ဇော်ဝင်းချို(ဧည့်လမ်းညွှန်)
ခရီးသွားဧည့်သည်တွေပါးတဲ့ ရာသီရောက်လာရင် ကျွန်တော်တို့ ပုဂံညောင်ဦးမှ ဧည့်လမ်းညွှန် မောင်နှမ တစ်စုတို့ ဒေသန္တရဗဟုသုတလည်းဖြစ်၊ အပန်းဖြေရန်လည်းအလို့ငှာ၊ ခရီးသွားဖို့ရာ လှုပ်လှုပ်ရွရွ ဖြစ်လာကြ ပါပြီ။ ပြီးခဲ့တဲ့နှစ်က Oversea ပြည်ပခရီးစဉ်ထွက်ထားလို့ ဒီနှစ်တော့ ပြည်တွင်းခရီးစဉ်တစ်ခု ထွက်ရန် စဉ်းစားခဲ့ ကြပါတယ်။အများဆန္ဒအရ မြန်မာနိုင်ငံရဲ့ တောင်ဘက်အစွန်ဆုံးမြို့ဖြစ်တဲ့ တနင်္သာရီတိုင်းဌာနီ၏ ကော့သောင်း မြို့လေးဆီသို့ သွားရောက်လည်ပတ်ရန် ဆုံးဖြတ် ခဲ့ကြပါသည်။
လေယာဉ်ဖြင့်သွားလျှင် လူတော့သက်သာမည်။ သို့သော်လည်း လမ်းဘေးဝဲယာ တစ်လျှောက်မှာရှိတဲ့ တနင်္သာရီ တိုင်းဌာနီ၏ သဘာဝတောတောင်၊ အလှအပနှင့် လူနေမှုစရိုက်တို့ကို တွေ့မြင်ရတော့မည်မဟုတ်ပေ။ ဒီတော့လည်း ပင်ပန်းမှန်းသိပေမဲ့ သဘာဝပတ်ဝန်းကျင်အလှ အပများကို ကြည့်လိုခံစားလိုသည့်အတွက်၊ ခရီး စဉ်ကို (၄၅)ယောက်စီး Aircon Tourbus ဖြင့် သွားရောက်ရန် စီစဉ်လိုက်ကြပါသည်။
ခရီးလမ်းတစ်လျှောက်မှာတွေ့ခဲ့တဲ့ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့ရဲ့ သဘာဝအလှတရားများကို လေ့လာ ခဲ့ပြီးတဲ့ နောက်မှာတော့ တနင်္သာရီတိုင်းကို ဆက်လက်ခြေဆန်ခဲ့ကြပါတယ်။ ကိုယ်တွေရဲ့ အဓိကခရီးစဉ်က လန်ပိကျွန်းနှင့် ဆလုံရွာတွေကို သွားရောက် လည်ပတ်ဖို့ပဲဖြစ်ပါတယ်။ ဒါကြောင့် ဒီခရီးစဉ်ကို သွားဖို့အတွက် ညအိပ် တည်းခိုတဲ့ ဟိုတယ်ကနေ မနက်လေးနာရီခွဲမှာ ကား နဲ့အောင်ဘာရွာကို စတင်ထွက်ခွာခဲ့ကြပါတယ်။
ကော့သောင်းနှင့် အောင်ဘာရွာမှာ မိုင်(၅၀)ခန့်ဝေးပြီး နှစ်နာရီကြာမျှမောင်းရပါသည်။ အောင်ဘာရွာဘက်သို့ ချိုးဝင်ပြီး ခဏအကြာတွင် သစ်သားတံတားတစ်ခုကိုတွေ့ရပြီး ကျွန်တော်တို့ရဲ့ (၄၅)ယောက်စီး ဘတ်(စ်) ကား၏ဝန်ကို ခံနိုင်ရည်မရှိလောက်သည့်အတွက် Light Truck ငှားပြီး ကျန်ခရီးကို ဆက်ခဲ့ရပါသည်။ အောင် ဘာရွာ အနီးရောက်သည်နှင့် သန့်ရှင်းလတ်ဆတ်သော ပင်လယ်လေနှင့် စိမ်းစိုစိုသစ်ပင်များ၏ လှပသောရှုခင်း များက ကျွန်တော်တို့ကို ကြိုဆိုနေပါသည်။ အောင်ဘာရွာဆိပ်ကမ်းမှသည် ရွှေပင်လယ်ခရီး ကြမ်းကို စတင်ရပါ တော့မည်။
ကျွန်တော်တို့အဖွဲ့အတွက် စက်လှေနှစ်စီးစီစဉ်ထားကာ စက်လှေများမှာ သစ်သားဖြင့်ပြု လုပ်ထားပြီး အရွယ် အစားမှာ လူ (၁၂)ယောက်စီး အနေအထားပင် ဖြစ်ပါသည်။ ပုဂံမှ Sunset View ကြည့်သည့် လှေအရွယ်အစား လောက်ဖြစ်ပြီး ၎င်း တို့စက်လှေများမှာ ပင်လယ်လှိုင်းကို ဖြိုခွင်းရမည် ဖြစ်သည့်အတွက် လှေဦးများကို ချွန်ထားပါသည်။ စက်လှေတွင် မော်တော်ကားအင်ဂျင်ကို တပ်ဆင် ထားပါသည်။
စက်လှေများဖြင့် စတင်ထွက်ခွာလာပါပြီ။ရှေ့ကိုလှမ်းမျှော်ကြည့်ရာတွင် ရေပြာပြာပင်လယ် ထဲမှထိုးထွက်လာပြီး စိမ်းလဲ့လဲ့သစ်ပင်များဖြင့် အုပ်ဆိုင်းနေသည့် မြင့်မားလှပသော ကျောက်ဆောင် ကျောက်တန်းများ တန်ဆာဆင် ထားသည့် ကျွန်းစုလေးများကို ဟိုနေရာတစ်စု ဒီနေရာတစ်စု တွေ့မြင်နေရပါသည်။ ကျွန်တော်လည်း စက်လှေအကူ ဆရာကို လှမ်းမေးလိုက်ပါသည်။
“ဟိုရှေ့မှာ လှမ်း မြင်နေရတာက ဘာကျွန်း လဲဗျ”
“အဲဒါငှက်သိုက်ကျွန်း ဆရာ”
“ကျွန်တော်တို့ကို အဲဒီကျွန်းနားက ကပ် မောင်းပေးပါလား”
အကူဆရာမှ စက်လှေမောင်းနေသော ဆရာအား ငှက်သိုက်ကျွန်းဘက်သို့ ဦးတည်မောင်းရန် လက်ဟန် ခြေဟန်ဖြင့် ပြလိုက်ပါသည်။
စက်လှေလည်း မကြာခင်မှာ ငှက်သိုက်ကျွန်း ဘေးသို့ရောက်ရှိပါတော့သည်။ မနှစ်က ကျွန်တော်တို့အဖွဲ့ ဗီယက်နမ်နိုင်ငံ၊ ဟာလောင်ဘေသို့ ရောက်ရှိခဲ့ပါသည်။ ယခုတွေ့မြင်နေရသည့် ကျွန်းစုများနှင့် ခပ်ဆင်ဆင်ပင် ဖြစ်ပါသည်။ ဟာလောင်ဘေတွင် ၎င်းကျွန်းစုများသို့ ညအိပ်လည်ပတ်ရန် အိပ်ခန်းနှင့် စားသောက်ခန်းများ ပါသော သင်္ဘောအစီး (၃၀၀)ခန့်ရှိသည်ဟု သိရပါသည်။ ကော့သောင်းအနီးရှိ ကျွန်းစုများသို့ အိပ်ခန်းပါ သင်္ဘောကြီးများဖြင့် လည်ပတ်နိုင်အောင် စီစဉ်ပေးလျှင် ခရီးသွားလုပ်ငန်းအတွက် အကျိုးစီးပွားများ ဖြစ်ထွန်း နိုင်ပါသည်။ ကော့သောင်းအနီးရှိ ကျွန်းစုကလေးများသည် သဘာဝအလှလုံးဝမပျက်စီး သေးသော Virgin Island များ ဖြစ်ပါသည်။
စက်လှေအကူဆရာမှ “ ဟိုရှေ့က မြင်နေရတဲ့ ကျောက်ဆောင် နံရံရဲ့အတွင်း လိုဏ်ဂူမျက်နှာကျက်မှာ ငှက်သိုက်တွေ လုပ်ကြတာဗျ။ အမြင့်ပေ (၄၅၀)လောက်ရှိလိမ့် မယ်။ ငှက်သိုက်စုဆောင်းတဲ့ ရာသီချိန်ကြရင် ဒေသခံတွေက ငြမ်းတွေဆင်ပြီး သက်စွန့်ဆံဖြား ခက်ခက်ခဲခဲတက်ပြီး ခွာကြရတာ လွန်ခဲ့တဲ့ ခရီး သွားရာသီက ဂျပန်အင်ဂျင်နီယာတစ်ဖွဲ့ လာသွားပြီး ဒေသခံတွေ ကျောက်တောင်ကြီးပေါ်တက်ဖို့ ဘယ်လိုငြမ်းဆင်တယ် ဆိုတာကို လငိနသ ရိုက်ပြီး မှတ်တမ်းလာတင်သွားတယ်” ဟု ပြောပြပါသည်။
တစ်နာရီခွဲလောက်မောင်းအပြီးမှာတော့ ပထမဆုံးရပ်နားမည့် ၁၁၅ Island ကို လှမ်းမြင် နေရပါပြီ။ ရောက်ခါနီး လေပင်လယ်ရေပြင်၏ အရောင်မှာစိမ်းလိုက်ပြာလိုက် တစ်ခါတစ်ရံနေ ရောင်ခြည်အောက်မှာ ပတ္တမြားရောင်သန်းကာ စိန်ပွင့်လေးများလို တလက်လက်တောက်ပနေပြီး ပင်လယ်ရေမျက်နှာပြင်အောက်မှ ဖြူလွှလွှကြမ်းပြင်ကိုလည်း တွေ့မြင်နေရသည့်အတွက် ကျွန် တော်တို့ဧည့်လမ်းညွှန်များအဖို့ အံ့သြပျော်ရွှင်မှင် သက်ကြည်နူးနေမိကြပါသည်။
ဒီလိုလှပတဲ့ ကိုယ့်တိုင်းပြည်ရဲ့ သဘာဝအမွေ အနှစ်တွေကို ပထမဆုံးအကြိမ် တွေ့မြင်ခဲ့ရသည့် အတွက်လည်း ဝမ်းသာပီတိဖြစ်မိရပါသည်။ ကျွန်းကိုဆိုက်ကပ်သည်နှင့် လှေပေါ်မှဆင်း Umsnork Elling လုပ်ရန်အတွက် လိုအပ်သောဝတ်စားဆင် ယင်မှုများကို ပြုလုပ်ကြရပါသည်။ အသက်ရှူကိရိယာနှင့် ရေအောက် ကြည့်မျက်မှန်များကို တပ် ဆင်ကာ ရေအောက်ကမ္ဘာရဲ့ အလှအပသက်ရှိ သတ္တဝါများကို ကြည့်ရှုခဲ့ကြပါသည်။
အဖြူရောင်ငါးအုပ်စုလိုက်ကလေးများ၊ ရွှေရောင်ငါးလေးများနှင့် သံပခြုပ်များကို တွေ့မြင်ခဲ့ရပါသည်။ ပျော်ရွှင် မြူးတူးစွာ ရေကူးခဲ့ကြပါသည်။မပျက်စီးသေးသော သန့်ရှင်းလှပသော ကျွန်းကလေးကို လက်ပြနှုတ်ဆက်ပြီး နေ့လယ်စာထမင်းစားရန် ညောင်ဝီးရွာကလေးဆီသို့ ဆက်လက် ထွက်ခွာခဲ့ကြပါသည်။
နေ့လယ်စာကို ပင်လယ်စာလတ်လတ်ဆတ် ဆတ် Fresh Seafood များဖြင့် စားသုံးခဲ့ရပါသည်။ ကင်းမွန် ကတော့ ဒေသခံများ၏ အဓိကအစားအစာ ဖြစ်ပါသည်။ စားလို့လည်းမြိန်ပါသည်။ ထမင်းစား အပြီးမှာတော့ သဘာဝအမွေအနှစ်လန်ပိကျွန်း သို့စက်လှေဖြင့် ဆက်လက်ထွက်ခွာခဲ့ပါသည်။
မနက်ပိုင်းတစ်လျှောက်လုံး ရာသီဥတုကောင်းလာသမျှ နေ့လယ်ပိုင်းတွင် လေပြင်းများတိုက် ခတ်လာ ပါသည်။ကျွန်တော်တို့၏ စက်လှေကလေးမှာလည်း အပြောကျယ်လှသော ပင်လယ်ပြင်ကြီး၏ အလယ် ရှိကြီးမားသော လှိုင်းလုံးကြီးများပေါ်တွင် နိမ့်ချည် မြင့်ချည်ဖြင့် အံတုမောင်းနှင်နေရပါသည်။ တစ်ခါ တစ်ရံ လှိုင်းလုံးကြီးများနှင့် စက်လှေဦးတို့ဖြိုခွင်း စဉ်ပြန့်လွင့်လာသော ရေစက်ရေမှုန်များမှာ ကျွန်တော်တို့၏ ခန္ဓာကိုယ်များကို လာရောက်နှုတ်ဆက် နေကြပါသည်။ အားလုံးကို သတိပေးရပါသည်။ အသက်ကယ် အင်္ကျီများဝတ်ဆင်ထားကြရန်ပေါ့။ တစ်ချို့က မျက်နှာပျက်နေကြပါသည်။
ကျွန်တော် ကိုယ်တိုင်ပင်လျှင် ခေါင်းဆောင်လာသူမို့ ဟန်ဆောင်နေရသော်လည်း အနည်းငယ်စိတ်ပူလာမိပါသည်။ လတိုင်း၏ ပါးစပ်ဖျားတွင်လည်း တလှုပ်လှုပ်ဖြင့် အန္တရာယ်ကင်း ပရိတ်တော်များရွတ်ဖတ် နေကြပါသည်။ ကျွန်တော်လည်း သံဗုဒ္ဓေဂါထာကို ရွတ်ဖတ်နေစဉ် အစ၊ အလယ်၊ အဆုံးအစဉ်မကျ ဘဲ ဟိုရောက်ဒီရောက်ဖြင့် ပေါက်ကရဖြစ်နေ သည်ကို သတိပြုမိပါသည်။
အင်း ..ငါ ဆတ်ဆော့တာ တစ်ခုခုဖြစ်ရင်တော့ မျက်နှာမရ ခြေထောက်ရ ဖြစ်တော့မှာဘဲဆိုပြီး စိတ်ပူပန်မိလာပါသည်။ ဒါနဲ့စက်လှေအကူ ဆရာကိုလှမ်းခေါ်လိုက်ပါသည်။ ကျုပ်တို့ဆက် မောင်းလို့ဖြစ်ပါ့ မလား၊ ဟိုရှေ့မှာမြင်နေရတဲ့ ကျွန်းကလေးမှာ သွားကပ်ရင်မကောင်းဘူးလားဆို ပြောလိုက်တော့ သူက စိတ်ဆိုးပြီး အဲဒါ ကျုပ်တို့ဆီမှာ တော့ လှိုင်းလို့ကိုမခေါ်သေးဘူးဗျ။ ကျုပ်တို့ အလုပ် ကျုပ်သိတယ်။ ဘာမှမဖြစ် စေရဘူး၊ ဒီပင်လယ်ကြီးထဲမှာ စက်လှေမောင်းလာတာ နှစ်သုံးဆယ်ကျော်ပြီ အသက်နဲ့လဲပြီး တာဝန်ယူတယ်တဲ့။ ကျွန်တော်လည်း ဆက်မပြောရဲတော့။ ဒီလိုနဲ့ နိမ့်ချည်မြင့်ချည် တစ်ခါတစ်ရံ အော်လိုက်ကြနဲ့ပဲ၊ တစ်နာရီ လောက် မောင်းအပြီးမှာတော့ လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်သို့ ရောက်ရှိပါတော့သည်။ ရောက်ရှိသည်နှင့် ဖြူလွှလွှ သဲသောင်ပြင်ပေါ်သို့ ဆင်းလမ်းလျှောက်ကြပါသည်။ လန်ပိကျွန်း၏ သစ်တောများမှာ အုံ့ဆိုင်း ထူထပ်စိမ်းစိုလှပ နေပါသည်။
ကျွန်တော်တို့ရဲ့ဧည့်လမ်းညွှန်ကိုသော်ဇင်မှ လန်ပိကျွန်းအကြောင်းကို ရှင်းပြပါတယ်။
“လန်ပိရဲ့အကျယ်အဝန်းပမာဏက စင်ကာပူ နိုင်ငံနီးပါးမျှရှိပြီး လန်ပိအဏ်္ဏဝါအမျိုးသားဥယျာဉ်ကို (၁၉၉၆)ခုနှစ်တွင် စတင်တည်ထောင်ခဲ့ကာ ၎င်းကျွန်းပေါ်ရှိ Mangroves ချောင်း တွေထဲတွင် စပါးကြီး မြွေများကို တွေ့နိုင်ကြောင်း၊ အောက်ချင်းငှက်အပါအဝင် ငှက်မျိုးစိတ် (၂၂၈) မျိုးခန့်ရှိပြီး ငှက်ကြည့် ဝါသနာရှင်များအတွက် ကောင်းမွန်သော Eco-Tourism Toursite တစ်ခု ဖြစ်ကြောင်း အခြားတွေ့နိုင်သော ကုန်းနေသတ္တဝါများမှာ သင်းခွေချပ်နှင့် မျောက်တို့ဖြစ်ပြီး ရေနေသတ္တဝါများမှာ လင်းပိုင်နှင့်လိပ်မျိုးစိတ်များ ဖြစ်သည်” ဟုပြောပြပါသည်။
ဆက်လက်၍ စက်တပ်ရွက်လှေစီးသမားတွေကတော့ Sunset နှင့် အောက်ချင်းငှက်တွေ အိပ်တန်းအပြန်ကို စောင့်ကြည့်ကြပြီးကျွန်းပေါ်မှာ Camp ထိုးအိပ်ကြတယ်။ လန်ပိကျွန်းရှိ ချောင်း တွေထဲမှာ Kayat လှေလှော်ခြင်းများ Snorkeling လုပ်ခြင်းတို့ကိုလည်း ပြုလုပ်နိုင်ကြောင်းရှင်း ပြပါသည်။ ဓာတ်ပုံရိုက်ပြီးသည်နှင့် ခရီးစဉ်၏ အဓိကရည်မှန်းချက်ဖြစ်သည့် ဆလုံကျေးရွာသို့ စက်လှေများဖြင့် ဆက်လက်ထွက်ခွာခဲ့ပါသည်။
ဆလုံရွာ၊ မကြုံဂလက်အနီးကိုရောက်သည် နှင့် မြင်ကွင်းက ပြောင်းလဲသွားပါတော့သည်။ ကျယ်ပြောလှသော ပင်လယ်ပြင်ကြီးအတွင်း အတော်လေးခရီးရောက်ခဲ့ပြီး များသောအားဖြင့် ခရီးသွားစက်လှေကြီးများ၊ ကင်းမွန်ဖမ်းနေသော စက်လှေကြီးများကိုသာ တွေ့နေရာမှ အင်မတန် သေးငယ်လှပြီး တစ်လုံးတည်းသော သစ်ပင်ကို ထွင်းထုပြီးလုပ်ထားသည့် ကနူးလှေကလေးကို လှိုင်းလုံးကြီးများပေါ်တွင် နိမ့်ချည်မြင့်ချည်ဖြင့် လှုပ်ရှားနေသည်ကို တွေ့လိုက်ရပါသည်။ လှေကလေးပေါ်တွင် အဘိုးအိုတစ်ဦးနှင့် အပေါ်ပိုင်းတွင် မည်သည့်အကျီမျှ ဝတ်ဆင်မထားပဲ ဗလာကျင်းနေသည့် အဘွားအိုနှင့် သူတို့၏ မြေးဖြစ်ဟန်တူသော ကလေးငယ်ကိုတွေ့လိုက်ရပါသည်။ စက်လှေကို လှေကလေးအနီးကပ်၍ မောင်းလိုက်ပါသည်။
စက်လှေဆရာက “ကဲ ခင်ဗျားတို့တွေ့ချင် လှပါတယ်ဆိုတဲ့ ဆလုံလူမျိုးနွယ်တွေပဲဗျား”ဟု အော်ပြောပါသည်။
မှန်ပါတယ်။ ကျွန်တော်တို့ရဲ့ အိပ်မက်ထဲမှာ ခဏခဏမက်ခဲ့ရတဲ့ ဆလုံလူမျိုးနွယ်စုများကို ဒီကနေ့ အနီးကပ် တွေ့မြင်ခဲ့ရပါပြီ။ လှေပေါ်တွင် ရေနွေးအိုးတစ်လုံး၊ မီးဖိုနှင့် ခွေးတစ်ကောင်ကိုလည်း တွေ့ရပါသည်။ ကျွန်တော်တို့မ ှလက်ဟန်ခြေဟန်ဖြင့် ဖမ်းမိထားသောငါးများကို ပြပါဟုပြောရာ ကင်းမွန်များကို ကိုင်မြှောက် ပြပါသည်။စက် လှေအကူဆရာမှာ လူရည်လည်ပြီး ဗဟုသုတ လည်းရှိပုံရသည်။ သူ့ရဲ့ဆလုံလူမျိုးတို့အကြောင်း တစ်စေ့တစ်စောင်းကို စတင်ပြောပြပါတော့သည်။
“ဆလုံတိုင်းရင်းသားတွေက သူတို့ကို မော်ကင်း (Mawken)၊ မိုကန်း၊ ထိုင်းလိုမျိုးခေါ်တာကို ပိုကြိုက်တယ်ဗျ။ ရိုးသားတဲ့ လူမျိုးတွေပေါ့။ ပင်လယ်ပြင်ကြီးက သူတို့အတွက် လိုတရဖြည့် ဆည်းပေးနေတာပေါ့။ လှေပေါ်မှာ ပဲနေကြတယ်။ ရေငုပ်ကျွမ်းကျင်တယ်။ တစ်နာရီလောက်ကြာအောင် ရေအောက်မှာနေပြီး ပင်လယ်ခရု၊ ကမာ၊ မုတ်ကောင်များကို ရှာဖွေကြတယ်။ ကျွန်တော်တို့ မြို့ကြီးပြကြီးများမှာ ဈေးကြီးပေးဝယ်စားနေရတဲ့ Seafood ကို သူတို့တွေကတော့ လတ်လတ်ဆတ် ဆတ်ဖမ်းယူစားသောက်နိုင်ကြတယ်”
“ဒါဆိုရင် Seafood တွေပဲစားပြီး အသီး အရွက် ကြမစားတော့ဘူးလား”
“စားတာပေါ့ ဆရာ။ ကျွန်းတွေပေါ်မှာ သဘာဝအရပေါက်တဲ့ ဆလတ်ရွက်တို့၊ ကန်ဇွန်း ရွက်တို့ရှိတယ် ဆရာ။ ပြီးတော့ ဆီအသုံးနည်းပြီး ရေလုံပြုတ်စားတာများတယ်”
သြော် …ဒါကြောင့်လည်း မော်ကန်လူမျိုးတွေ ကျန်းမာပြီး ပိန်ပိန်ပါးပါးဖြင့် အဝလွန်သူများကို မတွေ့ခဲ့ရခြင်းပင် ဖြစ်သည်ဟု သတိပြုလိုက်မိ ပါသည်။ ကျွန်တော်က မေးလိုက်တယ်။
“ဆရာရေ …ကျွန်တော်ကြားဖူးတာတစ်ခု ရှိတယ်။ ဆလုံလူမျိုးတွေက ကလေးမွေးလာရင် ရေထဲကိုပစ်ချတယ်။ ရေပေါ်ပြန်ပေါ်လာမှ ပြန်ကောက်ယူမွေးတယ်ဆို။ အဲဒါဟုတ်သလားဆရာ”
“မဟုတ်ပါဘူးဗျာ။ ချက်ကြိုးဖြတ်ပြီးတာနဲ့ ရေထဲကို နှစ်စက္ကန့်လောက် နှစ်လိုက် ပြန်ဖော် လိုက်နဲ့ သုံးကြိမ်လောက် လုပ်တာပါ။ ကလေးတွေ ရေကို မကြောက်စေဖို့နဲ့ ရေကူးကျွမ်းကျင်စေဖို့ အတွက်ပေါ့ဗျာ။ ဒါပေမဲ့ ခုချိန်မှာ တစ်ချို့မိသား စုတွေလောက်ပဲလုပ်ကြပါတော့တယ်” ဟု ပြောပြ ပါသည်။
“သူတို့တတွေက လှေပေါ်မှာပဲနေကြတော့ လေပြင်းတိုက်တဲ့အခါ မုန်တိုင်းရှိတဲ့အခါ ဘယ် လိုနေကြလည်းဗျ”
သူတို့က မိုးလေဝသသတင်းနားထောင်ဖို့ မလိုဘူး။ ပင်လယ်ပြင်ကြီးရဲ့ အချိန်နဲ့အမျှပြောင်း လဲလာတဲ့ သဘာဝ တရားတွေကို ကြည့်ပြီး ကြိုတင် ခန်းမှန်းပြီးရှောင်တိမ်းနိုင်ကြတယ်။ ဒါပေမဲ့လည်း မိုးတွင်းလို ရာသီဥတု ဆိုးရွားတဲ့အခါမျိုးမှာတော့ နီးစပ်ရာကျွန်းများပေါ်တွင် ခြေတန်ရှည်ဝါးတဲ များတည်ဆောက်ကာနေထိုင်ခြင်း၊ ဂူများအတွင်း ဝင်ရောက်နေထိုင်တတ်ကြသည်ဟု ပြောပြပါသည်။လူသေရင်ကော၊ အဓိက ကတော့ နတ်ဆရာ ကပဲ ဦးစီးကျင်းပပါတယ်။
ကြက်၊ လင်းပိုင်၊ ပင်လယ်လိပ်၊ မျောက်တို့ ကို ယစ်ပူဇော်ပါတယ်။ မင်္ဂလာဆောင်မှာလည်း နတ်ဆရာကပဲ ဦးစီး ကျင်းပပါတယ်။ နတ်ကိုးကွယ်မှု အဓိကဖြစ်ပါတယ်။ ခုဆိုရင် ဗုဒ်္ဓဘာသာ၊ သာသနာပြု ဘုန်းတော်ကြီးကျောင်း တွေလည်း ဆလုံရွာတွေမှာ ရှိနေပါပြီဟ ုပြောပြပါသည်။
ကျွန်တော်တို့စက်လှေလည်း မကြုံဂလက် ဆလုံရွာကမ်းခြေသို့ဆိုက်ကပ်ပါပြီ။ ဆလုံကလေးများမှာ ဆိပ်ခံတံတား အမြင့်ပေါ်မှ နှစ်ပတ်ဂျွမ်း သုံးပတ်ဂျွမ်းများဖြင့် ဒိုင်ဗင်ထိုးကာ ရေထဲသို့ခုန် ချနေပါသည်။
ရွာထဲသို့ လှည့်ပတ်ကြည့်ရှုကြပါသည်။ ခြေတန်ရှည်အသားနှင့်ဝါးများဖြင့် တည်ဆောက်ထားသော အိမ်ကလေးများဖြစ်ပါသည်။ အသက်ငါးဆယ်ကျော် ဘွားဘွားများသာ သူတို့ဓလေ့အတိုင်း အပေါ်ပိုင်း အင်္ကျီဗလာကျင်းသော်လည်း လူငယ် ပိုင်းအမျိုးသမီးများမှာ လုံလုံခြုံခြုံယိုးဒယားဖြစ် အဝတ်အထည်များဖြင့် ဝတ်ဆင်ထားကြပါသည်။ဆလုံကျွန်းစုများနှင့် လန်ပိအဏ္ဏာဝါအမျိုးသား ဥယျာဉ်တို့မှာ မကြာခင မြန်မာ့ခရီးသွားလုပ်ငန်းအတွက် အရေးပါသော Toursite များဖြစ်လာ တော့မည်ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ ဆလုံခေါ်မော်ကင်းလူမျိုးစုများ ၏ လှေပေါ်မှနေ မှိန်းကိုကိုင်ကာ ဒိုင်ဗင်ပြစ်ပီး ငါးဖမ်းသည့်ပုံစံများ၊ ရေထဲတွင် အသက်ရှူကိရိယာမပါပဲ အကြာကြီးရေငုပ်နိုင်ပုံများ၊ ရိုးရာဓလေ့ နတ်ကိုးကွယ်မှုပုံစံများကို Substainable Tourism အတွက် ဒြပ်မဲ့ယဉ်ကျေးမှု (ICH) အနေဖြင့် စနစ် တကျ ထိန်းသိမ်းထား ရမည်သာ ဖြစ်ပေသည်။ ညနေချိန် နေရီညှိုးလာပြီဖြစ်သည့်အလျှောက် ကျွန်တော်တို့လည်း စက်လှေဖြင့် အောင်ဘာရွာသို့ ပြန်လည်ထွက်ခွာခဲ့ပါသည်။ အပြန်ခရီးတွင် ရာသီဥတုမှာလည်း ထင်သလောက်လှိုင်းမကြီး တော့ပါ။ နေမင်းကြီးမှာ လှပသောပင်လယ်ပြာကြီးအောက်ကို ငုပ်လျှိုး ဝင်ရောက်ပျောက်ကွယ်သွားပြီ ဖြစ်သော်လည်း ကျွန်တော်တို့ရဲ့သက်စွန့်ဆံဖျားသွားပြီး ရခဲ့တဲ့ထူးခြားသော အတွေ့အကြုံများနဲ့ တနင်္သာရီတိုင်းဌာနီရဲ့ အလှအပသဘာဝတရားများကိုတော့ မေ့ပျောက်၍ရနိုင်မည် မဟုတ်တော့ပါ။