မော်ကျွန်းသူ
အခုဆိုရင် မီးရထားစီးပြီး ခရီးသွားလာကြတဲ့ ခရီးသွားတွေ တဖြည်းဖြည်းနဲ့ များလာတာကို သတိပြုမိလာကြမှာပါ။ အထူးတလည် ရထားစီးပြီး ခရီးသွားလေ့ အလေ့အထ နည်းပါးလာခဲ့ ပေမယ့် မြန့်မာ့ မီးရထား ( မမ )ကလည်း ရထားတွဲဆိုင်းတွေကို Upgrade တွေလုပ်ပေး၊ ရထားနဲ့ ခရီးသွားများလာအောင် ဝန်ဆောင်မှုပိုင်းတွေကို ပိုပြီး ဆောင်ရွက်ပေးလာတဲ့ အခါ မှာ ရထားစီးပြီး ခရီးသွားလာကြတဲ့ သူတွေ ရှိလာခဲ့ကြပါပြီ။
စာရေးသူကတော့ ရထားနဲ့ ခရီးသွားရတဲ့ အားသာချက်တွေကို အရမ်းသဘောကျ နှစ်ခြိုက်မိပါတယ်။ မီးရထားနဲ့ခရီးသွားရတာကို အရမ်းသဘောကျခဲ့တယ်လို့လည်း နိုင်ငံတော်အတိုင်ပင်ခံက ပြောခဲ့ဖူးပါတယ်။ မီးရထားနဲ့ သွားရင် အေးအေးဆေးဆေး သက်သက် သာသာနဲ့ ရှုခင်းတွေကို ကြည့်သွားလို့ရသလို တစ်မြို့ပြီး တစ်မြို့ကို ဖြတ်သန်းသွားတာလည်း အရမ်းသဘောကျမိတယ်တဲ့။ ဟုတ်ပါတယ်။
ရထားစီးပြီး ခရီးသွားရတာဟာ ပိုပြီး သက်သောက်သက်သာ ရှိစေတယ်လို့ လည်း စာရေးသူက ခံစား စေရပါတယ်။ ဒါ့အပြင် တစ်ဘူတာချင်း တစ်ဘူတာ ရပ်နား၊ မမြင်ဖူးတဲ့ မြင်ကွင်းတွေ၊ မစားဖူး တဲ့ ဒေသ အစားအစာတွေ၊ သူတို့ ရဲ့ လှုပ်ရှားရုန်းကန် နေရတဲ့ လူနေမှု ဘဝတွေထဲကို ဝင် ရောက် ခံစားနိုင်ခွင့်ရရှိနိုင်ပါသေးတယ်။
ဒါတင်ပဲလားဆို ရထားလာပြီဆို လက်ဝှေ့ယမ်းပြတဲ့ ကလေးတွေ။ ဒီယဥ်ကျေးမှု တွေက အခုချိန်ထိ
မပျောက် သေးပါဘူး။ ဒါမို့ စာရေးသူ ကတော့ ရထားစီးပြီး ခရီးသွားရတာကို ပိုကြိုက်နှစ်သက်ပါတယ်။ ရထားစီးပြီး ခရီးသွားရတာကို သဘော ကျလေ့ရှိတာမို့ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေ၊စိတ်တူ ကိုယ်တူ တွေနဲ့ ခရီးသွားလေ့ရှိပါတယ်။
မှတ်မှတ်ရရ ရန်ကုန်ဘူတာကြီးကနေ ကလော မြို့ ထိ ရထားစီးပြီး ခရီးသွားကြတာ အရမ်းပျော်ရွင်ဖို့ ကောင်းသလို စိတ်ပေါ့ပါး ပြီး လူငယ်တစ်ယောက်အဖြစ် စိတ်ပေါ့ပါးလွတ်လပ်မှုရဲ့ အရသာကို ခံစားခဲ့ရတာဟာ ဘဝမှာ အမှတ်ရစရာကောင်းတွေ ပါပဲ။ လမ်းတစ်လျှောက်ရှုခင်း တွေက အခုချိန် ထိကို မမေ့နိုင်ပါဘူး၊ ဘူတာတိုင်းမှာ ဈေးရောင်းချနေတဲ့ ဈေးသည်တွေရဲ့ လှုပ်ရှားမှုတွေ ကို မြင် တွေ့ရစေတာ ပန်းချီကား တစ်ချပ် မြင်ကွင်း တစ်ခုလို့ စာရေးသူက တင်စားချင်ပါတယ်။
ဒါ့အပြင် ရန်ကုန် – ပုဂံထိ ရထားစီးသွားရတဲ့ အခိုက်အတန့် တုန်းကလည်း ဘဝမှာ မမေ့နိုင်တဲ့ ရက်စွဲတွေပါပဲ။ လမ်းတစ်လျှောက် ရှုခင်းတွေဟာ တစ်မြို့နယ်ချင်းစီရဲ့ မြင်ကွင်းတွေက မရိုးနိုင်အောင်ကို မတူညီကြပါဘူး၊ စာရေးသူတို့ ရဲ့ မြေမှာ တန်ဖိုးကြီးမားတဲ့ သဘာဝတရားရဲ့ လက်ဆောင်မွန်ကောင်းတွေကို ဖမ်းဆုပ်ယူထားမိစေတဲ့ စိတ် စာရေးသူ ကတော ကိုယ့် ကိုယ်ကို ဂုဏ်ယူမိတယ်။ အညာဓလေ့ရဲ့ မြင်ကွင်းတွေ၊ ထန်းတောတွေ၊ ဆေးရောင်ခြယ်ထား တဲ့ လယ်ကွင်းတွေက မျက်စိတဆုံး ကြည့်မဝဆုံး ဖြစ်စေရတယ်။
ဒီတစ်ခေါက် စာရေးသူ က မန္တလေးကနေ ကသာထိ ရထားစီးပြီး ခရီးသွားကြည့်ခဲ့ခြင်းပါပဲ။
ဒီခရီးစဥ်ဖြစ်စေဖို့ကိုလည်း ကိုဗစ်အလွန်ကာလတွေမှာ ရထားစီးပြီးခရီးသွားကြတဲ့သူတွေ ပိုပြီးရှိလာစေချင်တာကြောင့် ဟိုတယ်ခရီး က ဒုဝန်ကြီး ဦးဆောင် တဲ့အဖွဲ့က ကွင်းဆင်းခဲ့တာဖြစ်ပါတယ်။ ဒီလိုနဲ့ စာရေးသူတို့အဖွဲ့ကမန္တလေး ဘူတာကြီး ကနေ ညနေ ၄နာရီ စထွက်တဲ့ မန္တလေး မြစ်ကြီးနား ရထားကို စီးခဲ့ ပါတယ်။ ညနေစောင်းချိန်မို့ လမ်းတစ်လျှောက် ဘေးညာ မြင်ကွင်းတွေကို မြင်တွေ့ရပါသေးတယ်။ လူနေအိမ် တွေ၊ ကားလမ်းတွေကို ကျော်ဖြတ်ပြီး တစ်ဘူတာချင်းတစ်ဘူတာ ကို ခုတ်မောင်းနေဆဲ။
လမ်းဘေးညာက စိမ်းစိုနေတဲ့ စပါးခင်းတွေနဲ့ အရောင်ကွဲပြားစွာရှိတဲ့ မြေမဲရောင်၊ မြေနီရောင်၊ မြေဖြူရောင်
စတဲ့ လယ်ကွင်းတွေကို လည်း မြင်တွေ့ရသေးတယ်။ အထက်မြန်မာပြည် ခရီးစဉ်ကို စာရေးသူ ပထမဆုံး အကြိမ် ရထားစီးဖူးခြင်းပါပဲ။ ထူးခြားမှုတစ်ခုက လယ်ကွင်းတွေကြားမှာ မကျူးကျော်ရ မြန်မာ့ မီးရထားပိုင် နေရာများ ဖြစ်သည်ဟု ရေးထိုးထားခြင်းပင်။
မြစ်ကြီးနားထိ သွားတဲ့ ရထားမို့လမ်းတစ်လျှောက်ကဘူတာတိုင်းမှာ မိနစ် ၂ မိနစ် သာသာ လောက်သာ ရပ်နားပါတယ်။ မန္တလေး – ကသာ အထိ လမ်းဘူတာ ၁၆ ဘူတာကို ဖြတ်ကျော်ပြီး မှသာ ရောက်ရှိမှာဖြစ်ပါတယ် ။လမ်းတစ်လျှောက်ကြည့်ငေးလိုက် ၊ရထားပေါ်စကားတွေ ပြောဆို သောင်းပြောင်းပြောဆို လိုက် မုန့်တွေစားလိုက် ငေးမောလိုက်နဲ့ အချိန်တွေကို ကျော်ဖြတ် လာခဲ့ပါတယ်။ ပထဆုံး ဖြတ်ကျော်ခဲ့ရတဲ့ ဘူတာက မြို့ဟောင်း ၊အဲဒီနောက် အမရပူရ ၊ မှတ်မှတ်ရရ စစ်ကိုင်း တံတားကြီးကို ဖြတ်ကျော်တော့ အချိန်က ညနေ ၄နာရီ ၃၆ မိနစ် ဝန်းကျင် ရှိပြီ။
မန္တလေး ၊ ရွာထောင်၊ ဝက်လက် ၊ ရွှေဘို၊ ခင်ဦး ၊ ထန်းတပင်၊ ထန်းကြီး၊ ကန့်ဘလူ၊ ကျွန်းလှ၊ ချပ်သင်း၊ ကောလင်း ၊ ဝန်းသို၊ ကင်း၊ ကြိုးထောင်၊ အင်းတော်၊ နဘား ဘူတာ ထိ စာရေးသူတို့ စီးခဲ့ရပါတယ်။ ကောလင်းမှာတော့ အကြာဆုံးရပ်နားချိန်က ၁၀ မိနစ်ဝန်းကျင်ဆိုတော့ အညောင်း အညာပြေ လမ်းလျှောက်၊ ဒေသစာ ဝယ်စား ၊ ဟိုကြည့် ဒီကြည့် လေ့လာ ၊ ကောလင်း ရောက်တော့ အချိန်က ည ၁၂ နာရီ ထိုးလုနေပြီ။ ဈေးရောင်းနေကြတဲ့ ဈေးသည်နှစ်ဦး သုံးဦး ကို တွေ့မြင်ရပါတယ်။
ရထား ပေါ် ကနေ ဆင်းပြီး ကောလင်းရဲ့ ဒေသစာ ပဲပလာတာ၊ ချိုစိမ့် လက်ဖက်ရည်၊ ငါးရာတန် တစ်ခါပြင် ကြက်ထမင်း၊ ဝက်သားထမင်း က တန်တယ်လို့ ဆိုရပါမယ်။ ဟိုတယ်၊ခရီး ဒုဝန်ကြီး ကတော့ အခုလို မီးရထား ဘူတာကဈေးသည်တွေ ရောင်းတဲ့ ငါးရာတန် ထမင်း ဝယ်စားပြီး ဆီကျန်ရေကျန် ထမင်းစားရတာကို နှစ်ခြိုက် တယ်လို့ ဆိုပါတယ်။
စာရေးသူတို့ အဖွဲ့ထဲမှာ ၁၅နှစ် လောက် ရထားမစီးဖြစ်ခဲ့တဲ့ မမွန်ရယ်၊ နှစ် ၃၀ လောက် ရထား မစီးဖြစ်ခဲ့တဲ့
ဒုဝန်ကြီး ရယ် ၊ အသက် ၂၅ နှစ် အထိ ရထားမစီးဖူးသေးတဲ့ ကိုထက်သူလင်း ရယ် နဲ့ အခုလို ရထားအတူတူ စီးရတာကလည်း စိတ်လှုပ်ရှားမှု ဖြစ်စေရပါတယ်။ ခုတ်မောင်းချိန် ၉နာရီလောက် အချိန် ပေးရပေမယ့် အချိန်တွေ ကုန်လွန် သွားခဲ့တာတောင် မသိခဲ့ရပါဘူး ။
စာရေးသူတို့ ဆင်းမယ့် နဘားဘူတာ ရောက်တော့ အချိန်က မနက် ၃နာရီ ၄၁မိနစ် ဝန်းကျင်၊ နဘားဘူတာကနေ ကသာမြို့ကို ကားနဲ့ ဆက်သွားရုံ ပါပဲ။ ဟိုတယ်ရောက်တော့ ၄နာရီ ၃၇ မိနစ် ရှိပြီ။ တစ်နာရီ နီးပါးလောက် ကားစီးရပါတယ်။ စာရေးသူတို့အဖွဲ့က မနက် ၆နာရီ မော်လူးကို သွားရောက် ချင်တာ မို့ ရေမိုးချိုး ခဏနားပြီး နံနက်စာ သုံးဆောင်ပြီးနောက် မော်လူး ကို ဆက်လက် ခရီးနှင် ခဲ့ပါတယ်။
အဲဒီနောက် မော်လူးကနေ ပြန်လာပြီး ကသာမြို့ ရဲ့ ထင်ရှားလှတဲ့ ကိုလိုနီခေတ် အဆောက်အအုံ တွေကို လေ့လာ လည်ပတ်ကြည့်ရင်း ကသာမှာ ခရီးသွားတွေအတွက် Tourist Attraction Site တွေကို လေ့လာ ကြည့်ခဲ့ မှတ်တမ်းတင်ရင်း ။စာရေးသူ ကတော့ ကိုယ်မရောက်ဖူးတဲ့ နယ်မြေသစ်လည်းဖြစ် အဲဒီထက် ကမ္ဘာကျော် စာရေး ဆရာကြီး ဂျော့ချ်အော်ဝဲလ် နေထိုင်ခဲ့တဲ့ အိမ်ကို ရောက်မယ် ဆိုလို့ ပိုစိတ်လှုပ်ရှားစေခဲ့တယ်။ ကသာမှာ အဲဒီလို ထင်ရှားစေတဲ့ ကိုလိုနီခေတ်က အိမ်တွေ အများကြီး၊ လေ့လာစရာ နေရာတွေ၊ သမိုင်းဝင် နေရာတွေ များစွာ ကျန်ရှိနေသေးတယ်ဆိုတာပါပဲ။ အခုလို လေ့လာစရာအိမ်တွေ ကျန်ရှိနေခဲ့တာ ကို ဆက်လက် ထိန်းသိမ်း ဆောင်ရွက်ပေးနေတဲ့ Katha Heritage Trust အဖွဲ့ကြောင့်လို့ ဆိုရမှာပါပဲ။ စိတ်ဓာတ် လေးစားစရာ ကောင်းတဲ့ အဖွဲ့လို့ ဆိုချင်ပါတယ်။
ကသာရဲ့ ဘေးပတ်လည်ကို ကြည့်မိရင် တောင်တန်း ကြီးတွေက ဝန်းရံနေတာကို တွေ့မြင် ရစေပါ တယ် ။ ကချင် တောင်တန်းကြီး တွေနဲ့ လည်းထိစပ်နေပြီး ဒေသခံတွေခေါ်တာက ဖတ်ဆွတ် တောင်တန်းလို့ လည်း မှတ်သားရမိပါတယ်။ စိမ်းညှို့နေတဲ့ တောင်တန်းကြီးတွေကို မြင်တွေ့ရ စေတာ က စိတ်ကို ပေါ့ပါးလန်းဆန်း စေတာကို ဖြစ်စေမိပါတယ်။ ဧရာဝတီ မြစ် ကမ်းနား မှေးတင်နေတဲ ကသာ မြို့ကို ခြေချနင်းခွင့်ရခဲ့တဲ့ နေ့ရက်စွဲလေး တွေပါ။
ကသာရဲ့ ထင်ရှားလှတဲ့ ဝိသေသတွေကလည်း အများကြီးရှိပါတယ်။ အရှေ့တောင်အာရှမှာ အကြီးဆုံး သင်္ဘော သချိုင်း ရှိခဲ့ရာမြို့ အဖြစ် ရှိနေပြီး ကိုလိုနီခေတ်က အရေးပိုင်မင်းတွေရဲ့ အိမ်တွေရုံးစိုက်ခဲ့တဲ့ မြို့ ဖြစ်ခဲ့တာကလည်း ထူးခြားတဲ့အချက်တွေပါပဲ။နိုင်ငံခြားသား ဧည့်သည်တွေရဲ့ ပါးစပ်ဖျား မှာ ကသာကို ပြောစမှတ်ပြုပြီး ပြည်တွင်းခရီးသွား တွေကြားမှာ မေ့လျော့ခံ နေခဲ့ရတဲ့ မြို့ အဖြစ် ရှိနေတာကလည်း စာရေးသူကို စိတ်မကောင်း ဖြစ်စေမိပါတယ်။
ပြည်တွင်းခရီးသွားပို့ဆောင်ပေးနေတဲ့ ဘုရားဖူး ခရီးသွားလုပ်ငန်းတွေကတော့ မြစ်ကြီးနားခရီးစဉ် ဆွဲတဲ့ အခါ အင်းတော်အထိ ခရီးစဉ် ဆွဲကြပြီး အင်းတော်ကနေ မိနစ် အနည်ငယ်သွားရောက်နိုင်တဲ့ ကသာဆီကိုတော့ မရောက်ဖြစ်ခဲ့တာက စိတ်မကောင်း စရာပါပဲ။ ကသာမှာ လည်ပတ်စရာမရှိဘူးလို့ ထင်မှတ်ထားမိတာလို့ ဘုရားဖူးပို့ဆောင်ပေးတဲ့လုပ်ငန်းတစ်ချို့က စာရေးသူကို ပြောပြလာခဲ့ပါတယ်။
ဒါ့အပြင် ကသာကနေ ထီးချိုင့်ဘက်သွားတဲ့ လမ်းမှာ သာဂရ ရွာ က ဘုံခုနှစ်ဆင့်ရှိတဲ့ ဘုန်းကြီး ကျောင်း ရှိနေခြင်းပါပဲ။ဘုံခုနှစ်ဆင့် ရှိပြီး အထပ်တိုင်းမှာ ရှေးဟောင်း ပစ္စည်းတွေကို အထပ်လိုက် ထားရှိပေးထားတာဖြစ်ပြီး ဘုရားဆင်းတုတော်တွေရယ်၊ စစ်ခရာကြီး တွေ၊ သံပတ်နာရီတွေကို အများကြီး ကို ဘုန်းကြီးကျောင်းမှာ တွေ့မြင်ရခဲ့ပါတယ်။
ဘုံခုနှစ် ဆင့်တက်ပြီး အပေါ်ကနေ ကြည့်ရင်တော့ ဧရာဝတီမြစ်ကို ထင်ထင်ရှားရှား မြင်တွေ့ရသလို ခပ် ဝေးဝေး မှာလည်း ရွှေလီမြစ် ကို မြင်တွေ့စေရ ပါတယ်။ စာရေးသူ အကြိုက်ဆုံးကတော့ အပေါ် ကနေ ကြည့်ရတဲ့ လယ်ကွင်း စိမ်းစိမ်း ကြီးတွေနဲ့ ရှုခင်း ကတော့ တစ်သက်မမေ့ စရာပါပဲ။
တကယ်တော့ ကသာဆိုတာ ရှေးဟောင်း အမွေအနှစ်တွေ တန်ဖိုးဖြတ်မရနိုင်တဲ့ Heritage & Historical Attraction City မြို့လေး ဖြစ်နေခြင်းကို စာရေးသူ ဂုဏ်ယူနေမိတာပါ။ ဒီလိုနဲ့ ကသာမြို့တခွင်လှည့်လည်ပြီး အင်းတော်ဘက်ထိ ခြေဆန့်ခဲ့ပြီးတဲ့နောက် အင်းတော်ဘူတာကနေ မန္တလေးကို ရထားစီးပြီး ပြန်လာခဲ့ပါတော့တယ်။