တိုးဝင်းလွင်
မြန်မာနိုင်ငံမြေပုံ၏အောက် ဘက်အစွန်ဆုံးမှာရှိတဲ့မြို့လေး တစ်မြို့ဆီသို့ အလုပ်ကိစ္စတစ်ခု နဲ့ ရောက်ဖြစ်ခဲ့ပါတယ်။ဒီ မြို့ လေးဆီကိုသွားချင်ခဲ့တာကြာမြင့်ခဲ့ ပါပြီ။ သွားလာရ အလှမ်းဝေးသည် က တစ်ကြောင်း၊အကြောင်း မတိုက်ဆိုင်သည်က တစ်ဖုံနှင့် မရောက်ဖြစ်ခဲ့မိပါဘူး။ ဒီတစ်ခါ တော့ အကျိုးအကြောင်းတိုက်ဆိုင်မိတာနဲ့ ရောက်ဖြစ်ခဲ့ပါပြီ။
အဲဒီနေရာလေးကတော့ လှပတဲ့ကျွန်းစုတွေကို ပိုင်ဆိုင် ထားတဲ့ တနင်္သာရီတိုင်းဒေသကြီးအတွင်းထဲကကော့သောင်းမြို့လေးပါပဲ။ မြို့ လေးကိုရောက်ဖို့ ရန်ကုန်ကနေ တစ်ရက်ကျော်ကြာတဲ့အထိ မုန်း အောင် ကားစီးရတာကတော့ ပထမဆုံးအမှတ်ရစရာပင်ဖြစ် သည်။
ဒီလိုနဲ့ ကော့သောင်းမြို့ လေးကို ရောက်ပြီဆိုရင်ပဲစောင့် ကြိုနေတဲ့ Andaman ပင်လယ် ကြီးကို အဖွေးသားမြင်ရတော့တာပါပဲ။ နောက်ပြီး ပင်လယ်ကြီး မှာ သွားလာနေတဲ့ ရှပ်ပြေးရေ ယာဉ်တွေ၊ ထိုင်းနိုင်ငံနယ်စပ် မြို့ဖြစ်တဲ့ ရနောင်းဘက်ကို ကူး မယ့် သမ္မာန်ငယ်လေးတွေက အဖန်ဖန်သွားနေကြတာ မသိရင်ပန်းချီကားတစ်ချပ်ကိုကြည့်နေရသလိုပါပဲ။
ပင်လယ်ကြီးကိုဖြတ်ပြီး တိုက် ခတ်လာတဲ့ လေပြေလေညင်း လေးတွေကတော့ အထူးတလည် ပြောစရာမလိုလောက်အောင်ကို လတ်ဆတ်နေတာအမှန်ပါပဲ။ စာရေးသူက ရန်ကုန်သားမို့လား မသိဘူး၊ လေကောင်းလေသန့် ကို ကောင်းကောင်းခံစားမိလိုက် ပါတယ်။
ရန်ကုန်မှာ ရှိနေစဉ်တုန်း ကတော့ ဒီကျွန်းလေးတွေကို ရောက်ရင် ဘယ်တွေကို သွားရ မလဲဆိုပြီး ခရီးသွားကုမ္ပဏီတွေ က ကမ်းတဲ့ လက်ကမ်းစာစောင် တွေကြည့်ပြီး သိမ်းထားရတာ လည်း များနေပြီလေ။ဘယ် ကျွန်းက လှတယ်။ ဘယ်ရောက် ရင် ဘာလုပ်မယ်ပေါ့။ အဓိက ကိုယ့်စိတ်ကူးက ရေငုပ်ပြီးရေ အောက်က သန္တာကျောက်တန်း တွေကိုကြည့်ချင်ခဲ့တာပါပဲ။
ခုတော့စိတ်ကူးထဲက အတိုင်း တကယ်ရောက်ဖြစ်တော့လည်း ဘယ်ကစရမှန်းမသိဖြစ်နေပြီလေ။ကျွန်းပတ်ခရီးစဉ်အဖြစ် အလုပ် ကိစ္စတစ်ခုနဲ့လိုက်ဖြစ်ခဲ့တယ်။ အဆုံးအစမရှိတဲ့ပင်လယ်ပြင််ကြီးထဲမှာ ရေယာဉ်စီးရတာတော့ ဘယ်ဘက်ကိုကြည့်ကြည့် ကမ်းမတွေ့ဆိုတော့ ကမ်းမမြင်လမ်း မမြင်ဆိုတဲ့စကားအတိုင်းပဲ ခုမှ တကယ်ကြုံလိုက်ရတယ်။
တစ် နာရီကို မိုင်လေးဆယ်နှုန်း လောက်မောင်းတဲ့ရှပ်ပြေးရေ ယာဉ်နဲ့ နှစ်နာရီနီးပါး စီးပြီးသွား တဲ့နောက်မှာ ကျွန်းဖီလာကျွန်း ကိုဆိုက်ဆိုက်မြိုက်မြိုက်ရောက် ခဲ့ပါပြီ။ကျွန်းကို မရောက်ခင် မလှမ်းတစ်လှမ်းက လှမ်းမြင်နေ ရတာ အရိုင်းဆန်လွန်းတဲ့ တော အုပ်ကြီးတစ်ခုကို တွေ့ရသလိုပါ ပဲ။ ကျွန်းပေါ်ရောက်ပြီး သေချာ ခံစားကြည့်တော့မှ ပကာသနတစ်ခုမှ လွှမ်းမိုးမှုမခံရသေးတဲ့အရိုင်းပန်းလေးတစ်ပွင့်ကို မြင် တွေ့လိုက်ရသလိုကြည်နူးလှပ လွန်းတဲ့ ခံစားမှုမျိုးကို ချက်ချင်း ပြောင်းလဲသွားတဲ့စိတ်ကို အလွန် အံ့သြမိပါတယ်။
ကြည့်ရတာတွေက အရာရာမှာ သဘာဝအတိုင်းပဲမြင်တွေ့နေရတာပါ။အောက်ကြမ်းပြင်ကို အထင်သားတွေ့မြင်နေရတဲ့ ပြာလဲ့လဲ့ ရေပြင်ကြီးက ကိုယ့်ကို ဒိုင်ပင်ထိုးခုန်ချလိုက်ချင်စိတ်ဖြစ် အောင် နှိုးဆွနေတာကတော့ အသေအချာပင်။ အလုပ်ကိစ္စနဲ့ မို့သာ စိတ်ကို ထိန်းထားရသည် မှာပင်ပန်းလှပါတယ်။ ရေယာဉ် ကပ်သည့်ဆိပ်ခံတံတားကနေ ကမ်းခြေကို ဖိနပ်ချွတ်ပြီးတံတား လျောက်လမ်းအတိုင်းလှမ်းလာ ခဲ့မိပါတယ်။
ကမ်းခြေသဲပြင်ကို ခြေချမိရုံဆိုရင်ပဲ ခြေထောက် ကိုဆတ်ခနဲ ပြန်ရုတ်လိုက်မိပါ တော့တယ်။ အကြောင်းကတော့ ကိုယ်နင်းထားတဲ့ သဲပြင်က သဲ ပြင်နဲ့မတူပဲနုညက်လွန်းလှတဲ့ အတွက် သတိလက်လွတ်ဖြစ်သွားမိခဲ့ခြင်းဖြစ်ပါတယ်။ အမှန်ပင် သဲသောင်ပြင်မှာတစ်ခြားကမ်း ခြေများရှိ သဲများကဲ့သို့ ကြမ်း မနေပဲပေါင်ဒါမှုန့်ကဲ့သို့ နုညက် လွန်းလှခြင်းပင်ဖြစ်တယ်။
ပြောမယုံ ကြုံဖူးမှသိ ဆိုသလိုပဲ အမှန်တကယ်ခံစားကြည့်ချင်တယ်ဆိုရင် အရောက် သွားဖြစ်ဖို့ တိုက်တွန်းချင်ပါ တယ်။ ကိုယ့်မတွေ့ဖူးလို့လား မသိ ကိုယ့်အတွက်တေ့ာ အထူး အဆန်းပင်။ ကမ်းခြေတစ်လျောက်ဘာဆိုဘာမှ ပြုပြင်ထားခြင်းမရှိ သလို အသစ်ထပ်မံဖြည့်စွက် ထားခြင်းလည်း ဘာဆိုဘာမှမရှိသေးပေ။ အတွင်းပိုင်းတောအုပ် တွေကြားမှာတော့ ဟိုတယ်လုပ်ငန်း တစ်ခုကို အကောင်အထည်ဖော် ဆောင်ရွက်ရန် ပြင်ဆင်နေမှုမျိုး သာ ရှိနေသေးသည်။
ထိုမျှ လှပမှုများနှင့် ပြည့်စုံနေတဲ့ ကျွန်းဖီလာကျွန်းက တနင်္သာရီတိုင်းဒေသကြီး၊ ကော့ သောင်းခရိုင်အတွင်းမှာ တည်ရှိ ပါတယ်။ ယင်းကျွန်းကို ဆွီဒင် အခြေစိုက်ကုမ်္ပဏီနှင့် FMI ကုမ္ပဏီတို့က ပူးပေါင်းပြီး ကန်ဒေါ်လာ (၁၀၅) သန်း ရင်းနှီး မြုပ်နှံကာ ဟိုတယ်စီမံကိန်းကိုဖော်ဆောင်နေခြင်းပင်ဖြစ်သည်။
စီမံကိန်းကို ဖော်ဆောင်ဖို့ အတွက် ဆွီဒင်အခြေစိုက်ကုမ္မဏီ ဖြစ်တဲ့ Mokan International Co.,ltdအနေဖြင့် လုပ်ပိုင်ခွင့် ကို ၂၀၁၃ နှစ်ကတည်းကပင်မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော် မရှင်ကနေ ခွင့်ပြုပေးထားပြီး ယခုတွင် ပြည်တွင်းကုမ်္ပဏီတစ်ခု ဖြစ်တဲ့ FMI နှင့် ပူးပေါင်းကာ ရင်းနှီးမြှုပ်နှံမှုကိုထပ်မံတိုး၍ လုပ်ငန်းဖော်ဆောင်နေခြင်းပင် ဖြစ်သည်။
အဆိုပါကျွန်းကို Mokan International Co.,Ltd အနေဖြင့် ၂၀၁၃ ခုနှစ်တွင် ရင်း နှီးမြှုပ်နှံမှုပမာဏကန်ဒေါ်လာ (၄ ဒသမ ၅) သန်းဖြင့် ရင်းနှီး မြှုပ်နှံရန် MIC က ခွင့်ပြုခဲ့ပြီး နောက် FMI ကုမ္ပဏီနှင့် ပူး ပေါင်းကာ ရင်းနှီးမြှုပ်နှံမှုပမာဏ ကန်ဒေါ်လာ (၁၀၅)သန်း ထိ ထပ်မံတိုးမြှင့်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဟိုတယ်စီမံကိန်း ကို ကျွန်းဖီလာကျွန်းအတွင်းမြေဧက(၆၀၀၀)ပေါ်တွင်ဆောင် ရွက်သွားမည်ဖြစ်ပြီး လုပ်ပိုင်ခွင့် အနေဖြင့် MIC မှ နှစ်(၅၀)ခွင့် ပြုထားသော်လည်း ထပ်မံ၍ နှစ် ၂၀(၁၀+၁၀)တိုးကာစုစုပေါင်းနှစ် ၇၀ လုပ်ပိုင်ခွင့်ရရှိထားပါတယ်။
ယခုအချိန်မှာတော့ ကျွန်း မှာ သဘာဝအလှတရားများနှင့် အရိုင်းဆန် ဆန်လှပနေသော်လည်း ယင်းကဲ့သို့ ဟိုတယ်စီမံကိန်းများ ဖော်ဆောင်ပြီးပါက လာရောက် သူများနှင့် စည်ကားနေမည်ဆို လျှင် အရိုင်းပန်းလေးမှာ အရောင် အသွေးစုံလင်စွာဖြင့် တစ်မျိုး လှပလာမည်မှာတော့ အမှန်ပင်ဖြစ်ပါသည်။
စာရေးသူ၏ တစ်ဦးတည်း ခံစားချက်ကို ပြောပြရမည်ဆို လျှင် သဘာဝအလှအပများကို ကြိုက်နှစ်သက်သူဖြစ်သည့် အတွက် ကျွန်းကလေးကို အရိုင်းဆန်ဆန် လှပနေသည်ကိုသာမြင်တွေ့ ချင်မိသော်လည်း တစ်ဖက်တွင် မူ နိုင်ငံ၏
စီးပွား ရေးတိုးတက် လာမှုအတွက် ရင်းနှီးမြှပ်နှံမှုများဝင်ရောက်လာဖို့လိုအပ်ပေသည် မှာ အမှန်ပင်ဖြစ် သည်။
ထို့အပြင် မြန်မာနိုင်ငံမှာ တကယ်တမ်း ခရီးသွားနယ်ပယ် ကို ပြန်ကြည့်လိုက်မယ်ဆိုရင် လည်း Tourism Industry ရဲ့ ၇၅ ရာခိုင်နှုန်းလောက် က အဏ္ဏဝါအခြေပြု ခရီးသွားလုပ်ငန်း ဖြစ်တယ်ဟု ခရီးသွားလောကမှ ပုဂ္ဂိုလ်များက ဆိုကြသည်။
တနင်္သာရီတိုင်းအတွင်းမှာ ကျွန်းပေါင်း ရှစ်ရာကျော်ရှိနေ ပြီး သိပ်မဝေးလှသည့် ဒီလို နေရာမျိုးမှာသာ ဒီလိုအလှအပ တွေရှိနေပြီဆိုလျှင် ဝေးလံခေါင်း ပါးလွန်းလှသည့် အဆုံးအစမရှိ တဲ့ ပင်လယ်ပြင်ကြီးထဲတွင် ဘယ်လောက်တောင် သာယာလှပ နေတဲ့ အရိုင်းဆန်သော ကျွန်း လေးတွေ ရှိနေဦးမည်မှာ မြေ ကြီးလက်ခတ်ဧကန်မလွဲပင်။
တကယ်တမ်းဆိုရင် ဒါတွေဟာ မြန်မာနိုင်ငံအတွက်တန်ဖိုးကြီး မားလှတဲ့ သဘာဝလက်ဆောင် မွန်ပင်ဖြစ်သည်။မည်သို့ပင်ဆိုစေကာမူ တိုက်တိုက်ဆိုင်ဆိုင် ရောက်ရှိ သွားဖြစ်ခဲ့တဲ့ ကျွန်းဖီလာကျွန်း လေးပေါ်မှာ ခဏတာအပန်းဖြေ ခဲ့ရသော်လည်း အချိန်ကုန်ရကျိုး နပ်လောက်အောင် သဘာ၀ တရားများကို ခံစားလိုက်ရတာ ကလည်း အမြတ်ပင်ဖြစ်ခဲ့လေ သည်။
စာရေးသူရဲ့ စိတ်ကူး တစ်ခုဖြစ်တဲ့ ကျွန်းတွေဆီကိုရောက် ရင် ရေငုပ်ပြီး ရေအောက်အလှ အပများကို ခံစားမယ်ဆိုတဲ့ စိတ်ကူးလေး အထမမြောက်ခဲ့ သည်မှာ စိတ်မကောင်းစရာပင်။ ဒီအရိုင်းဆန်ကျွန်းလေးကို ပကာ သနအရောင်တွေ လိမ်းခြယ်ထား ခြင်းမရှိသေးခင် အချိန်အတွင်း နောက်ထပ်တစ်ကြိမ် အခွင့်ကြုံ လို့ ရောက်ခဲ့မယ်ဆိုရင် မဖြစ်ဖြစ် အောင် ရေထဲ ဒိုင်ပင်ထိုးပြီး ကူး ခဲ့မိမှာ အမှန်ပင်ဖြစ်ပါတော့ တယ်။