ယင်းနက် ယင်းကြားလူမျိုးတို့ နေထိုင်ရာ နမ့်စန်မြို့ဆီ

နယ်မြေအားဖြင့် အေးချမ်း တည်ငြိမ်နေသော်လည်း ပြည်တွင်းပြည်ပဧည့်သည် လာရောက်မှုမှာ အင်မတန် မှနည်းပါးနေသလို ရှေးရိုးရာအိမ်အနည်းစုကို တွေ့ မြင်ရ တော့မည့် ယင်းနက်လူမျိုးများ၏ ရိုးရာအိမ်များ ရှိနေခြင်း၊ ထူးခြ ...

ယဉ်ယဉ်လှ၊ တိုးဝင်းလွင်

နမ့်စန်မြို့သည် ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် ကျိုင်းတုံ-တာချီလိတ်သွား ပြည်ထောင်စု လမ်းမကြီးပေါ်တွင်ရှိပြီး လမ်းဆုံမြို့ဖြစ်သလို နမ့်စန်မြို့မှ ကျိုင်းတုံ၊ တာချီလိတ်သို့လည်း သွားရောက်နိုင်ပေ သည်။ ပင်လယ်ရေမျက်နှာပြင်အထက် ၃၁၆၆ ပေတွင် တည်ရှိသောမြို့တစ်မြို့ဖြစ်သည်။

ရှမ်းပြည်နယ်တွင် တောင်ပိုင်းနမ့်စန်နှင့် မြောက်ပိုင်းနမ့်ဆန်ဟူ၍ ရှိသည်ဟုသိရသည်။ ရှမ်း တောင်ပိုင်းရှိ နမ့်စန်ကို Nam Sang ဟုခေါ်ပြီး အချို့က နမ္မစန်ဟုလည်းခေါ်ဝေါ်သည်ဟု ဆိုသည်။ ရှမ်း မြောက်ပိုင်းတွင် Nam Hsan နမ့်ဆန်မြို့ဟု ခေါ်ကြ သည်။ နမ့်စန်မြို့တွင် ပလောင်လူမျိုးအများစုနေထိုင် ပြီး ရှမ်း၊ ပအိုဝ်း၊ အင်းသား၊ လီဆူး၊ ဗမာနှင့် ယင်းနက်နှင့် ယင်းကြားလူမျိုးများ နေထိုင်ကြသည်။

နမ့်စန်မြို့တွင် ထူးခြားလှသည့် ဝိသေသလက်္ခဏာများစွာရှိသည်။ နမ့်စန်မြို့၏ အထင်ကရတောင်မှာ မိန်းမသေတောင်ဟုခေါ်သလို ဗိုက်ကြီးသည်တောင်ဟုလည်း အရပ်စကားဖြင့် ခေါ်ဝေါ်ကြသည်ဟု ဒေသခံ တချို့က ပြောသည်။ ထို့အပြင် ကမ်္ဘာ့အကြီးဆုံးနှီးဘုရားကို ဖူးမြော်နိုင်ခြင်းကလည်း နမ့်စန်၏ အမှတ် အသားပင်ဖြစ်သည်။
နမ့်စန်မြို့ကို ယခင်က ဂျူးလူမျိုးများတည်ခဲ့သည်ဟု မှတ်သားရသည်။ နမ့်စန်ကိုကြည့်လိုက်ပါ က ထုံးကျောက်တောင်များစွာကို မြင်တွေ့ရသည်။ ယင်းတောင်များ၏ ပုံသဏ္ဌာန်မှာ လှပပြီး တခြားမြို့ များနှင့် မတူညီသည့်ခံစားမှုများကိုလည်း စိတ်ဝယ်ရရှိစေသည်။


နမ့်စန်မြို့တွင် ရပ်ကွက်ပေါင်း ၁၁ ရပ်ကွက်ရှိပြီး ကျေးရွာအုပ်စု ၂၀ ကျော်ရှိကာ ရွာပေါင်း ၁၉၆ ရွာ ရှိသည်။ လူဦးရေအားဖြင့် ၂၀၁၉ ခုနှစ် စက်တင်ဘာစာရင်းအရ လူဦးရေ ၁၁၉၉၃၁ ရှိသည်ဟု နမ့်စန်မြို့ ၏ အုပ်ချုပ်ရေးပိုင်း၏ စာရင်းများအရ သိရသည်။ စီးပွားရေးအနေဖြင့် ပြောင်းစိုက်ခြင်းကို အဓိကပြုလုပ်ကြ သည်။

လမ်းဆုံမြို့ဖြစ်သည့်အတွက်ကုန်သည်များအများဆုံးအရောင်းအဝယ်ပြုလုပ်ကြသည့်မြို့လည်းဖြစ် သည်။ ချောင်းအတွင်း သဲထုတ်သည့် လုပ်ငန်းတချို့နှင့် စက်သုံးဆီဆိုင်များစွာလည်းဖွင့်လှစ်ထားရှိသလို ဝပ်ရှော့ဆိုင်များလည်းရှိကြသည်။
နမ့်စန်၏ ဒေသဖွံ့ဖြိုးအနေဖြင့် လမ်းတံတားလုပ်ငန်းများကို အဓိကလုပ်ဆောင်သလို ကား ဝပ်ရှော့လုပ်ငန်းများမှာ စီးပွားဖြစ်ထွန်းကြောင်း သိရသည်။ သို့သော် ခရီးသွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အုပ်ချုပ် ရေးပိုင်းအနေဖြင့် လက်တလောတွင် မရှိသေး သော်လည်း နောင်ကာလများ၌ ဆောင်ရွက်သွားမည့် အပိုင်းများလည်းရှိသည်ဟု သိရသည်။ နမ့်စန်မြို့ တွင်းကို နမ့်လတ်ချောင်းက အဓိကဖြတ်သန်းစီးဆင်း ပြီး နာနတ်သီး၊ ပြောင်းဖူး၊ ပဲစင်းငုံ၊ စပါး၊ နေကြာ၊ နှမ်း၊ ပဲအမျိုးမျိုးနှင့် ဆီထွက်သီးနှံများလည်း စိုက်ပျိုး ခြင်းကို ပြုလုပ်ကြသည်။

နမ်စန်မြို့တွင် နေထိုင်ကြသည့် လူမျိုးများ စွာရှိသော်လည်း ယင်းနက်လူမျိုးများသည် နမ့်စန်မြို့ တစ်ခုတည်းတွင်သာနေထိုင်ကြပြီး ယင်းနက်လူမျိုးများ ၏ ထူးခြားမှုမှာ ယင်းတို့နေထိုင်ရာ ကျေးရွာအတွင်း မည်သည့်တိုင်းရင်းသားများကိုမှ ဝင်ရောက်နေထိုင် ခြင်းမပြုသလို သီးသန့်သာနေထိုင်ကြသည့်လူမျိုးစုဖြစ် သည်။ ထို့အပြင် ယင်းလူမျိုးအချင်းချင်းသာ လက်ထပ် ကြသည့် ယင်းနက်လူမျိုးများလည်း ဖြစ်သည်။

စာရေးသူတို့ သွားရောက်လေ့လာခဲ့သည့် ကုန်းလန်းကျေးရွာသည် ယင်းနက်လူမျိုးများစွာနေ ထိုင်ကြသည့် ကျေးရွာကြီးဖြစ်သည်။ အဆိုပါရွာသည် နမ့်စန်မြို့၏ မြောက်ဘက်တွင်တည်ရှိပြီး နမ့်စန်မြို့၏ ၈ မိုင် အကွာအဝေးတွင်တည်ရှိကာ မက်မွန်မုန်းကျေး ရွာအုပ်စုအတွင်း ပါဝင်သည့် ကုန်းလန်းကျေးရွာဖြစ် သည်။ ကြာကန်တည်ရှိပြီး ထူးခြားသည့် ယင်းနက်ရွာ ခပ်ဝေးဝေးမှ မြင်နေသည်။ ကြာကန်များနှင့် ပနံသင့် နေသည့် ရွာအဝင်လမ်းနှင့် ဘက်ဘက်ခြမ်းတွင် ဘုန်း ကြီးကျောင်းကို ခပ်လှမ်းလှမ်းမှတွေ့မြင်ရသည်။ လိုက် ပို့ပေးသူ မနန်းအောင်က ဒီကျေးရွာက ထူးခြားသည် ဟု ပြောသည်။ အများအားဖြင့် ယင်းနက်လူမျိုးများ သည် ရေကန်နှင့်ဝေးသည့်နေရာများတွင်သာနေထိုင် ကြလေ့ရှိသည်ဟု ဆိုသည်။ ထိုကဲ့သို့ ရေကန်နှင့်ဝေး သည့်နေရာတွင် နေထိုင်ရခြင်းကလည်း ယင်းလူမျိုး များ၏ရာဇဝင်ကလည်း စိတ်ဝင်စားစရာပင်ဖြစ်သည်။

ဒေသခံများ၏ ယုံကြည်မှုပင်ဖြစ်သည်ဟုဆို ရမည်။ ကျန်စစ်သားမင်းကို ရေမတိုက်လို့ ယင်းတို့ အား ရေနှင့်နီးသည့်နေရာ၌ မနေထိုင်နိုင်အောင် ကျိန်စာတိုက်ထားသည်ဟု ပြောဆိုကြသည့် ရာဇဝင်ရှိ သည်ဟုလည်း ဆိုသည်။

““သူများရေလာတောင်းသောက်ရင် အဲဒီဗူး ကို မပေးချင်တော့ ရေကို အလုံပိတ်ပြီး ရေမရှိဘူး ပြောဆိုကြတဲ့အတွက် ရေနည်းသွားရတယ်လို့ဆိုပါ တယ်။ ဒါကတော့ သူတို့ရိုးရာယုံကြည်မှုလို့ဆိုရမှာ ပေါ့””ဟု မနန်းအောင်က ပြောပြသည်။
ကုန်းလန်းရွာသည် အိမ်ခြေ ၁၂၀ ကျော်ရှိ သည့် ကျေးရွာကြီးဖြစ်သည်။ ရွာတစ်ရွာစီတွင် သူကြီး၊ စာရေး၊ရပ်မိရပ်ဖ ခန့်အပ်ထားသည်။ ယခုသူကြီးမှာ သူကြီးလုပ်သက် ၂၆ နှစ်ကျော်ရှိပြီဟု ဆိုသည်။ ကျေးရွာသက်တမ်းမှာကြာမြင့်ပြီဖြစ်ပြီး ပြောင်းစိုက်ပျိုး ခြင်းကို လုပ်ကိုင်ကြသည့် ကုန်းလန်းရွာဖြစ်သည်။

ယင်းနက်လူမျိုးများသည် လပြည့်လကွယ်နေ့များ၌ တစ်ရွာလုံးက ယင်းရိုးရာဝတ်စုံအပြည့်ဖြင့် ဘုန်းကြီး ကျောင်းသို့ လာရောက်ကြလေ့ရှိကြောင်း သိရသည်။တစ်ချို့ယင်းရွာများကို သွားရောက်ရသည့်အခါတွင် ဖောင်နှင့်ကူးသွားရသည့် ယင်းနက်ရွာများဆီသို့လည်း သွားရောက်နိုင်သေးသည်။ အဆိုပါရွာ၏ အိမ်တိုင်း မှာ စီးပွားရေးအဆင်ပြေနေမှုကိုပြသနေသည့် အိမ် ကြီးအိမ်ကောင်းများရှိကြသည်ကိုတွေ့ရသည်။ သွပ်မိုး ထားပြီး အုတ်ဖြင့် ဆောက်လုပ်ထားသည့် ယင်းနက် အိမ်အများစုကို တွေ့ရသည်။ လိုက်ပို့ပေးသည့်ကျေး ရွာ၏ တာဝန်ရှိသူတစ်ဦးက ယင်းနက် ရှေးရိုးရာအိမ် ဖြင့် နေထိုင်ကြသည့် ယင်းနက်အိမ်တချို့ကို လိုက်လံ ပြသပေးသည်။ ယင်းနက်ရိုးရာအိမ်ဖြင့် နေထိုင်သည့် အိမ်မှာ နှစ်အိမ်ခန့်သာရှိသည်ကို တွေ့ရသည်။

ကျန်စစ်သားမျိုးရိုးကဆင်းသက်လာသည်ဟုလည်းဆို

ယင်းနက်လူမျိုးများသည် ဒေသခံများ၏ ပြောစကားအရ ကျန်စစ်သားမျိုးရိုးမှ ဆင်းသက်လာ သည်ဟုလည်း ဆိုသည်။ ဒေသခံများ၏ ပြောစကား အရ ကျန်စစ်သားသည် နန်းဦးပင်ဟုခေါ်သည့် ယင်း အမျိုးသမီးဖြင့် အကြောင်းပါခဲ့သည်ဟုလည်း ဆိုကြ သည်။ ကျန်စစ်သားနှင့် လိုက်ပါသွားခဲ့ပြီး တောထဲ တွင် သူမကို ထားခဲ့သည်လား၊ မထားခဲ့သလားဆို တာကတော့ အတိအကျမသိရှိနိုင်ပဲ ယင်းအမျိုးသမီး သည် တောထဲတောင်ထဲလျှောက်သွားရင်းဖြင့် ရေတအားဆာသည့်အတွက် သောက်စရာရေမရှိသည့်မို့ ကျွဲ၏ ကျင်ငယ်ရည်ကို သောက်သုံးခဲ့သည့်အတွက် ကိုယ်ဝန်ရခဲ့သည်ဟု ဒေသခံများ ဆိုသည်။ ထို့ကြောင့် ယင်းလူမျိုးများသည် အနက်ရောင်ဝတ်စုံကိုသာ ဝတ် ဆင်ကြသည်ဟု ဆိုသည်။ အဆိုပါအကြောင်းအရာ သည် မှန်သလားမှားသလားဆိုတာကိုတော့ သေချာ မသိရှိနိုင်သော်လည်း ဒေသခံယင်းနက်လူမျိုးများ၏ ယုံကြည်မှုဖြင့် အစဉ်အဆက်ပြောဆိုလာခဲ့သည့် ရာဇဝင်ဖြစ်သည်။
ခရီးသွားဧည့်သည်များအနေဖြင့် ကုန်း လန်းရွာသို့လာရောက်လည်ပတ်မှုမှာ မရှိသေးသော် လည်း သတင်းစာဆရာများ ရိုက်ကူးရေးပြုလုပ်သည့် သူတချို့သာ လာရောက်ကြလေ့ရှိသည်ဟု ကုန်းလန်း ရွာသို့ လိုက်ပို့ပေးသူ မနန်းအောင်က ပြောသည်။ ကြို တင်သိရှိရပါက ရွာရှိဒေသခံများအား ယင်းဝတ်စုံကို ဝတ်ဆင်ရန် ညွှန်ကြားပေးထားရင်လည်း ဝတ်ဆင်ပေး ထားကြောင်း သိရသည်။ (Tour ဖြင့်သွားလည်ပါက အဖိုးအခပေးဆောင်ရသည်များလည်း ရှိသည်။

ယင်းလူမျိုးများသည် တောင်ယာလုပ်ငန်း ကိုလုပ်ကိုင်ကြသည့်အတွက် မနက်စောစောကတည်းမှညနေအထိတောင်ယာစိုက်ခင်းများတွင်သာလုပ်ကိုင်ခြင်းကြောင့်နေ့လယ်ဘက်များတွင်ကျေးရွာ၌အသက်ကြီးပိုင်းနှင့်ကလေးငယ်များသာကျန်ရှိနေတတ်သည်ယခင်ကယင်းနက်လူမျိုးများသည်ဆန်ကိုတစ်နေ့တာချက်ပြုတ်စားသောက်ရန်အတွက်ထောင်းရသော်လည်းယခုအခါမှာဆန်စက်ကြိတ်များ လည်း ရွာထဲတွင် ရှိနေပြီဖြစ်သည့်အတွက် သိပ်မ ထောင်းကြတော့ပေ။

““လူစိမ်းအဝင်အထွက်ဆိုရင် တန်းပြီးသိကြ တယ်။ သူတို့ရွာထဲကိုဝင်ကြရင် တန်းပြီးသိတယ်။ တခြားလူမျိုးတွေတောင် အရောနှောမခံကြဘူး။ တစ် ရွာလုံး ယင်းနက်ပဲ၊ယင်းနက်အချင်းချင်းပြန် ယူကြတာ များတယ်””ဟု ရှမ်းစကား ပြောတတ်သည့် မနန်းအောင် က ရှင်းပြသည်။

ဟိုးယခင်က ယင်းလူမျိုးများမှာ ကက်ဆက် ကိုယ်စီဖြင့် ပုခုံးတွင်လွယ်ထားကာ သွားရောက်လေ့ ရှိကြောင်း ပြောင်းလဲလာသည့် ခေတ်ရေစီးကြောင်း အလိုက် ယင်းကဲ့သို့ မလွယ်တော့ကြောင်း နမ့်စန် ဒေသခံတစ်ဦးကလည်း ပြောသည်။ ယင်းနက်လူမျိုး များသည် တသီးတသန့်နေထိုင်ကြပြီး ယင်းနက်ရွာ ပေါင်းက ၂၁ ရွာရှိသည်။ ယင်းနက်လူမျိုးများနေထိုင် ကြသည့် နောက်မွန်းအုပ်စုအတွင်း ယင်းနက်ရွာပေါင်း ၁၃ ရွာရှိပြီး မက်မွန်မုန်း အုပ်စုထဲ၌ ယင်းနက်ရွာ ၈ ရွာရှိကာ စုစုပေါင်းလူဦးရေ ၆၀၀၀ ကျော်ရှိ ကြောင်း နမ့်စန်အထွေထွေအုပ်ချုပ်ရေးရုံး၏ စာရင်း အရ သိရသည်။

ထို့အပြင် ဝမ်းနည်းစရာကောင်းလှသည့် အကြောင်းလည်းရှိသည်။ နောင်လိုင်ရွာဟု ခေါ်သည့် ယင်းနက်ရွာသို့ ခရစ်ယာန်ဆရာ ရောက်ရှိသွားခြင်း ကြောင့် ယင်းနက်များက ခရစ်ယာန်ဘာသာသို့ ကူး ပြောင်းသွားသည့်ဖြစ်စဉ်များလည်းရှိသည်။ ယင်းနက် လူမျိုးများသည် ရှေးယခင်ကတည်းက ဗုဒ်္ဒဘာသာ ကိုးကွယ်ကြပြီး ယင်းတစ်ရွာသာ ဘာသာပြောင်းလဲ ကူးပြောင်းခဲ့ခြင်းပင် ဖြစ်သည်။ ယင်းလူမျိုးသည် ပြောင်းကိုသာ အဓိကစိုက်ပျိုးကြပြီး တခြားသီးနှံကို ပြောင်းလဲစိုက်ခိုင်းလို့မရကြောင်း၊ ထို့ကြောင့် ပြောင်း စိုက်သည့် ဝင်ငွေကောင်းလာမည်ဆိုပါက ယင်းနက် လူမျိုးတို့၏ လူနေမှုဘဝမှာလည်း တိုးတက်လာစေ မည်ဖြစ်သည်။ ထို့အပြင် ယင်းနက်လူမျိုးများသည် နတ်ကိုးကွယ်မှုကိုလည်းယုံကြည်ကာ ကိုးကွယ်လေ့ရှိ သည်။ နတ်ကိုးကွယ်မှုကို တစ်နှစ်လျှင်တစ်ကြိမ် ရွာထိပ်တွင်ပြုလုပ်သည့် နတ်စင်တွင် ပြုလုပ်လေ့ရှိသည်။

နတ်ပူဇော်ပသရာတွင် စပါးနှင့် ဆန်ကိုယူရသည်ဟု ဆိုသည်။ ထို့အပြင် ကြက်တစ်ကောင်ကိုယူပြီး လည် ချောင်းသွေးဖြင့် နတ်ပူဇော်ပသသည်ကိုလည်း နှစ်တိုင်းပြုလုပ်လေ့ရှိသည်ဟုဆိုသည်။ အများဆုံးကြက် သုံးကောင်ဖြင့် ပူဇော်ပသသည်ဟုလည်း ဆိုသည်။


၎င်းအပြင် ထမင်း၊ ကြံသကာ၊ ဖယောင်းတိုင်၊ ပန်း၊ ငှက်ပျောရွက်ဖြင့်ထည့်ကာ ပူဇော်ပသသည်ဟု ဆို သည်။ ထို့အပြင် ယင်းလူမျိုးများသည် ပစ္စည်းပျောက် တာမျိုး၊ နေမကောင်းတာမျိုးဖြစ်ပါက နတ်ဆရာကို သွားရောက် မေးမြန်း လေ့ရှိသည်ဟုဆိုသည်။ ထိုကဲ့သို့ မေးမြန်းပါကလည်း ပြန်လည်ရရှိသည်ဟုဆိုကြသည်။

ကျေးရွာရှိ ပြောင်းစိုက်ခင်းများပိုးကျပါက မိုးနတ်မင်းအား တောင်းပန်ကြသည့် အလေ့အထ လည်းရှိရာ တောင်းပန်ပါက သက်သာသည်ဆိုသည့် ယုံကြည်မှုလွန်ကဲခြင်းများလည်းရှိသည်။ ထိုကဲ့သို့ တောင်းပန်ပါက တကယ်လည်း ဖြစ်သည့်အတွက် ယင်းနက်လူမျိုးများက ယုံကြည်ကြသည်ဟုဆိုသည်။ ထို့အပြင် မိုးမရွာရင်လည်း မိုးခေါ်လေ့ရှိကြပြီး မိုးခေါ် ပြီးပါက မိုးရွာသွန်းသည်ဟုလည်းဆိုသည်။

နမ့်စန်အတွင်းကယင်းကြားလူမျိုးများနမ့်စန်မြို့အတွင်းသာနေထိုင်ကြသည့် ယင်းနက်လူမျိုးနှင့် ယင်းကြားလူမျိုးများသာရှိသည်။တခြားပြည်နယ်များတွင် နေထိုင်လေ့မရှိခြင်းကလည်း ထူးခြားလှသည် ဟုဆို သည်။ နမ့်စန်မြို့၏ တောင်ဘက် ပိုင်းတွင်တည်ရှိပြီး ယခုအခါ ယင်းကြားရွာ ကိုးရွာသာ ရှိတော့ကြောင်း ဆိုသည်။ နမ့်စန်၏ မြောက်ဘက်တွင် ယင်းနက်လူမျိုးများနေထိုင်ပြီး တောင်ဘက်တွင် ယင်းကြားများ နေထိုင်ကြသည်။

ယင်းကြားတွေနေတဲ့လွယ်ဆိုင်းကျေးရွာ

အဆိုပါလွယ်ဆိုင်းကျေးရွာတွင် ယင်းကြား လူမျိုးများနေထိုင်ကြပြီး လွယ်ဆိုင်းကျေးရွာနှင့် ပတ် ပတ်လည် ၉ ရွာတွင်သာ ယင်းကြားလူမျိုးများနေထိုင် ကြပြီး လွယ်ဆိုင်းကျေးရွာမှာ အကြီးဆုံးကျေးရွာကြီး ဖြစ်သည်။ လူဦးရေ ၂၀၀၀ ကျော်ရှိကာ ရွာကိုးရွာ ပေါင်းမည်ဆိုပါက လူဦးရေ ၁၀၀၀၀ နီးပါးလောက်ရှိ မည်ဟု ယင်းကြားတိုင်းရင်းသူ ဆရာမ မအီညွန့်က ပြောပြသည်။
ယင်းကြားများနေထိုင်ကြသည့် လွယ်ဆိုင်း ရွာ၊ ကျီးအိပ်ရွာ၊ တွန်တေးရွာ၊ ပုံပြန်လွယ်၊ လွယ်ဖွေး၊ နမ့်တက်၊ လွယ်တိုင်း စသည့်ရွာများတွင် ယင်းကြား လူမျိုးများနေထိုင်ကြသည်ဟု ဆိုသည်။ ယင်းကြားလူ မျိုးများသည် အဓိကစိုက်ပျိုးရေးကိုသာလုပ်ကိုင်ပြီး စပါး၊ ဂျင်း၊ ပြောင်း၊ မြေပဲ၊ နှမ်းတို့ကို စိုက်ပျိုးကြသည်။ ဒေသခံများ၏ ထွက်ကုန်များကို ကျေးရွာသို့ လာ ရောက်ဝယ်ယူလေ့ရှိသလို နမ့်စန်မြို့သို့လည်း တင်ပို့ ရောင်းချသည်ဟု ဆိုသည်။

““အဓိက ရွာမှာလိုအပ်တာက ရေရရှိမှုပါပဲ။ ရေမထွက်တဲ့အတွက် မိုးရေကိုသာလှောင်ပြီး နွေရာသီ နှင့် ဆောင်းရာသီဆိုရင် အိမ်တိုင်းက ထော်လာဂျီနဲ့ နမ့်မလတ်ချောင်းက ရေကိုသွားရောက်ခပ်ယူပြီး ရေ ကိုလှောင်ကာအသုံးပြုရပါတယ်။ အဓိက ရေရဖို့လို အပ်တာပါ။ မီးလည်းရှိတယ်။ လမ်းကလည်းကောင်း တယ်၊ လိုနေတာက ရေပဲ””ဟု ယင်းကြားတိုင်းရင်းသူ မအီညွန့်က ပြောသည်။

ထို့ကြောင့် အိမ်တိုင်းတွင် ထော်လာဂျီများ ရှိပြီး ရေကို သွားရောက်ခပ်ယူရလေ့ရှိကြောင်း သိရ သည်။ ကျေးရွာသို့ ရေတွင်းလာတူးပေးသည့်သူများ ရှိသော်လည်း ရေမထွက်ကြောင်း ပေ ၈၀၀ ကျော် အထိတူးခဲ့ကြောင်း ယင်းကြားသူ မအီညွန့်က ပြော သည်။
ယင်းကြားတို့၏ ရိုးရာဓလေ့အနေအထား မှာ ရှမ်းဓလေ့ဖြင့် ဆင်တူသည်။ တန်ခူးလ၊ ကဆုန်လ ဆိုပါက ပွဲတော်ကျင်းပ လေ့ရှိ သည်။ ကထိန်ပွဲတော်ဆို ပါက ကြီးကျယ်စွာကျင်းပလေ့ရှိသလို လအလိုက် ကျင်းပသည့် ပွဲတော်ငယ်များလည်းရှိကြောင်း သိရ သည်။
ယင်းကြားလူမျိုးများ၏ ရိုးရာဓလေ့အနေ ဖြင့် ယင်းကြား တိုင်းရင်း သူများအား ရည်းစားစကား ပြောချင်ပါက အိမ်ပေါ်တက်ရောက်ပြီး အဖွဲ့လိုက် သမီးရည်းစားစကားပြောဆိုမှုကို မိဘများက ခွင့်ပြု ထားကြောင်း သိရသည်။ ယင်းကဲ့သို့ ရည်းစားပြောဆို ခွင့်ပြု သော်လည်း နီးနီးကပ်ကပ်ထိုင်ခွင့်မပြုသလို လက်ဆွဲထိခြင်းမျိုးလည်း ခွင့်မပြုကြောင်း သိရသည်။

ထို့အပြင် ယင်းကြားများသည် ရိုးရာ အထည်ယက်လုပ်မှုကိုသာ ဝတ်ဆင်ကြသော်လည်း လက်ရှိတွင် ယင်းကြားအရှည်အကျႌကို တစ်နေကုန် ယက်လုပ်မည်ဆိုပါကပြီးစီးသလို အေးအေးဆေးဆေး ပြုလုပ်ပါက သုံးရက်လောက်ကြာတွင်လည်း ပြီးစီးကြောင်း သိရသည်။ ယင်းကြားအိမ်အများစုတွင် ယက်္ကန်းရုံများရှိကြသည်။ ယခင်က ဝါဂွမ်းကို စိုက်ပျိုး ပြီး ချည်ငင်ကာ ထိုမှတစ်ဆင့် အကျႌချုပ်လုပ် ဝတ်ဆင် ကြသော်လည်း လက်ရှိတွင် ဝါများကို သိပ်မစိုက်ကြ တော့ကြောင်း ရယ်ဒီမိတ်ပိတ်စများကို ဝယ်ယူကာ ယက်လုပ်ကြ နေပြီဖြစ်သည်။

ယင်းကြားမိန်းကလေးဝတ်စားဆင်ယင်မှု မှာ အစင်းလိုက်ပါသည့် ဂါဝန်ကိုသာဝတ်ဆင်ကြပြီး ကလေးငယ်များ၏ အကျႌများကိုတော့ အနက်စဖြစ် သဖြင့် အစဝယ်ကာ ယက်လုပ်ကြပြီး ဝတ်ဆင်ကြောင်း သိရသည်။ ထို့အပြင် ယောကျ်ားလေးအဝတ်အထည် ကိုလည်း ယက်လုပ်ကြကာ ဝတ်ဆင်ကြသည်။

““ကလေးဝတ်တာက တစ်မျိုးလေ။လုံး၀ အနက်ရောင်လေ””ဟု မအီညွန့်က ဆိုသည်။

ယင်းကြားများသည် ရိုးရာဝတ်စုံကိုသာ ဝတ်ဆင်ပြီး တခြား အဝတ်အစား မဝတ်ဆင်သည့်သူ များလည်းရှိသလို မွေးကတည်းက ယင်းဝတ်စုံမှယင်း ဝတ်စုံဝတ်ဆင်သည့် သူများလည်းရှိသည်။ လွယ်ဆိုင်း ကျေးရွာတွင် အသက် ၉၅ နှစ်အရွယ်ရှိ ယင်းကြား အဘွား အိုလည်းရှိကာ မျက်စိလည်းမမှုန်သလို သွား လာနိုင်နေ သေးကြောင်း သိရသည်။

ယင်းကြားတို့၏ဝတ်စုံဖြင့် အပျို၊ အအိုခွဲခြား သည့်အခါတွင်လည်း ဝတ်စားဆင်ယင်မှုဖြင့် ခွဲခြား နိုင်သော် လည်း တစ်ခါတရံတွင်လည်း ခွဲခြားလို့မရ ကြောင်း သိရသည်။

““အပျိုတွေဆိုရင် ခေါင်းပေါင်းပေါင်းတဲ့ အခါမှာ အဝိုင်းပတ်ပုံစံနဲ့ဝတ် ဆင်ကြတယ်။ အအို တွေကတော့ အဝိုင်းမလုပ်တော့ဘူး။ ခေါင်းပေါင်း ပြီး နောက်ဖက်မှာခေါင်းပေါင်းစကို တွဲလောင်း ချထား တယ်။ အများအားဖြင့် ဒီလိုခွဲခြားနိုင်ပေမယ့် တစ်ခါ တလေအပျိုတွေကလည်း အဲဒီလိုချထားတာမျိုးလည်း ရှိတတ်ကြတယ်”” ဟု ကျောင်းဆရာမ မအီညွန့်က ဆိုသည်။

နမ့်စန်မြို့၏ ထူးခြားမှုက များပြားလှသည်။နယ်မြေအားဖြင့် အေးချမ်း တည်ငြိမ်နေသော်လည်း ပြည်တွင်းပြည်ပဧည့်သည် လာရောက်မှုမှာ အင်မတန် မှနည်းပါးနေသလို ရှေးရိုးရာအိမ်အနည်းစုကို တွေ့ မြင်ရ တော့မည့် ယင်းနက်လူမျိုးများ၏ ရိုးရာအိမ်များ ရှိနေခြင်း၊ ထူးခြားဖြစ်တည်လာသည့် ရာဇဝင်များဖြင့် အစဉ်အဆက် ယုံကြည်လာကြသည့် ယင်းနက်၊ ယင်းကြားလူမျိူးများရှိနေခြင်း၊ နမ့်စန်မြို့၏ ပုံပြင်လိုလို ရှိနေသည့် ထူးခြားသည့်ဝိသေသဖြစ်သော မိန်းမ သေတောင်ရှိနေခြင်း၊ ကမ်္ဘာ့အကြီးဆုံးနှီးဘုရားရှိနေ ခြင်းတို့က နမ့်စန်မြို့၏ ထူးခြားချက်များဖြင့် အရိုင်း ဆန်နေသေးသည့် နမ့်စန်မြို့လေးသို့ သွားရောက် လေ့လာကာ နမ့်စန်မြို့တွင်သာ တသီး တသန့်နေထိုင် ကြနေသည့် ယင်းနက်၊ ယင်းကြားလူမျိုးတွေဆီလာ ရောက်လည်ပတ်နိုင်စေရန် ဖော်ပြလိုက်ရပါသည်။

Travelling_Journal/Vol_1_Issue_18

Photo_TravellingJournal