စည်သူကျော်
၁။ (၂၀)ရာစုနှောင်းပိုင်းကာလကို အရင်းရှင်နှင့် ကွန်မြူနစ်ဝါဒတို့ ပြိုင်ဆိုင်မှုပြင်းထန်သော ကာလတစ်ခုဟုပြောဆိုကြသည်။ နောက်ပိုင်းတွင်မတော့ ကမ္ဘာ့အရှေ့ခြမ်းနိုင်ငံတော်တော်များ များသည် ကွန်မြူနစ်ဝါဒ၏ကြီးစိုးမှုမှ လွတ်မြောက်သွားခဲ့ကြသည်။ သို့သော် အဆိုပါ နိုင်ငံအသီး သီးသည် ၎င်းတို့၏ ကွန်မြူနစ်လှုပ်ရှားမှုကာလများကို အမှတ်ရနေစေသော အမွေအနှစ်အမြောက် အများကို ပိုင်ဆိုင်နေဆဲဖြစ်သည်။ ယင်းအမွေအနှစ်များသည် ယခုအခါ ခရီးသွားလုပ်ငန်းဆိုင်ရာ ဆွဲဆောင်မှုများအဖြစ် ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်လျှက်ရှိနေပြီဖြစ်သည်။
၂။ ဝါရင့်ကွန်မြူနစ်နိုင်ငံကြီးတစ်နိုင်ငံဖြစ်သော တရုတ်နိုင်ငံသည် ၎င်းတို့၏ ကွန်မြူနစ်အမွေ အနှစ်များကို အနီရောင်ခရီးသွားလုပ်ငန်း (Red Tourism) အဖြစ် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း နယ်ပယ်သို့ စီးပွားရေးလုပ်ငန်းပုံစံတစ်ခုဖြင့် ချဉ်းနင်းဝင်ရောက်ခဲ့ပြီးဖြစ်သည်။
၃။ယခင်ကကမ္ဘာ့အင်အားကြီးနိုင်ငံ(၂)နိုင်ငံဖြစ်သောအမေရိကန်ပြည်ထောင်စုနှင့် ဆိုဗီယက် ပြည်ထောင်စုတို့သည် အယူဝါဒရေးရာကွဲပြားမှုအရ အားကစားမှအစ လပေါ်သို့ စတင်ခြေချနိုင်မှု အထိလည်းကောင်း၊ လက်နက်ယှဉ်ပြိုင်မှုမှအစ နိုင်ငံငယ်များ၏ပြည်တွင်းရေးသိမ်းသွင်းနိုင်မှုအထိ လည်းကောင်း ယှဉ်ပြိုင်ခဲ့ကြသည်။
၄။ အနှစ် (၄၀) စစ်အေးတိုက်ပွဲပြီးဆုံးပြီးနောက် ဆိုဗီယက် ယူနီယံပြိုကွဲခဲ့ပြီး၊ ကွန်မြူနစ်ဝါဒ လည်း ယိမ်းယိုင်ချည့်နဲ့သွားခဲ့သည်။ ကွန်မြူနစ်ဝါဒကျဆုံးမှုနှင့်အတူ ကွန်မြူနစ်ဝါဒ၏သူရဲကောင်း များ၊ ခေါင်းဆောင်များ၏ရုပ်တုများ၊ အမှတ်တံဆိပ်သင်္ကေတဆိုင်ရာအဆောက်အဦများ ဖျက်ဆီးခံ ခဲ့ရသော်လည်း၊ အရှေ့ဥရောပနှင့် အလယ်ပိုင်းနိုင်ငံများတွင် ကွန်မြူနစ်ဝါဒဆိုင်ရာ အထိမ်းအမှတ် နေရာဒေသများစွာ ကျန်ရှိနေပါသေးသည်။
၅။ လွန်ခဲ့သော အနှစ်(၂၀) ခန့်မှစ၍ အနောက်ကမ္ဘာမှ ခရီးသွားများလည်း ကွန်မြူနစ်အမွေ အနှစ်များကို စိတ်ဝင်စားလာခဲ့ပြီး၊ သံမဏိကန့်လန့်ကာနောက်ကွယ်မှ အကြောင်းအရာများကို ကြည့်ရှုလေ့လာလိုလာကြသည်။ ယခုအခါတွင် ယခင် ဆိုဗီယက်ပြည်ထောင်စုအဖွဲ့ဝင်နိုင်ငံများ ဖြစ်သော ဟန်ဂေရီ၊ ချက်သမ္မတနိုင်ငံ၊ ရိုမေးနီးယား၊ ဘူလ်ဂေးရီးယားနှင့် ဘော်လ်တစ်နိုင်ငံများ သည်ဥရောပသမဂ္ဂဝင်နိုင်ငံများဖြစ်လာခဲ့ကာ၊ ခရီးသွားလာရာတွင် ပိုမိုလွယ်ကူအဆင်ပြေလာခဲ့ပြီး ကွန်မြူနစ်အမွေအနှစ်များရှိရာသို့ လာရောက်လည်ပတ်လေ့လာကြသော ခရီးသွားဦးရေ အရေ အတွက်လည်း တိုးမြင့်လာခဲ့သည်။
၆။ တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် အနီရောင်ခရီးသွားလုပ်ငန်း (Red Tourism) ကို (၂၀၀၄) ခုနှစ်ခန့်ကပင်စတင်ခဲ့ပြီး အမျိုးသားအနီရောင်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း(National Red Tourism Development Plan) ကို ရေးဆွဲထုတ်ပြန်ရန် စီစဉ်လာခဲ့သည်။ ယင်းနောက် National Red Tourism Development Planning 2004-2010 ကို တရုတ်နိုင်ငံတော်ကောင်စီ နှင့် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီတို့ ပူးတွဲထုတ်ဝေနိုင်ခဲ့သည်။ အဆိုပါစီမံကိန်းတွင် ကွန်မြူနစ်ပါတီသူရဲကောင်းများ၊ ခေါင်းဆောင်များ၏ မွေးရပ်မြေနှင့် ကွန်မြူနစ်တော်လှန်ရေး ကာလ၏ ထင်ရှားသောဒေသများသို့ သွားရောက်လေ့လာလည်ပတ်ခြင်းသာမက (၁၉၄၂)ခုနှစ်မှ (၁၉၄၉)ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သည့် တရုတ်ကွန်မြူနစ်ပါတီ၏ တော်လှန်ရေးသမိုင်းကိုလည်း ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေးဖြစ်သည်။
၇။ အခြားအချက်တစ်ခုမှာ အနီရောင်အမွေအနှစ်များသည် ကွန်မြူနစ်တော်လှန်ရေးကို ထောက်ခံအားပေးခဲ့သည့် ဆင်းရဲနွမ်းပါးသောဒေသများတွင်တည်ရှိခြင်း၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသောနေရာဒေသများတွင် တည်ရှိခြင်းတို့ကြောင့် အနီရောင်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက် အောင် ဆောင်ရွက်ခြင်းဖြင့် အဆိုပါဒေသများ၏ ဖွံ့ဖြိုးတိုးတက်ရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုရာလည်း ရောက်စေသည်။
၈။ အနီရောင်ခရီးသွားလုပ်ငန်း (Red Tourism) ၏ အဓိက သဘောတရားမှာ သင်ကြားမှု၊ သင်ယူမှုလုပ်ဆောင်ချက်များ၊ လှည့်လည်ပြသခြင်းဆိုင်ရာလုပ်ငန်းများ၊ ကွန်မြူနစ်တော်လှန်ရေး ကာလ၏ အောက်မေ့အမှတ်ရဖွယ်အဖြစ်အပျက်များ၊ ကွန်မြူနစ်သူရဲကောင်းများနှင့် ခေါင်းဆောင် များအား လေ့လာခြင်းဆိုင်ရာတို့ပါဝင်သည်။ တရုတ်အမျိုးသားခရီးသွားလုပ်ငန်းစီမံခန့်ခွဲမှု (China National Tourism Administration-CNTA) အကြီးအကဲဖြစ်သူ He Guangwei က အနီရောင်
ခရီးသွားလုပ်ငန်းမြှင့်တင်ခြင်းသည် တရုတ်အမျိုးသားမျိုးချစ်စိတ်ဓါတ်ကို လက်ဆင့်ကမ်းပေးခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
၉။ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး၏ အဓိကကျသော ငွေကြေးထောက်ပံ့ရေးကဏ္ဍကို လည်း တရုတ်အစိုးရက အစွမ်းကုန်ဖြည့်ဆည်းပေးခဲ့သည်။ အနီရောင်ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်စေရန် အခြေခံအဆောက်အဦများ တည်ဆောက်ရေးအတွက် အထူးရံပုံငွေတစ်ရပ်ကို (၂၀၀၅)ခုနှစ်ကပင် စီစဉ်ထောက်ပံ့ခဲ့သည်။ တရုတ်နိုင်ငံ၏ ခရီးသွားလုပ်ငန်းဆိုင်ရာ အစီရင်ခံစာ များအရ (၂၀၀၆)ခုနှစ်တွင် တရုတ်အစိုးရသည် အနီရောင်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေး အတွက် ယွမ် (၁.၁) ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၄၆ မီလီယံ)ကို ထောက်ပံ့ခဲ့သည်။ (၂၀၀၅) ခုနှစ်နှင့် (၂၀၀၆)ခုနှစ်အတွင်း သယ်ယူပို့ဆောင်ရေး၊ လျှပ်စစ်မီးရရှိရေး၊ သန့်ရှင်းသောရေ ရရှိရေး အစရှိသည်တို့ ပါဝင်သော စီမံကိန်း (၁၀၀)ခန့်ကို အကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့သည်။ သက်ဆိုင်ရာဒေသအစိုးရများသို့လည်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ဖြည့်စွက်ရံပုံငွေများ ချထားပေးခဲ့သည်။ အနီရောင်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြားအထောက်အကူဖြစ်စေသော အချက်တစ်ခုအဖြစ် လူငယ်အဖွဲ့များ၊ ကျောင်းသားများ၊ စစ်သည်များနှင့် သက်ကြီးရွယ်အိုများကို သွားလာပို့ဆောင်စရိတ်၊ တည်းခိုစရိတ်နှင့် ဝင်ကြေး နှုန်းထားများကို လျှော့ချပေးခဲ့သည်။
၁၀။ အရှေ့ဥရောပတွင် ကွန်မြူနစ်အမွေအနှစ် ခရီးသွားလုပ်ငန်းသည် (၁၉၉၀)ခုနှစ်နောက်ပိုင်း တွင် ထွန်းကားလာခဲ့သည်။ ကွန်မြူနစ်ဝါဒကျဆုံးပြီးနောက် အနောက်ကမ္ဘာမှ ကမ္ဘာလှည့်ခရီးသွား များသည် အရှေ့နှင့် အလယ်ဥရောပနိုင်ငံများကို ခရီးစဉ်ဒေသအဖြစ် ရွေးချယ်လာကြသည်။ ဥပမာအားဖြင့် ပိုလန်နိုင်ငံရှိ ခရာကိုး (Krakow) ခရိုင်သည် ၎င်း၏ထင်ရှားသော ကွန်မြူနစ် ဗိသုကာလက်ရာများကြောင့် ကမ္ဘာ့လှည့်ခရီးသွားများအကြား လျှင်မြန်စွာ ရေပန်းစားလာခဲ့သည်။ အလားတူပင် ဟန်ဂေရီနိုင်ငံ၊ ဘူဒါပက်မြို့တွင် ကွန်မြူနစ်ဝါဒကျဆုံးပြီးနောက် ကွန်မြူနစ်ဝါဒ ကိုယ်စားပြု သင်္ကေတရုပ်တုများကို ပန်းခြံတစ်ခုအတွင်းသို့ ရွှေ့ပြောင်းခဲ့ပြီးနောက် (၁၉၉၃) ခုနှစ် တွင် အောက်မေ့ဘွယ်ပန်းခြံ (Memento Part or Szobor Park) သည် မြို့တော်၏ထင်ရှားသော ခရီးသွားလုပ်ငန်းဆိုင်ရာဆွဲဆောင်မှုတစ်ခုဖြစ်လာခဲ့သည်။ အဆိုပါပန်းခြံ၏ ခရီးသွားလုပ်ငန်းမြှင့် တင်မှုတွင် အောင်မြင်လာသောကြောင့် လေဟာပြင်ပြတိုက် (Open air museum) အဖြစ်သို့ အဆင့်မြှင့်တင်ခဲ့သည်။ ယင်းတွင် ကြယ်နီတစ်ပွင့်အမှတ်တရ အရောင်းဆိုင် (Red Star Store)၊ ဓါတ်ပုံပြပွဲနှင့် သမိုင်းမှတ်တမ်းများ ပြသသော အသေးစားရုပ်ရှင်ရုံငယ်တို့ ပါဝင်သည်။
၁၁။ ယင်းသို့ အနီရောင်ခရီးသွားလုပ်ငန်းအောင်မြင်လာသောကြောင့် ကွန်မြူနစ်ဝါဒရှင်သန်ခဲ့ရာ ဥရောပနိုင်ငံများတွင်လည်း အနီရောင်ခရီးသွားလုပ်ငန်း (Red Tourism) ကို ဆောင်ရွက်လာကြ သည်။ ဥရောပအင်အားကြီးနိုင်ငံကြီးဖြစ်သော ဂျာမနီနိုင်ငံ၊ ဘာလင်မြို့ရှိ အမွေအနှစ်များဖြစ်သော ဘာလင်တံတိုင်း (Berlin Wall)၊ ချာလီ ဝင်/ထွက်ပေါက် (Chaelie Checkpoint) တို့သည်လည်း ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း၏ ထင်ရှားသော ဆွဲဆောင်မှုများဖြစ်သည်။
၁၂။ တရုတ်နိုင်ငံတွင် အနီရောင်ခရီးသွားလုပ်ငန်းသည် မျှော်မှန်းထားသည်ထက် ပိုမိုအောင်မြင် ခဲ့ပြီး၊ (၂၀၀၄) ခုနှစ်မှ (၂၀၀၇) ခုနှစ်အတွင်း ကွန်မြူနစ်အမွေအနှစ်ဒေသများသို့ လာရောက် လည်ပတ်သော ခရီးသွားဦးရေ သန်း(၄၀၀)ခန့်ရှိခဲ့ကာ၊ အဆိုပါ ခရီးသွားလုပ်ငန်းမှ အမေရိကန် ဒေါ်လာ (၁၃.၅) ဘီလီယံရရှိခဲ့ကြောင်း တင်ပြလိုက်ရပါသည်။
Reference Paper; Red Tourism: Sustaining Communist Identity in a Rapidly Changing China