လောကနိဗ္ဗာန်ဘုံ ဖားစည်မြေ

ယဉ်ယဉ်လှ မြူခိုးတွေ ဆိုင်းဝေနေပြီး ထိုးထိုးထောင်ထောင်ချွန်ချွန်ထက်ထက်ပုံစံတွေရယ်၊ မတူညီတဲ့ ထုံးကျောက်တောင်တွေကို မြင်တွေ့ရလိုက်တဲ့ အချိန် ဒီမြင်ကွင်းလေးမှာ စာရေးသူဟာ တကယ့်ကို အံ့သြမင်သက် မိသွာ ...

ယဉ်ယဉ်လှ

မြူခိုးတွေ ဆိုင်းဝေနေပြီး ထိုးထိုးထောင်ထောင်ချွန်ချွန်ထက်ထက်ပုံစံတွေရယ်၊ မတူညီတဲ့ ထုံးကျောက်တောင်တွေကို မြင်တွေ့ရလိုက်တဲ့ အချိန် ဒီမြင်ကွင်းလေးမှာ စာရေးသူဟာ တကယ့်ကို အံ့သြမင်သက် မိသွားစေခဲ့ပါတယ်။ ဘားအံဆိုတာ သဘာဝတရားများနဲ့ လှပတည်ငြိမ်တယ်ဆိုတာ ကို အများသိပြီးသားမို့ သိပ်ကိုညွန်းပြစရာမလိုတော့ဘူးလို့ စာရေးသူက ထင်မြင်မိစေခဲ့တဲ့ အတွေးဟာ တကယ့်ကို မှားယွင်းသွား စေခဲ့ပါတယ်။

ဘားအံရောက်တိုင်း ဂူတွေ သွားရောက်လေ့လာသလို သံလွင်မြစ်ကို တကူးတက သွားကြည့်လေ့ရှိပါတယ်။ ဇွဲကပင် တောင်ပေါ်ကိုတော့ တစ်ကြိမ်မျှမရောက်ဖူးသေးတော့ သူများတွေ ဘယ်လိုပြောပြော စာရေးသူကတော့ ကိုယ့်မျက်စိနဲ့မြင်တွေ့ရတဲ့ မြင်ကွင်းကိုပဲ ယုံကြည်ပါတယ်။ စာရေးသူကို ကမ္ဘာလှည့်နိုင်ငံခြားသားတစ်ဦးက ပြောပြခဲ့ဖူးပါတယ်။ သူဟာ ဇွဲကပင်တောင်ပေါ်ကနေ ကြည့်ရတဲ့ မြင်ကွင်းက ကမ္ဘာမှာ အလှဆုံးမြင်ကွင်းတဲ့။ သူပြောတုန်းကစာရေးသူက သိပ်မယုံပေမဲ့ ဖြစ်နိုင်ချေ ရှိတယ်လို့ ထင်မိပါတယ်။ တကယ် ဒီမြင်ကွင်းကို မြင်တွေ့ရတဲ့အခိုက်မှာ စာရေးသူ အနေနဲ့ နောက်ကျမိရလေခြင်းလို့ ဆိုမိပါတော့တယ်။

ပြီးပြည့်စုံလွန်းတဲ့ အလှ တရား ။ ဒီလို ပတ်ပတ်လည် တောင်တွေ ဝိုင်းရံနေတဲ့ ဘားအံမြို့မြင်ကွင်းကို ကောင်းကင်ယံထက်ကနေ ကြည့်ရတဲ့ရှုခင်း၊ မြစ်ရယ်၊ မြူ ခိုးတွေရယ် ခြွေရံသင်းပင်းတွေနဲ့ ပနံတင့်တယ်လှပနေတဲ့ ဆောင်းနံနက်ခင်း ဒီအချိန် ဒီမြင်ကွင်းက စာရေးသူရဲ့ စိတ်ထဲ စွဲကျန် ရစ် ခဲ့စေတာပါပဲ။

တရုတ်အမျိုးသမီးတစ်ဦးဖြစ်တဲ့ အစ္စလာကတော့ ဘားအံမြို့ ဟာ သူတို့ တရုတ်ပြည်ရဲ့ ကွေ့လင်မြို့နဲ့တူပါသတဲ့။ ကွေ့လင်ကလည်း တောင်တွေ များပြီး မြစ်ရှိတာမို့ သူတို့ လူမျိုးတွေဟာ ဘားအံကိုလည်း လာရောက် လေ့လာနေကြတယ်လို့စာရေးသူကို ပြောပြပါတယ်။

တစ်ချို့ကတော့ ဗီယက်နမ်က ဟလောင်ဘေးနဲ့ ဆင်တယ်လို့ ဆိုပါတယ်။ တကယ်တော့ အဲဒီအရာတွေထက်ကို ဘားအံ ရဲ့ လှပမှု က သာလွန်နေတယ်ဆိုတာ စာရေးသူ တကယ့်ကို မျက်ဝါးထင်ထင် တွေ့ရစေတာပါပဲ။

မပြုမပြင် တည်ရှိနေတဲ့ သဘာဝတရားရဲ့ လှပဖြားယောင်းမှု ကို ခံစားရင်း ဘားအံမြို့ရဲ့ ကောင်းကင်ယံအလှ ကနေ
ကြည့်ရတာဟာ ရင်သက်ရင်ခုန်ချင်စရာကောင်းလွန်းလှတယ်ဆိုတာ စာရေးသူမြင်တွေ့ ခဲ့ ခံစား ခဲ့ရပါတယ်။

မြစ် သံလွင် ဆိုတာကလည်း တကယ့်ကို ထူးခြားတဲ့ဂုဏ်သတ္တိတွေ ရှိနေတာ။ ရေစီးကြမ်းပြီး သူ့ရဲ့ ဂုဏ်သတ္တိ ကို
ဘယ်သောအခါမှ မဖျောက်ဖြစ်ခဲ့တဲ့ ရှိနေဆဲ သံလွင်ပါ။ခြွေရံသင်းပင်းများတဲ့ ထုံးကျောက်တောင်တွေဟာလည်း သူ့အလှ သူ့ သဘာဝ သူ့ဂုဏ်နဲ့တည်ရှိနေတာပါပဲ။ ဒီလိုလှပမှုတွေရှိနေတဲ့ ဘားအံမြေမှာ ရိုးသားတဲ့ ကရင်လူမျိုးတွေ ဘာသာတရားကို ချစ်မြတ်နိုးသူတွေ ယဉ်ကျေးမှု ကိုချစ်မြတ်နိုးနေ သူတွေ ရှိနေဆဲပါ။

ဒီလို အလှတရားတွေကို ဖော်ထုတ်ပေးတဲ့ Oriental Ballooning က ဘားအံမြို့ရဲ့ မြင်ကွင်းတွေကို ကောင်းကင်ယံ ထက်ကနေ ကြည့်နိုင်စေဖို့ စတင်ဝန်ဆောင်မှု ပေးလာခဲ့တာပါ။ ခရီးသွားချစ်သူတွေ အနေနဲ့ ဒီလို ဝန်ဆောင်မှုတွေကို လူအနည်းဆုံး ခြောက်ယောက်စုပြီး Package အနေနဲ့ ဘားအံမြင်ကွင်းအလှ တွေကို တစ်ဦးကို ကျပ် နှစ်သိန်း
ငါးသောင်း နဲ့ Balloon စီးပြီး မြင်တွေ့ခံစားလို့ရနေပါပြီ။

ပထမဆုံးအနေနဲ့ ဘားအံမြို့ရဲ့ ကောင်းကင်ယံအလှကို စာရေးသူရယ်။ Travel Blogger ဖြစ်တဲ့ ကိုသီဟလု လင်
ရယ်၊ MTM က မမေမြတ်မွန်ဝင်းရယ်၊ Oriental Ballooning က မခိုင်ဝင့်ဖြူ နဲ့ ပိုင်းလော့ နိုင်ငံခြားသား နှစ်ဦးနဲ့ ဘားအံအလှကို ရင်သက်ရှုမျောစွာ ကြည့်ခဲ့ရတာပါပဲ။

နေထွက်ချိန်အလှ တရားနဲ့ ဇွဲကပင်တောင်ရယ်။ သံလွင်မြစ်ရယ်။ ထုံးကျောက်တောင် ပတ်ပတ်လည်တွေ ရယ်။ မြူတွေ ရယ်။ စာရေးသူတို့ ကြည့်ဖူးကြတဲ့ စွန်းဝူခုန်း ဇတ်ကားထဲက မြင်ကွင်းအခန်းမျိုး။ စာရေး ပြီးပြောပြရုံနဲ့တင်မလုံလောက်ခဲ့ ပါဘူး။ ဒီလို မြင်ကွင်းတွေကို တစ်သက်မှာ တစ်ကြိမ်လောက်တော့ မြင်ကြည့်ဖို့ သင့်တယ်လို့ စာရေးသူက ဆိုချင်ပါတယ်။ ဇွဲကပင်တောင် နောက်ဘက်ကနေ ထွက်ပေါ်လာတဲ့ နေရောင်။ လှပတည်ငြိမ်နေတဲ့ ဇွဲကပင်တောင်ကို အနီးကပ်မြင်တွေ့ရတဲ့ မြင်ကွင်း က ဘဝမှာ အမှတ်ရဆဲပါ။

မြန်မာပြည်မှာ ဒီလို လှပပြီး သဘာဝတရားရဲ့ ဖြားယောင်းမှု တွေ အများကြီးရှိနေတာကို စာရေးသူက ဂုဏ်ယူမဆုံး
တပြုံးပြုံးပါပဲ။ ပေးလိုက်ရတဲ့ တန်ကြေးနဲ့ ထိုက်တန်ပြီး ကိုယ်ပြန်ရတာဟာ ပိုများတယ်ဆိုတာကို မြင်တွေ့ ခဲ့ပြီးပါပြီ။ ဒီလို ဘာအံမြိုရဲ့ ကောင်းကင်ယံအလှ ကို ခုလိုမြင်တွေ့ခံစားနိုင်ဖို့ ဖိတ်ခေါ်ပေးတဲ့ Oriental Ballooning ကို ကျေးဇူးလည်းတင်မိပါတယ်။

ဟိုတယ်/ခရီးက အငြိမ်းစားယူသွားခဲ့တဲ့ ညွန်ချုပ် ဦးအောင်ဇော်ဝင်းကလည်း ပြောပြဖူးပါတယ်။ ဘားအံဆိုတာ Adventure အကောင်းဆုံး ပြု လုပ်နိုင်တဲ့ နေရာဖြစ်တယ်လို့ ဆိုဖူးခဲ့သလိုပါပဲ။ သဘာဝ တရားက ပေးထားတဲ့ ထုံးကျောက်တောင်တွေ ပေါမှပေါ။ ဂူတွေပေါမှပေါ။ ပန်းချီကားချပ်တဖွယ် ရှိနေ တဲ့ စိုက်ခင်းတွေက သူ့ရာသီနဲ့သူ လှပနေဆဲ။

သံလွင်မြစ်ကလည်း ရေစီးသန်နေဆဲ။ အုန်းပင်တွေ အစီအရီ နဲ့ သဘာဝကျကျလှပနေဆဲ။ဇွဲကပင်တောင်
ကလည်း တည်ငြိမ်ရင့်ကျက်နေဆဲ။ဒေါနတောင်တန်းက လည်း မှိုင်းညှို့နေဆဲ ။ ဒီလို အလှတရားတွေ တည်ရှိနေတဲ့ ဘားအံမြေကိုစာရေးသူအနေကတော့ Eco Tourism ဘဏ္ဍာသိုက် ကြီးလို့ အမွန်းတင်မိရင်း ဘားအံ ကောင်းကင်ယံထက်ကနေ မြင်တွေ့ရတဲ့ မြင်ကွင်းတွေကို ဘယ်သောအခါမှ မေ့နိုင်တော့မှာ မဟုတ်တော့ပါဘူး။

Travelling_Journal/Vol_1_Issue_20

Photo YinYinHla