မော်ကျွန်းသူ
လက်တလောလူမှုကွန်ရက်စာမျက်နှာများထက်တွင် ဝေဖန်နေကြ၊ညီးတွားနေကြ၊စိတ်ပျက်စပြုလာပြီး ပြောဆိုလာကြသည့် အကြောင်းအရာ တစ်ခုကတော့ Property Tax ခေါင်းစဉ်အောက်တွင် ပါဝင်သည့် လူခွန် (စည်ပင်အခေါ်) ကောက်ခံခြင်းမှ စတင်လာခဲ့ခြင်း ဖြစ်သည်။
ဟိုတယ်များတွင် လက်ရှိကောက်နေသည့် Property Tax ခေါင်းစဉ်အောက်တွင် ပါဝင်သည့် ခေါင်းစဉ်ငယ် တစ်ခုအနေဖြင့် မန္တလေးစည်ပင်သာယာရေးကော်မတီမှ ဟိုတယ်များတွင်လာရောက်တည်းခိုသည့် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည် တစ်ဦးချင်းလျှင် ကျပ် ၅၀၀ မှ ကျပ် ၁၀၀၀ ထိ ကောက်ခံမည်ဆိုသည့် ထုတ်ပြန်ချက်ကြောင့် မန္တလေးအခြေစိုက် ဟိုတယ် လုပ်ငန်းရှင်များက သဘောမတူလာကြခြင်းပင်ဖြစ်သည်။
“ ဒါကတော့ လုံး၀ကို မဖြစ်နိုင်တဲ့ကိစ္စပဲ၊ သဘောမတူပါဘူး ” ဟု ပြတ်ပြတ်သားသားပြောဆိုလာသူက ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း(ဗဟို)၏ ဒုဥက္ကဋ္ဌဖြစ်သူ ဦးအောင်မိုးကြည်က ပြောဆိုခဲ့ခြင်းဖြစ်သည်။
ဧည့်သည်၀င်ရောက်မှုများပြားပါက အခွန်ပေးရခြင်းကိုလက်ခံသော်လည်း ဧည့်သည်ဝင်ရောက်မှုနည်းပါးသည့် ကာလများတွင် ၀န်ထမ်းစရ်ိတ်များပြားခြင်း၊အခွန်အခများပေးဆောင်ရခြင်းနှင့် အထွေထွေကုန်ကျစရိတ်များ ရှိလာခြင်းကြောင့် နလန်မထူနိုင်သည့် စီးပွားရေး လုပ်ငန်းရှင်များစွာရှိနေကြောင်း ဟိုတယ်လုပ်ငန်းရှင်များက ဆိုသည်။
ထို့အပြင် အခွန်ကောက်ခံမှုနှုန်းထားများ များပြားလာခြင်းကြောင့် လုပ်ငန်းရှင်များက အခက်အခဲများနှင့် ရင်ဆိုင်နေရသည့် ကာလတွင် ယခုကဲ့သို့ ထပ်မံကောက်ခံမည့် အခွန်အခကြောင့် လုပ်ငန်းရှင်များက သဘောမတူနိုင် ဖြစ်နေကြသည်။
သတ်မှတ်ချက်များဖြင့် အခွန်ကောက်ခံခြင်းကို လက်ခံနိုင်သော်လည်း လက်ရှိတွင် အခွန်ကောက်ခံမှုစနစ်ပုံစံမှနေ အသွင်ပြောင်းထပ်မံ ကောက်ခံလာသည့် အခွန်အခများကြောင့် လုပ်ငန်းရှင်များက လက်မခံကြခြင်းဖြစ်သည်။
ထပ်မံကောက်ခံမည့် Property Tax အမျိုးအစားထဲတွင် ပါဝင်သည့် လူခွန် ကို ထပ်မံကောက်ခံမည်ဖြစ်သည့်အတွက် ဟိုတယ်အသင်းမှ ကန့်ကွက်တင်ပြထားခြင်းဖြစ်ကြောင်း သိရသည်။
“ Property Tax အစား အခုကောက်ခံမယ့် လူခွန်မှာ ဟိုတယ်အဆောက်အဦပေါ်မူတည်တယ်။ ဟိုတယ်ရဲ့နေရာပေါ်မူတည်တယ်။ အဆောက်အဦရဲ့တန်ဖိုး၊ ပြီးရင်ကျွန်တော်တို့ ယူတဲ့အခန်းခနှုန်းထားပေါ်မှာလည်း မူတည်ပြီး သူတို့ကတွက်ချက်ပြီးကောက်မှာဖြစ်ပါတယ်။ ပြည်တွင်း၊ပြည်ပ တစ်ဦးကို ၅၀၀ ၊၁၀၀၀ အနည်းဆုံးကောက်မှာဖြစ်ပါတယ်။ ဒါပေမယ့် ဒီအခွန်ကို မကောက်သင့်ဘူးလို့ စည်ပင်ကိုတင်ပြထားတယ်။ သူတို့ကလည်း အီးစီိထိုင်ပြီးရင် သူတို့ အကြောင်းပြန်ပေးပါမယ်လို့ပြောထားတယ်။ အကောင်းဆုံးစဉ်းစားပေးပါမယ်လို့ပြောထား တဲ့အဆင့်ပဲရှိပါသေးတယ် ” ဟု မန္တလေးဟိုတယ်ဇုန်မှ တွဲဖက်အတွင်းရေးမှူး (၃) ဖြစ်သူ ဦးကျော်သူက ပြောသည်။
လက်ရှိတွင် ဟိုတယ်လုပ်ငန်းရှင်များမှ အခွန်ဦးစီးဌာနကို ကုန်သွယ်ခွန်၊ ၀င်ငွေခွန် ကို ပေးဆောင်ရပြီး၊ စည်ပင်ကို ပေးဆောင်ရသည့် အခွန်အမျိုးအစားများမှာ ဆိုင်းဘုတ်ခွန် ၊ရေခွန် အပြင် Property Tax ထဲတွင်ပါဝင်သည့် အညစ်အကြေးခွန် သို့မဟုတ် အမှိုက်ခွန် အခအဖြစ် ဟိုတယ်အခန်းအရေအတွက်ပေါ်မူတည်ပြီး တစ်ခန်းလျှင် ကျပ်နှစ် သောင်းကို နှစ်စဉ် ပေးဆောင်ရသည်။ထို့အပြင် ရေသုံးစွဲမှု ကို လုပ်ငန်းသုံးသတ်မှတ်ပြီး သုံးသည့် ရေယူနစ် အခကို ယခင်နှုန်းထားထက် ၁၀ ဆ ၀န်းကျင် တိုးမြှင့်ကောက်ခံကြောင်း သိရသည်။
’’ ရေခွန်တက်တာက တစ်နှစ်လောက်ရှိပြီ။ ဒါ့အပြင် ကားပါကင်ခကိုလည်း ဟိုတယ်ရဲ့မျက်နှာစာ၊ လမ်းပေါ်မှာ ကားရပ်မယ်ဆိုရင် တစ်ပေ ပတ်လည်ကို ကျပ်၂၅၀ တိုးကောက်ထားပါတယ်။ အဲဒါက ယာဉ်ရပ်နားခအနေနဲ့ နှစ်စဉ်ပေးဆောင်ရတာ။ အကုန်လုံးဆိုရင်တော့ ဆိုင်းဘုတ်ခွန်ခလည်းနှစ်ဆတက်သွားတယ်၊ ပေအလိုက်တောင်းတာ၊ စည်ပင်ကိုပေးရတဲ့အခွန်အခက တစ်နှစ်ကို သိန်း၂၀၊ သိန်း၃၀ လောက်ပေးရတယ်။ အသေးဆုံး ဟိုတယ်ဆိုရင်တောင် သိန်း ၂၀ လောက်က ပေးရတယ်။ ဟိုတယ်ကြီးရင်ကြီးသလောက်ပိုကုန်တာပေါ့။ အခုပေးရတဲ့ဟာတွေကိုတော့ သဘောတူပါတယ်။ ဒါပေမယ့် အခုထပ်ကောက်မယ့် ဟာက များလာတဲ့အတွက် လူခွန်ကိုတော့ မကောက်သင့်ဘူး။ အခွန်ဦီးစီးကိုတော့ ကုန်သွယ်ခွန်နဲ့၀င်ငွေခွန်ကို နှစ်စဉ် ၀င်ငွေပေါ်မှာ မူတည်ပြီး ၅ ရာခိုင်နှူန်းကို ပေးရတာပါ။ အဲဒီနှစ်မျိုးကိုလည်း တစ်နှစ်ကို သိန်း ၃၀၊ နဲ့ ၄၀ကြားကို ပေးဆောင်ရတာပါ ” ဟု ဦးကျော်သူက ပြောသည်။
လက်ရှိကာလများတွင် ခရီးသွားလုပ်ငန်းမှာ ကျဆင်းနေခြင်းကြောင့် လာရောက်တည်းခိုကြသည့်ဧည့်သည်နည်းပါးသည့်အတွက် ဟိုတယ်အခန်းများ ရောင်းချမှုမှာ အခန်းအရေအတွက်၏ ၁၀ ရာခိုင်နှုန်းမျှသာရှိနေ ကြောင်းသိရသည်။
ထို့အပြင် ဟိုတယ်လောကထဲသို့ ခြေစုံပစ် ၀င်ရောက်လာခဲ့သည့် လုပ်ငန်းရှင်တစ်ဦးကလည်း ဟိုတယ်လုပ်ငန်း လုပ်ကိုင်လာခြင်းကြောင့် အခက်အခဲအခြေအနေများကို သိလာပြီဖြစ်သလို မိမိအနေဖြင့် ၀န်ထမ်းစရိတ်များ၊လစဉ်ကုန်ကျသည့်စရိတ်များ ၊ ဧည့်သည်မလာသည့် အတွက် အရင်းထဲမှ စိုက်ထုတ်ပေးဆောင်နေရခြင်းကြောင့် ဟိုတယ်လုပ်ငန်းလုပ်ကိုင်လာရခြင်း၏ အခက်အခဲများကို သိလာခဲ့ရပြီဖြစ်ကြောင်း ၄င်းက ဆိုသည်။
’’ အစ်ကိုတုိ့ ပြည်မှာ ဟိုတယ်တွေလည်းရှိပါတယ်။ တည်းခိုရိပ်သာတွေလည်းရှိတယ်။ အစ်ကိုက ဧည့်ရိပ်သာအဆင့် လုပ်ထားတာပါ။ ဒါတောင် လူမ၀င်ပါဘူး၊ တစ်လတစ်လ ဟိုတယ်၀န်ထမ်းစရိတ်၊ မီတာခဆိုတစ်လကို သိန်းကျော်ဆောင်ရတယ်။ အဓိက က ပြည်ကို ခရီးသွားမလာကြတာပဲ။ ယူနက်စကိုတာ၀င်သွားတာ ပြည်က ခရီးသွားလာတဲ့ သူနည်းတယ်။ အဲဒါမို့ ဒီမှာ ရှိတဲ့ ဟိုတယ်လုပ်ငန်းတွေက
သိပ်အဆင်မပြေပါဘူး’’ဟု ပြည်အခြေစိုက် ဧည့်ရိပ်သာဖွင့်ထားသူ လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ခရီးသွားရာသီချိန်ဆိုပါက အခန်းရောင်းချရမှုမှာ ၂၀ ရာခိုင်နှုန်းမျှသာရှိနေသည့်အတွက် လုပ်ငန်းအခက်အခဲများစွာဖြင့် ရင်ဆိုင်နေရကြောင်း လုပ်ငန်းရှင်များက လူမှုကွန်ရက်စာမျက်နှာများထက်တွင် ရင်ဖွင့်လာခဲ့ကြသည်။ ပေးဆောင်ရသည့် အခွန်များ ယခင်ထက် များပြားလာမည်ဆိုပါက နောက်ဆက်တွဲအနေဖြင့် ဝန်ထမ်းများကို ထိုက်သင့်သည့်လစာမပေးဆောင်နိုင်မှုများ ရှိလာမည်ဆိုလျှင် အကျိုးဆက်ပြဿနာအနေဖြင့် ၀န်ဆောင်မှု ညံ့သွားမည်ကို စိုးရိမ်ရသလို ပြုပြင်ထိန်းသိမ်းရေးများမလုပ်နိုင်ပါက ဟိုတယ်၏ ပုံရိပ်ကျဆင်း သွားနိုင်ခြင်းကြောင့် စိုးရိမ်နေရကြောင်း ပင်းတယ အခြေစိုက်ဟိုတယ်လုပ်ငန်းရှင် ဦးကျော်ထွေး က ပြောသည်။
ပြည်တွင်းသို့ ခရီးသွားဦးရေ ၀င်ရောက်မှုမှာ သုံးသန်းခွဲနှင့် ၄သန်းကြားသာ ရှိသည့်အတွက် အာဆီယံနိုင်ငံများထဲတွင် အနည်းဆုံးဖြစ်နေကြောင်း၊ ယင်းကြောင့် ဧည့်၀င်ရောက်မှုနည်းသည့်အတွက် လက်ရှိကာလတွင် ထပ်မံတိုးမကောက်သင့်ကြောင်း၊ ထို့အပြင် ယခုနှစ်ထဲတွင် ကုန်ကျစရိတ်ပိုပြီး များပြားနေသည့်အပြင် ပေးဆောင်ရသည့်အခွန်အခများပြားခြင်းကြောင့် ထပ်မံကောက်မည်ဆိုပါက လုပ်ငန်းရှင်များကို ပိုပြီးဖိအားပေးရာရောက်ကြောင်း၊ ပိုပြီိးအခက်အခဲများလည်း ရှိလာသည့်အတွက် မကောက်ခံသင့်ကြောင်း ၊ယခင်ကလည်း မိခင်ဝန်ကြီးဌာနကနေ ခရီးသွား ရံပုံငွေအဖြစ် နိုင်ငံခြားသားတစ်ဦးလျှင် အနည်းဆုံး ၁ ဒေါ်လာ ကောက်ခံရန် တင်ပြထားမှုကို ဇုန်များအလိုက် မကောက်ဖို့ တင်ပြထားသည့်အတွက် ရပ်ဆိုင်းထားကြောင်း စသည့် အကြောင်းအရာအချက်အလက်များကို သက်ဆိုင်မန်းစည်ပင်သို့ အကျိုးအကြောင်း တင်ပြထားကြောင်း၊ ဟိုတယ်လုပ်ငန်းဖွံ့ဖြိုးလာသည့်အချိန်ကာလရောက်ရှိပြီး ခရီးသွားဧည့်သည် တစ်နှစ်လျှင် ၁၀ /၁၅ သန်း ၀င်ရောက်လာမည်ဆိုပါက ညှိနှိုင်းပြီး ဆောင်ရွက်သင့်ကြောင်းကို သက်ဆိုင်ရာစည်ပင်သို့ တင်ပြထားပြီးဖြစ်ကြောင်း မန္တလေးဟိုတယ်ဇုန်မှ တာဝန်ရှိသူက ပြောသည်။
ထို့ကြောင့် Property Tax ခေါင်းစဉ်အောက် တွင် ပါဝင်သည့် လူခွန်(စည်ပင်အခေါ်) ကောက်ခံခြင်းကို မန္တလေးတိုင်းဒေသကြီးရှိ ဟိုတယ်များအား စတင်ကောက်ခံတော့မည့် ထုတ်ပြန်ချက်အပေါ် မန္တလေး အခြေစိုက် ဟိုတယ်လုပ်ငန်းရှင်များမှ ကောက်ခံခြင်း မပြုရန် တင်ပြထားခြင်းအပေါ် သက်ဆိုင်ရာမှ မည်ကဲ့သို့ ဆောင်ရွက်သွားမည်ဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရအုံးမည်ဖြစ်ပါတော့သည်။