ဝူဟန် Vs တိုရစ်ဇင် ၂၀၂၀ လားရာ

သတိုးလွင် (ပထဝီဝင်) “လူဦးရေ (၁၁)သန်းကျော် ရှိတဲ့ ဝူဟန်မြို့ကြီးမှာ ကူးစက်ရောဂါအဆန်းတခုဖြစ်နေတယ် ကြားလာ !”“တရုတ်ပြည်ရဲ့သန်း(၅၀)လောက်သော ပြည်သူတွေ ဝူဟန်ဗိုင်းရပ်ကြောင့် အလုပ်တွေနားထားရပြီး ကုန်ထ ...

သတိုးလွင် (ပထဝီဝင်)

“လူဦးရေ (၁၁)သန်းကျော် ရှိတဲ့ ဝူဟန်မြို့ကြီးမှာ ကူးစက်ရောဂါအဆန်းတခုဖြစ်နေတယ် ကြားလာ !”
“တရုတ်ပြည်ရဲ့သန်း(၅၀)လောက်သော ပြည်သူတွေ ဝူဟန်ဗိုင်းရပ်ကြောင့် အလုပ်တွေနားထားရပြီး ကုန်ထုတ်လုပ်မှု ရပ်ဆိုင်းကုန်ပြီ ၊ ဝူဟန်ဗိုင်းရပ်ကြောင့် တရုတ်ပြည်မှာ တနေ့လူ ၁၀၀ အထက်သေဆုံးနေပြီး ဆားစ် (SARS) ရောဂါ သေဆုံးနှုန်းထက် ကျော်လွန်သွားပြီ “ ၄.၂.၂၀၂၀ ရက်နေ့သတင်း)

“အခြားနိုင်ငံတွေမှာ (၅)ဦးလောက်သာသေပေမဲ့ ကူးစက်မှုနှုန်းပြန်လာနေပြီလို့ WHO သတိပေးနေပြီ” ။ “ Diamond Princess အပျော်စီးသင်္ဘောပေါ်မှာ ဟောင်ကောင်မှဧည့်သည်တစ်ဦး လိုက်လာပြီးနောက် ကူးစက်မှုနှုန်းများလာပြီး ဂျပန်ယိုကိုဟားမား ဆိပ်ကမ်းပေး မကပ်ဘူး”၊ “တောင်ကိုရီးယားနိုင်ငံ Daegu(ဒေဂူး) မြို့မှာ ဆိုးဆိုးဝါးဝါးကူးစက်ပျံနှံမှုမြန်ဆန်လွန်း လို့ အရေးပေါ် အခြေအနေကြေငြာခဲ့ရတယ်။” အီရန်မှာလည်း ကျန်းမာရေး ဒုဝန်ကြီးကူးစက်ပြီးနောက် အမျိုးသမီးဒုသမ္မတတောင်ဝူဟန် ဗိုင်းရပ်ကူးခံခဲ့တယ်။ ပြင်သစ်လေဆိပ်မှာ စစ်ဆေးရေးကို မျက်လှည့်ပြပြီး ပြည်ဝင်ခဲ့တဲ့တရုတ်လူမျိုးသည် ဝူဟန်ဗိုင်းရပ်ရောဂါ ကူးစက်ခံထားရကြောင်း ………… တရုတ်အစိုးရက ဝူဟန်ဗိုင်းရပ်ကူးစက်ခံရသူကို သတင်းပေးရင် ဝမ်ငွေတစ်သောင်း ( US$ 1400 ) ခန့် ဆုကြေးသတ်မှတ် တိုးမြင့်မည်ဖြစ်ကြောင်း ကြေညာထားတယ်။ မြန်မာပြည်မှာတော့ ဝူဟန်သံသယလူနာ တွေ့တယ်။ ကူးစက်ခံရသူမတွေ့သေးကြောင်း ???? (၄.၃.၂၀၂၀ နေ့ထိ)

၂၀၂၀ နှစ်သစ်၊တရုတ်နှစ်သစ် ဝူဟန်နှင့်ဖွင့်


၂၀၂၀ နှစ်သစ်အကြိုည (၃၁.၁၂.၂၀၁၉) ရက်နေ့မှ တရုတ်နိုင်ငံဟိုဘေးပြည်နယ် ဝူဟန်မြို့တော်မှာ ကူးစက်မြန်ဗိုင်းရပ်စ်တချို့ တွေ့ခဲ့ပြီး လူအချို့ကူးဆက်ခံထားရကြောင်း ကြေငြာခဲ့ပါတယ်။ သားဌက်တောကောင်သားတွေရောင်းတဲ့ ဈေးကြီးကို စစ်ဆေးတဲ့ အခါ ကိုရိုနာအစုဝင် ဗိုင်းရပ်စ်ပိုးကို လင်းနို့နှင့်အခြားတောကောင်တွေမှာ တွေ့ရှိရသောကြောင့် ထိုဈေးကြီးကို တရားဝင် ပိတ်လိုက်ပါတယ်။ သမ္မတကြီး ရှီကျင်းပင်လည်း မြန်မာပြည်ချစ်ကြည်ရေးခရီးအပြန် ခရီးရောက်မဆိုက် ဝူဟန် ဗိုင်းရပ်စ် ပြဿနာဖြစ်လို့ တတိုင်းပြည်လုံးကို အရေးပေါ်အခြေအနေနှင့်ဥပဒေအရ အရေးယူနိုင်တဲ့ အမိန့်တရပ်ထုတ်ပြန်ခဲ့ပါတယ်။

ဇန်နဝါရီလထဲမှာ တော့ခရီးသွားလာမှု သိပ်မထိခိုက်သေးပေ။ WHO မှဝူဟန်ဗိုင်းရပ်စ် Case definition အနေဖြင့် တရုတ်ပြည် ဝူဟန်မြို့မှ လာသူတွေ မက တရုတ်ပြည်မမှလာသူတွေရဲ့ quarantine လုပ်ရန်လိုကြောင်းကြေညာခဲ့ပါတယ်။ စင်ကာပူမှစပြီး တရုတ်နိုင်ငံ ကူးလက်မှတ် ကိုင်ဆောင်လာသူတွေကို ဝင်ခွင့်ပိတ်ခဲ့ပါတယ်။ တရုတ်နှစ်ကူးချိန်ကြွက်နှစ်မှာ ဝူဟန်နှင့် အစဖွင့် ခဲ့ပါ တယ်။

၂၀၂၀ ဖေဖေါ်ဝါရီလအတွင်း ကူးစက်ခံရမှုက နေ့ချင်း၊ညချင်း ခုန်တက်လာတာကြောင့် WHO မှ Highest Alert အဖြစ်ထုတ်ပြန် ကြေညာခဲ့ပါတယ်။ ဟောင်ကောင်အခြေစိုက် Cathay Pacific လေကြောင်းလိုင်းကလည်း ဝန်ထမ်း၂၇၀၀၀ဦးကို (၃)ပတ်လစာမဲ့ နှင့် ပေးလိုက်ပါတယ်။ စင်ကာပူ လေကြောင်းလိုင်းတွေလည်း ခေါက်ရေလျော့ ပြန်လည် ပြေးဆွဲပြီး ရန်ကုန်လေဆိပ် ပြည်ပ ဝင် ရောက်မှု ၅၅%ကျဆင်းပြီး ပြည်တွင်းခရီးစဉ် ၇၅%ခန့်ကျဆင်းခဲ့ကြောင်း လေဆိပ်သတင်းရပ်ကွက်မှ သိရှိခဲ့ရပါတယ်။

ဝူဟန်နှင့်အပြိုင်(၂၁)ရာစုကူးစက်ရောဂါများ


ဒီနေ့ကမ္ဘာမှာ ကြောက်စရာကောင်းအောင်ဖြစ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်သစ် မပေါ်ပေါက်ခင် အခြားကူးစက်ရောဂါတွေဟာ ၂၁ရာစု အစောပိုင်းက ဖြစ်ပွားခဲ့သည့် အကြောင်းကို ၉.၂.၂၀၂၀ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ တွင် ဆရာထွန်းသစ်စ ရေးသားခဲ့သော ဆောင်းပါးမှ မှတ်သားဖွယ်ရာအချို့ကို ရှေးဦးစွာကောက်နှုတ်တင်ပြအပ်ပါသည်။ အရင်ရာစုတွေကဖြစ်ပွားခဲ့တဲ့ ကူးစက်ရောဂါကြောင့်သေဆုံးခဲ့သူ အရေအတွက်နဲ့ ဒီနေ့ခေတ်သေဆုံးသူအရေအတွက်ကို နှိုင်းယှည်ကြည့်ရင် အရင်တုန်းက သေဆုံးသူအရေအတွက်ပိုများခ့ဲတယ်လို့ ဆိုပါတယ်။

စပိန်တုပ်ကွေး


၁၉၁၈ -၁၉၁၉မှာစပိန်တုပ်ကွေးဖြစ်ခဲ့ပါတယ်။ ပထမကမ္ဘာစစ်ဖြစ်ပွားနေချိန်မှာ စပိန်တုပ်ကွေးဖြစ်ခဲ့တာကြောင့် ကမ္ဘာ့လူဦးရေ အများကြီး ကူးစက်ပျံ့နှံခဲ့ပါတယ်။ စပိန်တုပ်ကွေးရောဂါကြောင့်လူပေါင်းသန်း ၅၀လောက်သေဆုံးခဲ့ပါတယ်လို့ ရောဂါထိန်း ချုပ် ရေးဌာနက ပြောခဲ့ပါတယ်။ ဒီရောဂါဟာ ၁၉၁၈ခုနှစ်ဧပြီလမှစပြီး ၁၉၁၉ဧပြီလအတွင်းမှာ ဖြစ်ပွားခဲ့တဲ့အတွက် အလွန်တို တောင်း တဲ့ကာလအတွင်းမှာ လူသေဆုံးမှု အများဆုံးဖြစ်ပွားခဲ့တဲ့ရောဂါအဖြစ် သမိုင်းမှာမှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ပထမကမ္ဘာစစ်မှာ သေဆုံးတဲ့လူအရေအတွက်ထက် ရောဂါဖြစ်လို့သေဆုံးတဲ့လူအရေအတွက်က ငါးဆလောက်ပိုလို့တောင် များနေပါသေးတယ်။ ပထမဆုံးရောဂါတွေ့ရှိခဲ့တာကတော့ အမေရိကန်ပြည်ထောင်စုမှာဖြစ်ပါတယ်။ ထို့နောက်မှာတော့ဥရောပနဲ့ ကမ္ဘာတစ်ဝန်းလုံး ကိုပျံ့နှံ့ခဲ့တာပါ။

အာရှတုပ်ကွေး


၁၉၅၇ – ၁၉၅၈ မှာ အာရှတုပ်ကွေးဖြစ်ခဲ့ပါတယ်။ အဲဒီတုပ်ကွေးကြောင့်အာရှမှာ လူပေါင်း ၁ဒသမ၁သန်း လောက်သေဆုံးခဲ့တယ် လို့ ရောဂါထိန်းချုပ်ရေးဌာနက ပြောပါတယ်။ ပထမဖြစ်ပွားမှုဟာ တရုတ်နိုင်ငံတောင်ပိုင်းမှာ ၁၉၅၇ခုနှစ် ဖေဖေဝါရီမှာ စတင်ခဲ့ပါတယ်။လပေါင်းများစွာကြာခဲ့ပါတယ်။ ထို့နောက်မှာတော့ အမေရိကန်နဲ့ဥရောပအထိရောက်ရှိခဲ့ပါတယ်။

ဟောင်ကောင်တုပ်ကွေး


၁၉၆၈ – ၁၉၇၀မှာ ဟောင်ကောင်တုပ်ကွေးဖြစ်ခဲ့ပါတယ်။ လူတစ်သန်းလောက် ဒီရောဂါနဲ့သေဆုံးခဲ့တယ်လို့ အမေရိကန်ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာနကပြောကြားခဲ့ပါတယ်။ တစ်ကမ္ဘာလုံးအတိုင်းအတာအနေနဲ့ ရောဂါကူးစက်ပျံ့နှံ့မှုဟာ ၁၉၆၈ နှစ်လယ်လောက်နဲ့၁၉၇၀အစောပိုင်းကာလတွေမှာဖြစ်ပွားခဲ့ပါတယ်။ အဲဒီရောဂါကြောင့် ကလေးတွေအတော်များများ သေဆုံးခဲ့ ပါတယ်။ အဲဒီရောဂါဟာဟောင်ကောင်မှာမထမဆုံး စတင်ဖြစ်ပွားခဲ့ပြီး အာရှိကိုကျော်ပြီး အမေရိကန်ပြည်ထောင်စုမှာ ၁၉၆၈ခုနှစ် နှောင်းပိုင်းမှာ ဖြစ်ပွားခဲ့ပါတယ်။ ထို့နောက်မှာတော့ ၁၉၆၉ခုနှစ်နှောင်းပိုင်းမှာဥရောပကို ကူးစက်ခဲ့ပါတယ်။

ဆားစ်ရောဂါ


၂၀၀၂ -၂၀၀၃မှာ ဆားစ်ရောဂါဖြစ်ပွားခဲ့ပါတယ်။ ဆားစ်ရောဂါကို ပထမဆုံးတရုတ်နိုင်ငံတောင်ပိုင်း ကွမ်ကုန်ပြည်နယ်မှာ ၂၀၀၂ခုနှစ် နိုဝင်ဘာလမှာတွေ့ရှိခဲ့ပါတယ်. အဲဒီနောက်မှာတော့ ၂၀၀၃ခုနှစ်နှစ်လယ်လောက်မှာ အဲဒီရောဂါဟာ တကယ် ကြေက်စရာ ကောင်းအောင်ပျံ့နှံ့ခဲ့ပြီးတော့ ကျန်းမာရေးအကျပ်အတည်း တစ်ခုလိုဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် အာရှမှာအဲဒီရောဂါ ကြောင့် ပရိဒေဝမီးတွေတောက်လောက်ခဲ့ပါတယ်။ အဲဒီရောဂါကြောင့် လူဦးရေစုစုပေါင်း ၇၇၄ဦးသေဆုံးခဲ့ပါတယ်။ အဲဒီထဲက ငါးပုံပုံ လေးပုံလောက်ဟာ တရုတ်နိုင်ငံနဲ့ ဟောက်ကောင်တို့မှာ ဖြစ်ပွားခဲ့ပါတယ်။ အဲဒီရောဂါဟာ နိုင်ငံပေါင်း၃၀နီးပါး ပျံနှံ့ခဲ့ပါတယ်။ အဲဒီရောဂါကြောင့် သေဆုံးတဲ့နှုန်းဟာ ၉ဒသမ ၅ရာခိုင်နှုန်းလောက်အထိ ရှိခဲ့ပါတယ်။

ဌက်တုပ်ကွေး ( H5N1)


၂၀၀၃ -၂၀၀၄ မှာ ဌက်တုပ်ကွေးဖြစ်ခဲ့ပါတယ်။အဲဒီ တုပ်ကွေးကို အိတ်ခ်ျဖိုက်အင်န်ဝမ်းလို့ ခေါ်ခဲ့ပါတယ်။ အဲဒီဌက်တုပ်ကွေး ကြောင့် အထူးသဖြင့် အရှေ့တောင်အာရှမှာ လူပေါင်း ၄၀၀ထက်မနည်း သေဆုံးခဲ့ပါတယ်။အဲဒီဌက်တုပ်ကွေးဟာ လူသားတွေကို မကူးစက်မီ ပထမဆုံး ဟောင်ကောင်မွေးမြူရေးခြံတွေက စတင်ခဲ့ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အဲဒီကို ကမ္ဘာ့ကျန်းမာရေ့း အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့ပါတယ်။ သို့သော်လည်း ထိန်းချုပ်နိုင်ခဲ့ပါတယ်။

အီဘိုလာရောဂါ


၂၀၁၃-၂၀၁၆ မှာအီဘိုလာရောဂါပျံံ့နှံ့ဖြစ်ပွားခဲ့ပါတယ်။ ပြင်းထန်အီဘိုလာကူးစက်ရောဂါဟာ အနောက်အာဖရိကမှာ ၂၀၁၃ ခုနှစ် ဒီဇင်ဘာမှာဖြစ်ပွားခဲ့ပြီး နှစ်နှစ်ကျော်ကြာမြင့်ခဲ့ပါတယ်။ အီဘိုလာကူးစက်ရောဂါကြောင့် ဂီနီယာ ၊လိုင်ဘေးရီးယားနဲ့ ဆီရီယာလီယွန်နိုင်ငံတွေမှာ လူပေါင်း၁၁၃၀၀ သေဆုံးခဲ့ပါတယ်။ အီဘိုလာရောဂါကို ၁၉၇၆ခုနှစ်ကပထမဆုံး ဖော်ထုတ်ခဲ့ပါ တယ်။ အီဘိုလာရောဂါဟာ အခြားဗိုင်းရပ်စ်ကြောင့်ဖြစ်ပွားတဲ့ရောဂါတွေထက်စာရင် ကူးစက်မှုနှုန်းနည်းခဲ့တယ်လို့ ဆိုရမှာပါ။ သို့သော်လည်း လူပေါင်း၄၀ရာခိုင်နှုန်းလောက် သေဆုံးခဲ့ပါတယ်။ အီဘိုလာ ဗိုင်းရပ်စ်ကို ၂၀၁၈ခုနှစ်မှာ ကွန်ဂိုဒီမိုကရက်တစ် ပြည်ထောင်စုအရှေ့ပိုင်းမှာ ပြန်လည်တွေ့ရှိခဲ့ပါတယ်။ အဲဒီမှာဖြစ်ပွားခဲ့တဲ့ အီဘိုလာရောဂါကြောင့်လူပေါင်း ၂၂၀၀ သေဆုံးခဲ့ပါ တယ်။

ဝက်တုပ်ကွေး (H1N1)


၂၀၀၉ -၂၀၁၀မှာ ဝက်တုပ်ကွေးဖြစ်ခဲ့ပါတယ်။ ဝက်တုပ်ကွေးကြေင့် လူပေါင်း၁၈၅၀၀ခန့်သေဆုံးခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ပြောကြားခဲ့ပါတယ်။ အဆိုပါဝက်တုပ်ကွေး ရောဂါကို မက္ကဆီကိုနဲ့အမေရိကန်ပြည်ထောင်စုတို့မှာ ၂၀၀၉ခုနှစ်က ပထမဆုံးတွေ့ရှိခဲ့ပါတယ်။ သို့သော်လည်း လန်ဆက်ဆေးဘက်ဆိုင်ရာ စစ်တမ်းမှာတော့ ဝက်တုပ်ကွေး(သို့မဟုတ်) အိတ်ချ်ဝမ်း အင်န်ဝမ်းကြောင့် သေဆုံးသူဟာ ၁၅၁၇၀၀ ကနေ ၅၇၅၄၀၀ အထိရှိခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ တုပ်ကွေးဆိုင်ရာ သတိပေးမှု တွေကို ၂၀၀၉ခုနှစ်ဇွန်လ ၁၁ရက်မှ ပြုလုပ်ခဲ့ပြီးတော့ ၂၀၁၀သြဂုတ်လ ၁၀ရက်မှာ ရုပ်သိမ်းခဲ့ပါတယ်။ ကာကွယ်ဆေးဝါး တွေလည်း ပြတ်တောက်ခဲ့ပါသည်။

ဝူဟန်ဂယက်နှင့်ခရီးသွားကဏ္ဍတိုက်ရိုက်ဆက်စပ်မှု


ဝူဟန်မြို့မှ စတင်တွေ့ရှိခ့သည့် ထူးဆန်းသည့်ကူးဆက်မြန်ဗိုင်းရပ်စ်ပိုးကို အလွယ်တကူဝူဟန်ဗိုင်းရပ်စ်ဟု ခေါ်တွင်ခဲ့ပြီးနောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO ) မှ COVID 19 ( Crona Virus Disease 2019 ) ဟုတရားဝင်ပြောင်းလဲခေါ်တွင်ခဲ့ပါသည်။ ယခုစာရေးနေချိန် (၃.၃.၂၀၂၀) အထိမြန်မာပြည်တွင် ဝူဟန်ဗိုင်းရပ်စ်ကူးစက်ခံရသူ မရှိသေးသော်လည်း စောင့်ကြည့်သံသယ လူနာများရှိနေဆဲဖြစ်သည်။ စက်မှုထုတ်ကုန်အတွက် တရုတ်နှင့်ကိုရီးယားမှ ကုန်ကြမ်းများပြတ်တောက်တော့မည် ဖြစ်၍ အထည်ချုပ်စက်ရုံးများ စတင်ပိတ်ရက်လျှင် အလုပ်လက်မဲ့ထောင်သောင်းချီရှိလာနိုင်သည်။ လေယာဉ်ခရီးစဉ်များလည်း လျှော့ချပြီး အချို့နိုင်ငံတာကာလေကြောင်းလိုင်းများသည်လည်း လစာမဲ့ခွင့်များပေးပြီး မြေပြင်၊လေယာဉ်ဝန်ထမ်းများ သောင်းချီ အနားပေးလျှက်ရှိနေသည်။ ထိုင်းနိုင်ငံတွင် ဧည့်လမ်းညွှန်ပေါင်း ၁၀၀၀၀ခန့်အလုပ်လက်မဲ့ဖြစ်ခဲ့နေပြီး မြန်မာနိုင်ငံတွင် လည်း ဧည့်လမ်းညွှန် ထောင်ချီအလုပ်လက်မဲ့ဖြစ်စေနိုင်မည်။ ခရီးသွားကုမ္ပဏီ Inbound အများစုတွင် တရုတ်၊ကိုရီးယား ဈေးကွက် အဓိကလုပ်ကိုင်သော ကုမ္ပဏီအများစုမှာလုံးဝနီးပါးရပ်ဆိုင်းခဲ့ပြီ။ အနောက်နိုင်ငံဈေးကွက် အဓိကလုပ်သောကုမ္ပဏီမျိုးသာ လက်ကျန်ခရီးစဉ်များနှင့်လည်ပတ်နေပြီး အများစုမှာ လာမည့်ခရီးသွားရာသီအတွင်း ၅၀%မှ ၈၀%ထိ ထိခိုက်ဖွယ်ရာရှိသည်။ ဟိုတယ်နှင့်စားသောက်ဆိုင်များလည်း အလားတူပင်ဖြစ်သည်။

၂၀၁၉ခုနှစ်တွင်ခရီးသည် ၄.၃သန်းဝင်ရောက်ရာတွင် တရုတ်ခရီးသည် ၃သိန်းခွဲဝင်ခဲ့ပြီး ၂၀၂၀နှစ်ဦး ခရီးသွားရာသီတွင် Zero နီးပါးကျဆင်းဖွယ်ရှိ သဖြင့် ၂၀၂၀ ခုနှစ်လုပ်ငန်းအလားအလာမကောင်းပါ ၊ဆင့်ပွားဆိုးကျိုးသက်ရောက်မှုများရှိနိုင်သည်။ အထူးသဖြင့် ကမ္ဘာ့စီးပွားရေးကို ချုပ်ကိုင်ထားသော Super Power နိုင်ငံများဖြစ်သည့် အမေရိကန်နှင့်တရုတ်အပြင် ကိုရီးယား၊ဂျပန်၊ဥရောပနိုင်ငံများပါ ပျံနှံကူးစက်လာခြင်းသည် ကုန်ထုတ်လုပ်မှုနှောင့်နှေးပြီး ကမ္ဘာ့ကုန်သွယ်ရေးကိုလည်း အလုံးစုံထိခိုက်လာနိုင်သည်။

ရောဂါကပ်ဆိုးကြီး(Pandemic)၏နောက်ဆက်တွဲ ကမ္ဘာ့စီးပွားပျက်ကပ်လည်း (Economic Recession) လည်း ဖြစ်လာနိုင်ဖွယ်ရာရှိကြောင်း ပညာရှင်များက ဟောကိန်းထုတ်ထားကြသည်။ ၂၀၂၀ပြည့်နှစ်ရဲ့ ပထမ သုံးလပတ်ကျော်လို့ ဒုတိယသုံးလပတ်ရောက်ပြီး ကူးစက်မှုတွေကို ရပ်တန့်ထိန်းချုပ်လိုက်နိုင်ရင်စီးပွားရေးအခြေအနေက စိုးရိမ် ရတဲ့အခြေအနေကို ကျော်လွန်နိုင်မယ်လို့ယူဆကြပါတယ်။ နိုင်ငံပေါင်းအများကြီးကူးစက်ခံနေရပေမယ့် ထူးထူးခြားခြားလာအို၊ မြန်မာနဲ့အင်ဒိုနီးရှား နိုင်ငံတွေမှာ ကူးစက်မှုမရှိသေးခြင်းအပေါ် ကျန်းမာရေးပညာရှင်အချို့ကတော့ ကူးစက်မှုရှိပါလျက်နဲ့ စစ်ဆေးမတွေ့ရှိဘဲ ဖြစ်နေတာလားဆိုပြီး စိုးရိမ်ပူပန်ကြပါတယ်။ မြန်မာနိုင်ငံက တရုတ်နိုင်ငံနဲ့နယ်နိမိတ်အရှည်ကြီး ထိစပ်နေပြီး နှစ်နိုင်ငံကြား တရားမဝင်နယ်စပ်ဖြတ်ကျော်လို့ လွယ်ကူတဲ့အနေအထားဖြစ်ပေမယ့် ကူးစက်ခံရသူ မရှိသေးဘူးဆိုတဲ့အပေါ် လူအများစုက မယုံမရဲနဲ့ ထူးဆန်းနေပုံရပါတယ်။

တချို့ကလည်း မြန်မာတွေမှာ COVID-19 ကူးစက်ရောဂါမဖြစ်တာ ခုခံအား ကောင်းတဲ့ Antibodies သုံးမျိုးက မြန်မာတွေမှာ အချို့လူမျိုးတွေထက်များနေလို့ မကူးတာလို့ဆိုကြတယ်။ တချို့လည်း အဲဒီလို ကြောင့်မဟုတ်ဘူးလို့ ဆိုကြတယ်။ မျက်မမြင်ပုဏား(၆)ယောက်နှင့်ဆင်ကြီးပုံပြင်လိုဘဲ ဝူဟန်ကို ဆင်ကြီးအလား အမျိုးမျိုး အဓိပါ္ပယ်ဖွင့်နေပြီး ပဉ္စလက်ဆန်လှသည့် ဝူဟန်ဆင်ကြီးပင်တည်း။

ရေစုန်မျောနေသော “ငွေရောင်ဝိဉာဉ်”


ဝူဟန်ဗိုင်းရပ်စ်မုန်တိုင်းကြောင့် ၂၀၂၀နှစ်ဦးပိုင်းတွင်ခရီးသွားလုပ်ငန်များစွာ အကျိုးသက်ရောက်စေသည့် အပျော်စီးသင်္ဘောကြီး များသည်လည်း ရေမျောကမ်းမကပ်နိုင်သည့်ဖြစ်စဉ်များရှိခဲ့သည်။ ၂၀၀၉ခုနှစ်က ဝက်တုပ်ကွေး (H2N1) ဖြစ်စဉ်က ၂နှစ်နီပါး ကူးစပ်ပျံ့နှံ့ခဲ့ပြီး လူပေါင်း၅သိန်းကျော်သေဆုံးခဲ့လင့်ကစား ခရီးသွားလုပ်ငန်းထိခိုက် ဆုံးရှုံးမှုသိပ်မသိသာပေ။ အပျော်စီး ခရီး သည်တင် သင်္ဘောကြီးတစ်စင်း မြန်မာနိုင်ငံသို့လာရောက်သည်နှင့် ကြုံ၍ စာရေးသူတို့ကုမ္ပဏီမှ ခရီးစဉ်အဆင်ပြေစေရေး အတွက် CIQ Team (အကောက်ခွန်၊လဝကနှင့် ဆိပ်ကမ်းကျန်းမာရေး အဖွဲ့)ကို ပင်လယ်ရှိ Pilot Station သို့သင်္ဘော(၁)စင်း ဌားပြီး ကြိုတင်သွားခဲ့ရသည်။ ထိုစဉ်က ကူးစက်ရောဂါထိန်းချုပ်ရေးဌာန ဒုညွှန်ချုပ်ဖြစ်သူ ဆရာကြီးဒေါက်တာစိုးလွင်ငြိမ်းနှင့် ဆေးအဖွဲ့ဝင်များလည်း ဝတ်စုံအပြည့်ဖြင့် ပင်လယ်ဝရှိ Pilot Station တွင် ခေတ္တနားကာ Pilot Cattle Boat သေးသေးလေးဖြင့် လှိုင်းလေကြားမှ အပျော်စီးင်္ဘောကြီး Crystal Symphony သို့ ကြိုးလှေကားမှ ခက်ရာခက်ဆစ် တက်ရောက်ခဲ့ရသည်။

Cruise သင်္ဘောကြီးပေါ်ရောက်ရောက်ခြင်း သင်္ဘောဆရာဝန်နှင့်အဖွဲ့မှဦးစွာ စာရေးသူတို့အဖွဲ့ကို အဖျားတိုင်း ၊ဆေးဖြန်းခြင်းကိုပြုလုပ် ခဲ့ရသည်။ ပြီးမှသူတို့ခရီးသည်တွေကို စစ်ဆေးဖို့စာရွက်စာတမ်းများရှိရာ သင်္ဘောအတွင်းခန်းသို့ ဝင်ခွင့်ပေးခဲ့သည်။ တစ်ဦးနှင့် တစ်ဦး အပြန်အလှန်သံသယမျက်လုံးစိမ်းများနှင့် ကြုံဆုံခဲ့ရသည်။ မမေ့နိုင်စရာအဖြစ်တစ်ခုပါ။

ဒီတခေါက်ဝူဟန် ကြတော့ UKမှ အပျော်စီးသင်္ဘော MV Boudicca လာစဉ်ကတော့ သီလဝါ Wilmar ဆိပ်ကမ်းမှာ CIQ Team ကို စနစ်တကျနေရာ ချပြီး စစ်ဆေးခဲ့ပါတယ်။ ဆရာကြီး ဒေါက်တာစိုးလွင်ငြိမ်း၏ သားဖြစ်သူဆိပ်ကမ်းကျန်းမာရေး တာဝန်ခံ ဆရာဝန်ဒေါက်တာဉာဏ်ထက်လွင်နှင့်ဆေးအဖွဲ့မှ စိတ်ရှည်စွာ ခရီးသည်တစ်ဦးစီတိုင်းစစ်ဆေးပြီး ပြဿနာတစ်စုံတရာ မရှိခဲ့ပါ။ ထိုနေ့ကား၂၉.၁.၂၀၂၀။ဖေဖေါ်ဝါရီလဆန်းမှစ၍ ဝူဟန်ဗိုင်းရပ်စ်မုန်တိုင်းဟာ ဂျပန်မှာကမ်းကပ်ဖို့အလာ သင်္ဘောပေါ်မှ ကူး စက်လူနာ တွေ့ရာမှ ယိုကိုဟားမား ဆိပ်ကမ်းမှ ရေလယ်ကျောက်ချပြီး စစ်ဆေးခဲ့ရပါတယ်. “စိန်မင်းသမီး” “MV Diamond Princess “ သင်္ဘောကြီးမှာ တရုတ်၊ ဂျပန်နဲ့အမေရိကန်ခရီးသည်တွေ ထောင်ချီပါတော့ ကူးစက်လူနာကို ဦးစွာခွဲမထုတ်ဘဲ ဂျပန်အာဏာ ပိုင်တို့ရဲ့ ဆုံးဖြတ်ချက် နှောင့်နှေးမှုကြောင့် ကူးစက်မှုမြန်ပြီး အသေအပျောက်ရှိခဲ့ပါတယ်။ ထိုဖြစ်စဉ်ကြောင့် MV Westerdam သင်္ဘောကြီးကိုလည်း ဆိပ်ကမ်း(၅)ခုမှ ငြင်းဆိုလို့နောက်ဆုံး ကမ္ဘောဒီးယားရှိ ဆီဟာနူဗီးလ်ကမ်းခြေမှာ ကမ်းကပ် ခွင့်ပြုပြီး ဝန်ကြီးချုပ်ဟွန်ဆန် ကိုယ်တိုင်လက်ဆွဲနှုတ်ဆက်ပြီးကြိုဆို ခဲ့ကြောင်းသိရှိခဲ့ရပါတယ်။ WHO မှလည်း ကမ္ဘောဒီးယား နိုင်ငံ၏ လုပ်ရပ်ကို ချီးကျူးခဲ့ပါသည်။

၂၀၂၀ခုနှစ် မတ်လနဲ့ဧပြီလအတွင်း မြန်မာနိုင်ငံသို့ အပျော်စီးသင်္ဘောခရီးစဉ်ပေါင်း (၅)စင်းလာရောက်ဖို့ရှိရာ(၄)စင်းမှာ သင်္ဘော ကုမ္ပဏီမှ အချိန်မှီဖျက်သိမ်းခဲ့ပါတယ်။ အမေရိကန်မှ MV Silver Spirit (ငွေရောင်ဝိဉာဉ်)သင်္ဘောကြီးမှာတော့ အာရှခရီးစဉ် အတိုင်း စင်ကာပူမှာခရီးသည်တွေချပြီး (၂၉.၂.၂၀၂၀) ညနေမှ ခရီးသည် (၄၀၇)ဦး နှင့်စင်ကာပူ၊ ထိုင်း၊မြန်မာနှင့် အိန္ဒိယနိုင်ငံသို့ ဦးတည်ထွက်ခွာလာပါသည်။ အများစုမှာ ဗြိတိန်၊ သြစတျေးလျ နှင့် အမေရိကန် လူမျိုးများဖြစ်ပြီး သက်ဆိုင်ရာ နိုင်ငံများမှ လေယာဉ်ဖြင့်လာပြီး စင်ကာပူတွင် သင်္ဘောတက်သူများဖြစ်ပါသည်။ ထိုင်းနိုင်ငံဖူးခက်မှ တဆင့်ရန်ကုန်ဆိပ်ကမ်းသို့ ဦးတည်လာ ပါတယ်။ အများစုမှာ မြန်မာပြည်ခရီးစဉ်(၄)၇က်လည်ပတ်မှာ ဖြစ်လို့ သင်္ဘောခရီးစဉ်ကို ဝယ်ယူလာသူတွေဖြစ်ပြီး မြန်မာဘက်မှလည်း ထိုခရီးစဉ်များသည် ခရီးသွားလုပ်ငန်းအတွက်သာမက နိုင်ငံပုံရိပ်ကိုလည်း ကောင်းမွန်စေမှာကြောင့် ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာနမှ ခွင့်ပြုနိုင်ရေးအတွက်အထောက်အထားများကို တင်ပြခဲ့ပါတယ်။ သို့သော် ကျန်းမာ ရေးဝန်ကြီးဌာနမှ စနစ်တကျညွှန်ကြားချက်များ ထုတ်ထားပြီး အကယ်၍ ခရီးသည် တစ်ဦး ကူးစက်သည့် လက္ခဏာ တွေ့ရှိပါက သင်္ဘောတစ်စင်းလုံး ရန်ကုန်ဆိပ်ကမ်းတွင်ပေးမကပ်ကြောင်း ၊ကုန်ကျစရိတ်များ ကိုလည်းသင်္ဘောကုမ္ပဏီမှ အလုံးစုံကျခံရမည် ဖြစ်ကြောင်း ကြိုတင်အသိပေးထားခဲ့ပါသည်။

မိမိတို့Myanmar Voyages ကုမ္ပဏီအနေဖြင့် သင်္ဘောဆိုက်ကပ်ခွင့်ပြုရေးသည် အထက်အဖွဲ့အစည်းများ၏ ဆုံးဖြတ်ချက်သာ ဖြစ်ပြီး ဆိပ်ကမ်း အာဏာပိုင် မှ ဆိုက်ကပ်ခွင့်ပြုပြီး ခရီးသည်များရောဂါကင်းရှင်းပြီး ဆင်းခွင့်ရမှသာ ခရီးစဉ်များ စီစဉ်ရ မည်ဖြစ် သည်။ သို့သော် ရှေ့ပိုင်းတွင် ဖြစ်ခဲ့သော သင်္ဘောကြီး(၂)စင်း၏ ဝူဟန်ဗိုင်းရပ်ကိုက်သည့်သတင်းများကြောင့် မြန်မာနိုင်ငံတွင် ကံသီစွာ တစ်ဦး တစ်ယောက်မှ ရောဂါကူးစက်ခံရသူ မရှိသေးသဖြင့် ထိုသင်္ဘောပေါ်တွင် virus carrier ရောဂါပိုး သယ်ဆောင်သူ တစ်ဦးဦး ကြောင့် ခရီးစဉ်အတွင်း ကူးစက်ခံခဲ့ရင် အခြေအနေတွေ ရှုတ်ထွေးကုန်မည်ကို ပြည်သူအချို့က စိုးရိမ် ပူပန်နေကြသည်။

၁.၃.၂၀၂၀ရက်နေ့တွင် ကျန်းမာရေးဝန်ကြီးဌာနမှတော့ မလာသင့်ကြောင်း အထက်သို့ အကြံပြုပေး ထားသည်။ စာရေး သူတို့ လည်း ထိုအချက်ကို အလေးထားစဉ်းစားမိသည်။ သို့သော် မိမိတို့အနေဖြင့် သင်္ဘောကို “NO” ဟုသွား ပြောပိုင်ခွင့်မရှိ သလို နိုင်ငံ အကြီးအကဲများမှလည်း အဘက်ဘက်မှ ချင့်ချိန်စဉ်းစားနေဟန်တူသည်။ သင်္ဘောပေါ်ရှိ ခရီးသည် များမှာလည်း ဝူဟန်ကင်းသည့် ပြည်မြန်မာကိုရောက်ချင်ဇောဖြင့် ဖူးခက်တွင်နေ့ချင်းပြန်လည်ပြီး သင်္ဘောပေါ်ရောက်နှင့်နေပြီး ၂.၃.၂၀၂၀ မွန်းလဲပိုင်းရောက်မှ အထက်အကြီးအကဲများမှ ဝင်ခွင့်မပြုကြောင်း အကြောင်းကြားသဖြင့် ဘင်္ဘောကို ဆိပ်ကမ်း အာဏာပိုင်မှ တဆင့် တရားဝင်အကြောင်းကြားလိုက်ရသည်။ မြန်မာပြည်သို့မထွက်ခွာခင် (၂)နာရီအလို ခရီးသည်များအားလုံး သင်္ဘောပေါ် ရောက်မှ သိလိုက်ရချိန်တွင် မည်သို့ခံစားကြမည် ၊ပေါက်ကွဲကြမည်ကို စဉ်းစားမိခဲ့စဉ် ထိုင်းဆိပ်ကမ်း အာဏာပိုင် များကလည်း ဆက်လက်ကပ်ခွင့်မပြု ၊ မြန်မာကလည်း လာခွင့်ငြင်းသလို နောက်ဆိပ်ကမ်းတခုဖြစ်သည့် သိရိလင်္ကာနိုင်ငံ ကိုလံဘို ဆိပ်ကမ်းကလည်း ငြင်းထားသဖြင့် ဖူးခက်အလွန်ကမ်းဝေးပင်လယ်ပြင် တစ်နေရာတွင်ဦးတည်ချက်မဲ့စွာဖြင့် ရေမျော ကမ်းမကပ် နိုင်သည့် “ငွေရောင်ဝိဉာဉ်” သင်္ဘောကြီး၏ ကံကြမ္မာကား … ငွေရောင်ပိတ်ကားပေါ်တွzင် ဆက်လက်စောင့်မျှော် ကြည့်ကြရပေ တေ့ာမည်။ “ Bon Voyages … MV Silver Spirit “ “မြန်မာပြည်သူပြည်သားများ ကပ်ရောဂါဘေးမှ ကင်းဝေးဖို့ အရေး တစုံတခု လုပ်ပေးနိုင်ခဲ့သည့်အတွက် ပီတိဖြစ်ခဲ့သည် “ “မြန်မာပြည်ကြီးဂွတ်လပ်ပါ”

Vol_1_Issue_22

Photo_ သတိုးလွင်