြင့် ပြန်လည် တိုက်ထုတ်ရမည်ဟုလည်း မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များ အသင်း မှ တာဝန်ရှိသူတစ်ဦးကလည်းTravelling Journal သို့ ပြောသည်။

” အင်တာနက်မှာ ရှာကြည့်လိုက် မြန်မာဆိုရင်အနီရောင် တွေပဲ။ ဒါဟာ မီဒီယာတွေကရေးတာ။ဒါတွေကို ပြန်တိုက်ရမှာက မီဒီယာကို မီဒီယာအချင်းချင်းနဲ့ တိုက်ထုတ်ရမှာဟု ” ဟု MHA အသင်း၏ဒုဥက္ကဋ္ဌ ဖြစ်သူ ဦးအောင်မိုးကြည်က ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံသို့ နိုင်ငံခြားသားဧည့်သည်ဝင်ရောက်ရန် အတွက် သက်ဆိုင်ရာကလည်း ၂၀၁၉ အောက်တိုဘာ ၁ရက်မှ စတင်ကာသြစတြေးလျား၊ဂျာမနီ၊ အီတလီ၊ ရုရှား၊ စပိန်နှင့်ဆွစ်ဇာ လန်မှ ကမ္ဘာလှည့်ဧည့်သည်များကို VOA စတင်စတင် ပေးကာ မြန်မာနိုင်ငံတွင် ရက်ပေါင်း၃၀ နေထိုင်နိုင်ကာ ဗီဇာကြေး ကို ဒေါ်လာ ၅၀ သတ်မှတ်ထားသည်။

အများအားဖြင့် အင်းလေးကန်အတွင်း လာရောက်ကြသူများတွင် ဥရောပနိုင်ငံသားများ သာ အများဆုံးလာရောက် လည်ပတ် ကြခြင်း ပင်ဖြစ်သည်။

” စပိန်တွေဆိုရင် ဇူလိုင် သြဂုတ်ဆိုရင် လာများတယ်။နောက်ပိုင်း စပိန် ခရီးသွားတွေမလာတာ သုံးလေးငါးနှစ်လောက်ရှိပြီ။ အလာနည်းသွားပြီ၊ တစ်နှစ်လုံးမှာက အပြည့်ဆုံးလို့ဆိုရင် နိုဝင်ဘာရယ်၊ဖေဖေါ်ဝါရီရယ်။သြဂုတ်လပိုင်း အဲဒီလိုရှိတယ်။ နောက်ပိုင်းကျတော့ပါးသွားတယ်” ဟု GIC အုပ်စုမှ တာဝန်ရှိသူကဆိုသည်။

အင်းလေးကန် အား မှီခိုရပ်တည်ရသည့် ဟိုတယ်များမှာ ဧည့်သည့်လာ ရောက်မှု နည်းပါးခြင်းဒဏ်ကို ဟိုတယ်အများစု ခံစားရခြင်း ဖြစ်သည်။
မိုးရာသီ ဆိုပါက ဧည့်သည်များအနေဖြင့် လာရောက်မှုမှာ သိသိ သာသာ နည်းပါးသွားပြီး မိုးတွင်းဆိုပါကသွားလာလို့မသင့်ကြဟု ခရီးသွား အများစုကလက်ခံထားကြသည့်အတွက် ဧည့်သည်ဝင်ရောက်မှု မရှိခြင်းဖြစ်ကြောင်း အမှန်တကယ်ဆိုပါက မိုးရာသီကာလ များ၌ ဟိုတယ်အခန်းခဈေးနှုန်းများမှာ သက်သာသည့်အတွက် သွားလာ လည်ပတ်လို့အကောင်းဆုံးလည်းဖြစ်ကြောင်းဟိုတယ်လုပ်ငန်းရှင်တစ်ဦးကဆိုသည်။

ထို့အပြင် အင်းထဲရှိ ရေပေါ်ဟိုတယ်တစ်ခုဖြစ်သည့်အခန်း ၃၈ ခန်း ပါဝင်သည့် ရွှေအင်းသာ ဟိုတယ်အနေဖြင့်လည်း ဟိုတယ်ဘွက်ကင် ရရှိမှုမှာ ပြီးခဲ့သည့်နှစ်နှင့် နှိုင်းယှဉ်ပါက ၆၀ ရာခိုင်နှုန်း ဝန်းကျင် ကျဆင်းသော်လည်း ယခုလက်ရှိ ဧည့်သည်ဝင်ရောက်မှုမှာ တရက်လျှင် အခန်း ၄ ခန်းနှင့် ၅ခန်းသာ ဝင်ရောက်နေကြောင်း ရွှေအင်းသာ ဟိုတယ်ပိုင်ရှင် အန်တီအန်းက ပြောသည်။

“ရေပေါ်ဟိုတယ်လေး ဖြစ်နေတာရယ်၊ ဖွင့်ထားတာကြာလို့လည်း ဖြစ်ကောင်းဖြစ်မယ်ထင်တာပါပဲ။ဒီမှာက ပြင်သစ်နဲ့ဂျာမနီ လာတည်းကြလေ့ရှိတယ်။အန်တီအန်း အနေနဲ့ ထင်တာက ဧည့်သည်နည်းတာက တိုရစ်ဇင် ဆိုဒ်တွေမှာက အေးချမ်းနေတယ်။သူတို့ထင်တာက မအေးချမ်းဘူးလို့ ထင်နေကြတယ်။ နယ်စပ်မှာတော့ အန်တီ မသိပါဘူး ။လာလည်တဲ့သူတွေကို မေးကြည့်တာက မြန်မာပြည်ကအန္တရာယ်ရှိတယ်လို့ သူတို့က ထင်နေကြတယ်။တကယ်တမ်းသူတို့ လာတော့ ဘာမှ မဖြစ်ဘူး။ကိုယ်လည်းကိုယ်နိုင်သလောက် ဒီလိုလေးတွေ ရှိနေပါတယ်ဆိုတာကို ပြောပြပေးပါလို့ သူတို့ကို ပြောပြတယ်။အန်တီတို့ဘက်ကလည်း ကြိုးစားပြီး ပိုပိုပြီးတော့ဧည့်ခံပေးသလို ဝန်ဆောင် မှု ကို အကောင်းဆုံးပေးတယ် ။ ဒီမှာကတော့ အေးချမ်းနေပါတယ်ဆိုတာကတော့ သမီးတို့လိုမီဒီယာသမားတွေက ပြောပေးရင်တော့ ထိရောက် မယ်လို့ ထင်တာပါပဲ။ နိုင်ငံခြားမှာရေးနိုင်မယ့်သူမျိုုးတွေက လည်း လုပ်ပေးနိုင်ရင် Tourism က ပြန်ပြီးကောင်းလာမယ်လို့ထင်ပါတယ်” ဟု အင်းထဲသို့ ဧည့်သည် လာရောက်မှုနည်းပါးရခြင်းနှင့်ပတ်သက်ပြီး ၎င်းက ရှင်းပြသည်။

မည်သို့ပင်ဆိုစေ အင်းလေးထဲရှိ ဟိုတယ်အများစုသည်ဧည့်သည် မရရှိခြင်းမှာ ပြီးခဲ့သည့်နှစ်ထက် နည်းပါးရခြင်းမှာမူ တူညီနေကြသည်။ ယင်းကဲ့သို့ ဧည့်သည်ဝင်ရောက်မှုနည်းပါးခြင်းကြောင့် စီးပွားရေး မကိုက်သည့် လုပ်ငန်းရှင်တစ်ချို့ကဟိုတယ်တစ်ချို့ကို အစောပိုင်း များတွင် ပြန်လည်ရောင်းချခြင်းများ ရှိခဲ့သည်။

ယင်းကဲ့သို့ဧည့်သည်ဝင်ရောက်မှုနည်းပါးရခြင်းမှာအင်းလေးဒေသတစ်ခုတည်းမဟုတ်၊တခြား ပြည်နယ်နှင့်တိုင်းတချို့တွင်လည်း လာရောက ်မှုမှာ ထိုနည်းတူစွာ နည်းပါးနေသေးသည်။

ထို့ကြောင့် မြန်မာနိုင်ငံ၏ ခရီးသွားပုံရိပ် ကောင်းမွန်ခြင်းအတွက် မှာ တစ်ဦးတစ်ယောက်တည်း ကောင်းရုံမကပဲ နိုင်ငံတော်အဆင့် မှ အောက် ခြေ အထိ ပူးပေါင်းပါဝင် ကာ ဖြေရှင်းဆောင်ရွက်မှသာ ခရီးသွား လုပ်ငန်းမှာ ပြန်လည်ကောင်းမွန်လာမည်ဖြစ်ပြီး ယင်းပုံရိပ်ဆိုး များကို ဖယ်ရှားနိုင်မည် ဖြစ်ပါတော့သည်။

Travelling_Journal/Vol_1_Issue_17

Photo_GIC Hotel & ShweInnThar Hotel (အင်းထဲရှိဟိုတယ်တချို့ကိုတွေ့ရစဉ်)