ရာဇဝင်ထဲက သူရဲကောင်းမြို့  မြို့ဒလ ဆီ

ရန်ကုန်မြို့နဲ့နီးနီးနားနားမှာ တည်ရှိပြီး လည်ပတ်စရာနေရာတွေသာမက စိတ်ဝင်စားစရာနေရာတွေကို လေ့လာလည်ပတ်နိုင်တဲ့ တစ်ဖက်ကမ်းက မြို့ဒလဆီကို Sight Seen Tour လေးအဖြစ် လည်ပတ်လို့ရနေပါပြီ။ တကယ်တော့ ဒလမြို့ဟာ လည် ...

ရန်ကုန်မြို့နဲ့နီးနီးနားနားမှာ တည်ရှိပြီး လည်ပတ်စရာနေရာတွေသာမက စိတ်ဝင်စားစရာနေရာတွေကို လေ့လာလည်ပတ်နိုင်တဲ့ တစ်ဖက်ကမ်းက မြို့ဒလဆီကို Sight Seen Tour လေးအဖြစ် လည်ပတ်လို့ရနေပါပြီ။ တကယ်တော့ ဒလမြို့ဟာ လည်ပတ်စရာမရှိဘူးလို့ ထင်မှတ်ထားခဲ့ပြီး ခရီးသွားတွေကြားမှာ မေ့လျော့နေခဲ့တဲ့

မြို့ နယ်လေးဖြစ်ပါတယ်။

ဘယ်လိုသွားကြမလဲ

ရန်ကုန် လမ်းသစ်ဂိတ်ကနေ ရန်ကုန်ဝါးတားဘတ်စ်နဲ့ စီးပြီး ဆာပါချောင်ဂိတ်ကနေ ဒလမြို့နယ်ထဲကို တုပ်တုပ်နဲ့ လည်ပတ်ခဲ့ပါတယ်။ ရန်ကုန်မြစ်ကိုဖြတ်ကျော်ပြီး အေးမြတဲ့ လေအေးပေးစက်နဲ့ သက်သောက်သက်သာရှိလှတဲ့ ရန်ကုန်ဝါးတားဘတ်စ်ကို စီးပြီး ရာဇဝင်ထဲက မြို့နယ်လေးဆီ …

———————————————-
သမိုင်းကြောင်း
———————————————-
ဒလမြို့နယ်ဟာ ရှေးနှစ်ပေါင်းများစွာကတည်းက  မွန်တွေတည်ထောင်ခဲ့တဲ့ မြို့ဖြစ်ခဲ့ပြီး  အေဒီ ၁ ရာစုကနေ အေဒီ ၉ရာစုအတွင်း အင်းဝနဲ့ ဟံသာဝတီ ၁၃၈၆ ခုနစ်ကနေ ၁၃၄၂ ခုနှစ်အတွင်း နှစ်ပေါင်း ၄၀အတွင်း မြန်မာတစ်လှည့် မွန်တစ်လှည့် အဆင့်ဆင့်ပြောင်းပြီး အုပ်ချုပ်ခဲ့တဲ့ မြို့ကြီးဖြစ်ခဲ့တယ်။ မွန်ဘာသာစကားနဲ့တလလို့ခေါ်တွင်ခဲ့တာတဲ့။  ဘာသာပြန်လိုက်တဲ့အခါမှာ တလကနေ တွန်တလ ကို မြန်မာလိုဘာသာပြန်တော့ သူရဲကောင်းမြို့လို့ အဓိပါ္ပယ်ထွက်ပါတယ်။


အခုကတော့ ရန်ကုန်မြို့ရဲ့နယ်နိမိတ်အတွင်းမှာ  ပါဝင်ခဲ့ပြီး ဒလမြို့လို့ ခေါ်တွင်နေပါတယ်။
———————————————-
လည်ပတ်စရာနေရာများ
———————————————-
တကယ်တော့ ဒလဆိုတာ စိတ်ဝင်စားစရာအကြောင်းအရာလေးတွေ ရှိနေခဲ့တဲ့မြို့နယ်လေးဖြစ် နေခဲ့တာကို မေ့နေခဲ့တာဖြစ်ပါတယ် ။ ဒဏ္ဍာရီတွေ၊ သမိုင်းတွေ၊ ဗဟုသုတရစရာတွေကို ပေးစွမ်းနိုင်စွမ်းရှိတဲ့ မြို့နယ်လေးဖြစ်နေခဲ့တာပါ။
———————————————-
သမိုင်းဝင် ရွှေစာရံဘုရား
———————————————-
မြတ်စွာဘုရား အရိပ်တော်စွန်းထင်းကျတဲ့ နေရာလေးကို စေတီ တည်ထားခဲ့တဲ့ သမိုင်းဝင်
ဘုရားတစ်ဆူဖြစ်ပါတယ်တဲ့။ ဟိုတုန်းက မြတ်စွာဘုရား  သုဝဏ္ဍဘူမိကိုကြွတဲ့အခါမှာ  ရသေ့ကြီးတစ်ပါးက  မြတ်စွာဘုရားကို ဖူးရပါစေ၏လို့ ဆုတောင်း လိုက်တဲ့အခါမှာ မြတ်စွာဘုရားက အာရုံ ရတဲ့ အခါမှာ အရိပ်တော်လေးကို စွန်းထင်းပေးခဲ့တဲ့ဒီနေရာလေးကို စေတီတည်ခဲ့တာ ဖြစ်ပါတယ် ။ ဟိုတုန်းက ရွှေစာရံလို့ခေါ်တွင်တာ မဟုတ်ပါဘူး ကျိုက်စာရာဘုရားလို့ ခေါ်တွင် တာပါတဲ့။ ကျိုက် ဆိုတာ မွန်ဘာသာစကားဖြစ်ပြီး ဘုရားလို့ အဓိပ္ပါယ်ရတယ်။ စာရာဆိုတာ အရိပ်ဖြစ် တယ်။ ဘုရားရဲ့ အရိပ်လို့ ခေါ်တယ်။ အခုကျတော့ ရွှေစာရံဘုရားလို့ ခေါ်တွင်ပါတယ်။
———————————————-
ရဟန္တာ မဟာထေရ် ဦးပညာ ရုပ်ကလာဒ်
———————————————-
ရဟန္တာ မဟာထေရ် ဦးပညာ ရုပ်ကလာဒ် ကိုတော့ ရွှေစာရံဘုရားဝင်းအတွင်းထဲမှာ ကျောင်းဆောင်နဲ့ ထားရှိကိုးကွယ်ထားတာဖြစ်ပါတယ်။ နိုင်ငံခြားသားတွေသာမက ပြည်တွင်းခရီးသွားတွေကပါ မဖြစ်မနေ လာရောက်လေ့လာဖူးမြော်ကြတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ ဆရာတော်ရဲ့ အကြောင်းကို ကျောင်းဆောင်ပေါ်မှာ အင်္ဂလိပ်လိုရယ် မြန်မာလိုရယ်ပါ မှတ်တမ်းတင်ထားပါတယ်။
———————————————-
မျက်ရှင်တော် ဆုတောင်းပြည့်ဘုရား
———————————————-
နှစ်ပေါင်း၁၀၀ကျော်သက်တမ်းရှိပြီး ဒလမြို့နယ်ရဲ့ ဒုတိယဘုရားတစ်ခုဖြစ်ပါတယ်။
မျက်ရှင်တော်ဆုတောင်းပြည့်ဘုရားလို့ခေါ်တွင်ပြီး  သမိုင်းဝင်ဘုရားတစ်ဆူလည်းဖြစ်ပါတယ်။
———————————————-
ရာဇသင်္ကြန်အမတ်ကြီး ပြည်နှင်ဒဏ်ပေးခံရတဲ့ မြို့ဒလ
———————————————-
တကယ်တော့ ဒလဆိုတာ ပုဂံခေတ်က  မင်းဒဏ်မင်းသင့်ခံရတာမျျိုးဆိုရင် ပြည်နှင်ဒဏ်ပေးခံရတဲ့ မြို့လည်းဖြစ်ခဲ့ပါတယ်တဲ့။ ထင်ရှားခဲ့တာကတော့ ရာဇသင်္ကြန်အမတ်ကြီး လို့ဆိုပါတယ်။ ရာဇသင်္ကြန်အမတ်ကြီးဟာ  သီဟသူ အိမ်ရှေ့မင်းသားကို ဘုရင် မတင်ပဲ သပွတ်သည်နဲ့ရတဲ့ သား နရသီဟပတေ့ကို နန်းတင်ပေးလိုက်တဲ့အတွက် ဘုရင်ဖြစ်သွားခဲ့တယ်။
ဒါမို့ ရာဇသင်္ကြန်ကို အငြိုးအတေးတွေနဲ့ ဒလကို ပြည်နှင်ဒဏ်ပေးလိုက်ရပါ တယ်။ အဲဒီတုန်းကက ဒေသခံတွေက စားဝတ်နေရေးအတွက် အခက်ခဲကြုံရသလို   ရေ အခက်အခဲတွေနဲ့လည်း ကြုံရတယ်။ ဒါကြောင့် ဒီမြို့ကိုလည်း  ကျိန်စာတိုက်ခဲ့တာလို့လည်း ဆိုကြတယ်တဲ့။ ရေချိုမထွက်ပါစေနဲ့လည်းဆိုခဲ့တယ်တဲ့။  ပုံပြင်တွေကော ဒဏ္ဍာရီတွေကောရှိခဲ့တာပါ။  အရင်တုန်းက ဒီ  ဒလမှာ ဆင်တင်းကုတ်တွေ ရှိတယ်ရှိခဲ့တယ်လို့ဆိုပါတယ်။ ဟိုတုန်းက ပုဂံနဲ့ ဒလဟာ အိမ်ဦးနဲ့ကြမ်းပြင်လိုပဲတဲ့နော်။ ဒလမြို့ဟာ ရှေးတုန်းက တလိုင်းသူရဲကောင်း အဲမွန်ဒရာတို့  ပေါ်ထွန်းခဲ့ကြသလို ဟိုတုန်းက ဒီနေရာဟာ မဲဇာတောင်ခြေလိုမျိုး အဆောင်အယောင်သိမ်းပြီး  ပြည်နှင်ဒဏ်ပေးခံရတဲ့ မြို့လို့ ခေါ်တွင်ပါတယ်တဲ့။ ကျန်စစ်သားဆိုရင်လည်း မဏိစန္ဒာနဲ့ ပတ်သက်ပြီး ပြည်နှင်ဒဏ် ပေးခဲ့ပြီး ဒလမှာပဲ ခိုလှုံရတာပါပဲ။
———————————————-
ဒလမြို့ရဲ့ လူဦးရေ
———————————————-
ဒလမှာ ရပ်ကွက် ပေါင်း  ၂၄ ရပ်ကွက်ရှိပြီး  လူဦးရေ ၂သိန်းနီးပါးရှိနေထိုင်ကြပါတယ်။
ကျေးရွာအုပ်စုက ၂၃ အုပ်စုရှိပြီး  ရွာပေါင်း ၅၄ ရွာရှိပါတယ်တဲ့။ ထင်တောင်မထင်ရဘူးနော်။
အဓိက လုပ်ကိုင်တာက  ဒလမြို့နယ်ဟာ အခြေခံလူတန်းစားတွေ များပြားပါ တယ်။ အများအားဖြင့့် ရန်ကုန်တက်ပြီး အလုပ်လုပ်ကြရတာ များပါတယ်။ ရေရှားတဲ့အတွက်ကြောင့် ပေဘယ်လောက် နက်နက် ရေချိုမထွက်ကြပါဘူး၊ အဲဒါကြောင့် စက်ရုံလည်း မရှိသလို ဒေသထွက်ကုန်လည်း မရှိပါ ဘူး၊  ရန်ကုန် ဝါးတား
ဘတ်စ်ကတော့ အရင်က ၄၆ ခေါက်ဆွဲပေးတယ်။ မနက် ၅နာရီကနေ ည၉ခွဲထိကို ။ ဒါ့အပြင် ဒလမြို့နယ်မှာ သဗ္ဗာန်ဆိပ်လေး ၁၁ ဂိတ်ရှိတယ်။  ရေချိုမရှိတော့ မိုးရေကန်ကိုသာအားထားရပါတယ်။ မိုးရေကန်ပေါင်း က ၃၀၀ကျော်လောက်ရှိပါတယ်။ သိပ္ပံအယူအဆနဲ့ကြတော့ ပင်လယ်နဲ့နီးလို့ ရယ် ၊ကျောက်ဖြာရှိလို့ ရေမထွက်တာလို့ပြောကြတယ်။ နိုင်ငံခြားသားတွေအတွက်ကတော့ ပုံပြင်တွေ ဒဏ္ဍာရီတွေကို အယုံအကြည်မရှိကြပါဘူး။  ဒီ ဒလမှာ မွတ်စလင်၊ဟိန္ဒူ၊ခရစ်ယာန်၊မြန်မာ ဘာသာပေါင်းစုံနေထိုင်ကြပြီး အေးအေးချမ်းချမ်းနဲ့ နေထိုင်ကြပါတယ်။
———————————————-
ဘယ်လောက်ကုန်ကျမလဲ
———————————————-
လမ်းသစ် ဂိတ်ကနေ ရန်ကုန်ဝါးတားဘတ်စ်နဲ့စီးရင် ၃၀၀ ကျပ်ရပြီး ဟိုဘက်ကမ်းရောက်တဲ့အခါ တုပ်တုပ်နဲ့ လည်ပတ်လို့ရပါတယ်။ တုပ်တုပ်ကို စင်းလုံးဌား လည်ပတ်လို့ရပါတယ်။တစ်စီးလုံးမှ ၃၀၀၀ ကျပ်ပဲကျသင့်ပါတယ်၊ ကိုယ်တွေက ၁၀၀၀ ကျပ်ပိုပေးလိုက်တော့ ၄၀၀၀ ကျပ်ကျသင့်ပါတယ်။ လူ ၄ဦးစီးလို့ရပါတယ်။ အပြန်ကျရင်လည်း ဝါးတားဘတ်စ်နဲ့ပြန်ချင်ရင် ၃၀၀ ကျပ်နဲ့ပြန်လို့ရသလို သဗ္ဗာန်စီးပြီး Expore လုပ်ချင်ရင်လည်း ၃၀၀ ကျပ်ပါပဲ။ စုစုပေါင်းတစ်ယောက်ကို  ၁၅၀၀  ကျပ်လောက်ပဲကျသင့်မှာဖြစ်ပါတယ်။ ဒါက မိမိအစီအစဉ်နဲ့ သွားချင်တဲ့သူတွေအတွက်ပါ။ဒါမှမဟုတ် ဒလဘက်ဆိုက်ကား Tour နဲ့ လည်ပတ်ချင်ရင်တော့ တစ်ယောက်ကို ၅၀၀၀ ကျပ် ကျသင့်မှာဖြစ်ပြီး Sight Seen Tour လည်ပတ်နိုင်ပါတယ်။ ဆက်သွယ်ချင်တယ်ဆိုရင် ကိုဇော်မင်းစိုး ဖုံး ၀၉၂၅၃၃၆၆၄၄၇  ကိုဆက်သွယ် သွားရောက်လည်ပတ်နိုင်ပါတယ်။
———————————————-
နိုင်ငံခြားသားအတွက်
———————————————-
တိုးရာသီဆိုရင် Sight Seen Tour ၇ခုလောက်ရှိပါတယ်။နိုင်ငံခြားသားအတွက်ချည်းပဲ၊မြန်မာမပါဘူး။ အဓိကက ဘုရားကို ပို့ပေးပါတယ်။
ဈေးနှစ်ခုပါတယ်။ ပြီးတော့ သူတို့ အရမ်း စိတ်ဝင်စားတာက လူနေမှုအဆင့်အတန်း တွေလေ့လာကြတယ်။ ဝါးအိမ်လေးတွေ၊ ကျုူးကျော်တဲလေးတွေကို စိတ်ဝင်စားကြတယ်။ လယ်ကွင်းလေးတွေကို စိတ်ဝင်စားကြတယ်။   နိုင်ငံခြားသားတွေအတွက်ဆိုရင် အိမ်တွင်းမှု အလုပ်ရုံ လေးတွေကို ပို့ပေးရသလို ။  လုပ်ငန်းသုံးခုရှိကို ပို့ဆောင်ပေးရပါတယ်။ ကော်ပြန့်လုပ်ငန်း စမူဆာ၊ ဌက်ပျောသီးကြော် လုပ်တဲ့ အဖတ်လုပ်ငန်းတွေရှိတယ်။ ဖယောင်းတိုင်လုပ်ငန်းလေးတွေရှိတယ်။ စွန့်ပစ်ပစ္စည်းတွေကိုပြန်သုံးတဲ့ လက်မှုပညာပြခန်း တွေရှိတယ်။ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းတွေကို လေ့လာကြတယ်။ ဒါတွေကတော့ နိုင်ငံခြားသားတွေအတွက်ဖြစ်ပါတယ်တဲ့။

———————————————-
ပြည်တွင်းတွေအတွက်ဆိုရင်
———————————————-
ဘုရားတစ်မျိုးပြပေးတယ်။ ရွှေဆံရာဘုရားကို ပြပေးတယ်။ လယ်ကွင်း စိုက်ခင်း စပါးခင်း ဓာတ်ပုံရိုက်လို့ရတဲ့ နေရာလေးတွေကို ပြပေးတယ်။  နောက်တနေရာက လက်ဖက်ရည်ဆိုင်ထိုင်ကြတယ်။ ပြီးရင် Recycle တွေနဲ့ အလှဆင်ထားတဲ့ကြွပ်ကြွပ် လက်မှုပညာပြခန်းတွေဆီကို ပို့ပေးပါတယ်။ အီတလီက နည်းပညာနဲ့ လုပ်ပြီး အင်ဂျီအို အဖွဲ့တစ်ခုဖြစ်ပြီး ကြွပ်ကြွပ် လို့အမည်ပေးထားတဲ့ စွန့်ပစ်ပစ္စည်း လက်မှုလုပ်ငန်းကိုလေ့လာနိုင်ပါ တယ်။ လူတွေ မသုံးပဲ စွန့်ပစ်လိုက်ကြတဲ့   ကော်ဖီမစ်အိတ် ၊ဘိလပ်မြေအိတ်၊ ဆာလာအိတ်တွေ  ကြွပ်ကြွပ်အိတ် တွေနဲ့  အသုံးအဆောင်ပစ္စည်းလေးတွေကိုပြန်လုပ်ပေးတဲ့ လုပ်ငန်းခွင်လေးကို လေ့လာနိုင်ပါတယ်။  စွန့်ပစ်ပစ္စည်းတွေကိုပြန်သုံးတဲ့ လက်မှုပညာပြခန်း ပြပြီးရင်  Sight Seen Tour ပရိုဂရမ်ပြီးဆုံးမှာဖြစ်ပါတယ်။ ဒီပရိုဂရမ်နဲ့ ချိတ်ဆက်ပြီး သွားချင်တယ်ဆိုရင် တစ်ယောက်ကို ၅၀၀၀ ကျပ်နဲ့ ပို့ဆောင်ပေးပါ တယ်။ တင်္နနွေအပတ်တိုင်း  ပြည်တွင်းခရီးသွားတွေကို ရောင်းချပေးနေပါ တယ်။  ဒီလို တစ်ယောက်ကို ငါးထောင်ကျပ်နဲ့ ပို့ဆောင်တဲ့အခါမှာ ဆိုက်ကားခအနေနဲ့ ၃၀၀၀ ကျပ်ရပြီး ခရီးသွားကုမ္ပဏီကတော့ ၂၀၀၀ ကျပ်ပဲ ရပါတယ်။ အခုလို ကိုဗစ်ကာလမှာ စားဝတ်နေရေး အဆင်ပြေစေဖို့ အခုလို ပရိုမိုးရှင်းလေးတွေကို လုပ်ပေးနေရသလို တစ်ဖက်တစ်လမ်းကနေ ဒေသဝင်ငွေ ရရှိစေဖို့ရယ်၊ အလုပ်အကိုင် အခွင့်အလန်းလေးတွေကို ရရှိစေချင်တယ်ဆိုရင် အခုလို ဒလမြို့ရဲ့ Sight Seen Tourတွေကို အားပေးကြရင်း ပြည်တွင်းခရီးသွားလုပ်ငန်းကို မြှင့်တင်ကြပါမယ်။
ဒလမြို့နယ် အကြောင်း သိလိုသမျှကို ရှင်းပြပေးခဲ့သူ  ကိုဇော်မင်းစိုး ကိုလည်း ကျေးဇူး အထူး တင်ရှိပါတယ်။