Travelling journal
ကမ္ဘာလှည့်ခရီးသွားတွေအကြား လူသိများထင်ရှားလှတဲ့ မင်းကွန်းဒေသဆိုတာ စစ်ကိုင်း တိုင်းရဲ့ အထင်ကရ ၊စစ်ကိုင်းရဲ့ဝင်ပေါက်လို့ စစ်ကိုင်းတိုင်းဟိုတယ်နဲ့ ခရီးသွားညွန်ကြားမှုဦးစီးဌာန က ဒုတိယ ညွန်ကြားရေးမှုး တိုင်းတာဝန်ခံ ဦးအောင်သူဦး က ပြောပြပါတယ်။
တကယ်တော့ စစ်ကိုင်းနဲ့ မန္တလေး ဆိုတာ အိမ်နီးချင်းကပ် မြို့ဖြစ်နေပြီး ကားနဲ့ ၄၅မိနစ်ခန့်သွားရောက်ရုံနဲ့ ရောက်ရှိနိုင်တဲ့မြို့ဖြစ်ပါတယ်။ ထုံးသင်္ကန်း ဖြူဖြူဖွေးဖွေးနဲ့ သပ္ပါယ်လွန်းလှတဲ့ မြသိန်းတန်စေတီရယ် မင်းကွန်းပုထိုးတော်ကြီးတို့ဟာ ပြည်တွင်းပြည်ပ ခရီးသွားတွေ အကြားမှာ ရေပန်းစားပြီး လည်ပတ်တဲ့နေရာတွေဖြစ်ကြ ပါတယ်။
ပြည်ပခရီးသွားတွေ အများအပြား လာရောက်လည်ပတ်ကြတဲ့ မင်းကွန်း ဒေသဟာ အရင်က မန္တလေးရဲ့လောင်းရိပ်အောက်မှာ တည်ရှိနေခဲ့တာ လို့ စစ်ကိုင်းတိုင်းဟိုတယ်ခရီးတာဝန်ခံ ဦးအောင်သူဦး က Travellingကို ပြောပြပါတယ်။
မင်းကွန်းဒေသကို ပြီးခဲ့တဲ့ ငါးနှစ်တာကာလအတွင်း ပြည်ပဧည့်သည်ဝင်ရောက်မှုကိုကြည့်မယ် ဆိုရင် နှစ်အလိုက် တိုးတက်လာခဲ့တာကို တွေ့မြင်ရမှာပါ။ ကိန်း
ကဏာန်းအချက်အလက်တွေ အရ ပြီးခဲ့တဲ့ ၂၀၁၆ခု နှစ်မှာ ပြည်ပဧည့်သည်ဝင်ရောက်မှု လူဦးရေ ၇၃၀၀၀ ကျော်ဝင်ရောက်ခဲ့တာကို တွေ့ရပြီး ၂၀၁၇ ခုနှစ်မှာတော့ ပြည်ပဧည့်သည် ၉၇၀၀၀ ကျော်ထိ တိုးတက်လာခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာ ဧည့်သည်ဝင်ရောက်မှုပြန်ကျသွားခဲ့ပြီး ပြည်ပဧည့်သည်ဦးရေ ၇၈၀၀၀ ဝင်ရောက်ခဲ့ပါတယ်။၂၀၁၉ ခုနှစ်မှာ ပြည်ပဧည့်သည်ဦးရေ ၁၆၀၀၀၀ ကျော်ထိ နှစ်ဆနီးပါးကျော် ဝင်ရောက်လာခဲ့ပါတယ်။၂၀၂၀ခု နှစ် ကိုဗစ်မဖြစ်မီ ထိ ပြည်ပဧည့်သည် ၃၄၀၀၀ လူဦးရေ အထိ ဝင်ရောက်လာခဲ့တယ်လို့ စစ်ကိုင်းတိုင်းဟိုတယ်ခရီးညွန်ကြားမှုဦးစီးဌာနရဲ့စာရင်းတွေအရ သိရပါတယ်။
စစ်ကိုင်းတိုင်းဆိုတာ အမြဲတမ်းကပ်ကျော်မြို့ဖြစ်နေပြီး မန္တလေး က နေ သွားရောက်လည်ပတ်သူတွေက နေ့ချင်းပြန် နဲ့ မင်းကွန်းဒေသ စေတီပုထိုးတွေဆီကို သွားရောက်ဖူးမြှော်ပြီး ပြန်လှည့် ကြတာမို့ စစ်ကိုင်းမြို့ထဲမှာ ညအိပ်ခရီးသွားဆိုတာအင်မတန်ကို နည်းပါးခဲ့တယ်လို့ ပြည်တွင်းခရီးသွား ဝန်ဆောင်မှု ပို့ဆောင်ပေးနေတဲ့ဦးမျိုးကြီး က ဆိုပါတယ်။
စစ်ကိုင်းတိုင်းရဲ့ လမ်းပန်း ဆက်သွယ်ရေးဟာ အရင်က ခက်ခဲခဲ့ပေမယ့် လက်ရှိငါးနှစ်တာ ကာလအတွင်းမှာ လမ်းပန်းဆက်သွယ်ရေးကို တိုင်းအစိုးရက အဓိက လုပ်ဆောင်လာခဲ့တာကို တွေ့မြင်ရပါတယ်။ အထူးသ ဖြင့် ၁၈ လမ်းသွား ရွှေဘို မြစ်ကြီးနားလမ်းကားလမ်းဟာ တိုင်းအစိုးရ ရဲ့ အဓိက ကြိုးစားမှု ရလာဒ်တစ်ခုကို တွေ့မြင်ခဲ့ရတယ်လို့ စစ်ကိုင်းတိုင်း ဒေသဆိုင်ရာခရီးသွားလာရေးကော်မတီ တွဲဘက်အတွင်းရေးမှူးဦးသန်းဌေး က ဆိုပါတယ်။
” စစ်ကိုင်းမှာ ပိုက်ဆံရှိတဲ့သူတွေက သေချာ ကိုလာပြီး ရင်းနှီးမြှုပ်နံမယ်ဆိုရင် စစ်ကိုင်းတိုင်းထဲပြည်ပခရီးသွားတွေ တအားကို တိုးတက်လာစေမှာပါ။ မင်းကွန်းကို လာတာက ဥရောပသားတွေအများဆုံးလာရောက်လည်ပတ်ကြတယ်။ စစ်ကိုင်းတောင်တို့ဆွမ်းဦးပုညရှင်တို့။ ဥမင်သုံးဆယ်တို့ ဥမင်ကိုးဆယ်တို့ ရွှေကျောင်းတွေ ဒါတွေကလည်း စစ်ကိုင်းတိုင်းထဲမှာရှိနေတာ။ ရုပ်ပွား တော် အမြင့်ဆုံး ရပ်တော်မူကလည်း မုံရွာမှာ ရှိတာ။ ပြည်ပခရီးသွားတွေ အလွန်ကိုစိတ်ဝင်စားတဲ့ ဖိုလ် ဝင်တောင် ကလည်း စစ်ကိုင်းတိုင်းထဲမှာရှိနေတာ။ဒါ့အပြင် နိုင်ငံခြားသား စိတ်ဝင်စားစေမယ့်အရာတွေလည်း ကသာမှာရှိနေတာ”ဟု ဦးအောင်သူဦး က စစ်ကိုင်းတိုင်းဒေသကြီးရဲ့ထင်ရှားလှတဲ့ ခရီးသွားဒေသ တွေကို ရှင်းပြပါတယ်။
သို့သော်လည်း ခရီးသွားဒေသအရင်းအမြစ် တွေ များစွာ ရှိသော်လည်း ပြည်တွင်းခရီးသွားကုမ္ပဏီတွေက ခရီးစဥ် လမ်းကြောင်း ရေးဆွဲရောင်းချတာကတော့ အင်မတန် ကို နည်းပါးပါသေးတယ်။
“ခရီးသွား လုပ်ငန်းလုပ်တဲ့တစ်ချို့တွေက ခရီးစဥ် သစ်ကို ဒေသအာဏာပိုင်တွေနဲ့ ဆက်စပ်ပြီးတော့ ခရီးစဥ်သစ်တွေကိုမရေးဆွဲပဲနဲ့ တစ်ခါလာလည်း ပုဂံ။ တစ်ခါလာလည်း တောင်ကြီး။ တစ်ခါလာလည်း မန္တလေး ဒီကို ပို့ပေးလို့လား။ တကယ်တမ်းဖြင့် ခရီးစဥ် အနေအထားနဲ့ဆွဲမယ် သွားမယ်ဆိုရင် စစ်ကိုင်းတိုင်း ထဲမှာ ခရီးစဥ် ဆွဲ ပြီးသွားလို့ရတဲ့နေရာတွေ အများကြီး ရှိပါတယ် ။ စစ်ကိုင်းတိုင်းနဲ့ပတ်သက်ပြီး ထိထိမိမိ ဘယ်သူမှ မလုပ်ခဲ့ဖူး။ဘယ်သူမှ စိတ်ဝင်စားမှု လည်းမရှိခဲ့ဘူး။ စစ်ကိုင်းတိုင်းထဲမှာရှိတဲ့ မင်းကွန်းကိုလည်း မားကတ်တင်းလည်းမလုပ်ဖူး သိအောင်လည်းမပြောဘူး။ စာအုပ်တွေလည်းမထုတ်ဖူး။ ဂျာနယ်လစ်တွေလည်း မပြောဘူး။ ဒီအစိုးရလက်ထက်မှာ ဝန်ကြီးချုပ်နဲ့ဝန်ကြီးတွေက ခရီးသွား နဲ့ပတ်သက်လာပြီး ခရီးသွားတစ်နေရာ ကို အောင်မြင်လိုက်မယ်ဆိုရင် အဲဒီမှာ ရှိတဲ့ ဒေသလူတွေအားလုံးက အဆင်ပြေမယ်ဆိုတာကို သိသွားကြတယ်။ ရှင်းရှင်းပြောရရင် ဟိုတယ် တည်းခိုရိပ်သာပဲ ပိုက်ဆံရတာမဟုတ်ပါဘူး။ အဲဒီမှာရှိတဲ့ဆိုက်ကားသမားလည်းရတယ်။မြင်းလှည်းသမားကော။ စျေးသည်ကောအကုန်ရတယ်။ နောက်တစ်ခါ လက်မှုပစ္စည်းရောင်းတဲ့သူတွေ လည်းရတယ်။ကားနဲ့သွားရင်ကားလမ်းကြောင်းမှာရှိတဲ့စားသောက်ဆိုင်တွေလည်းရတယ်။ အဲဒါတွေကို သိလို့ ဒီအစိုးရလက်ထက်မှာ အတင်းကို Guideလုပ်လို့ လူသိများလာကြတာ”လို့ ဦးအောင်သူဦး က ပြောပြပါတယ်။
ဒါ့အပြင် စစ်ကိုင်းတိုင်းအတွင်း စိုက်ပျိုးရေးကို အခြေ ခံတဲ့ Agriculture Tourism ကိုလုပ်ကိုင်ရန်လည်း လိုအပ်တယ်လို့ဆိုကြ ပါတယ်။
“စိုက်ပျိုးရေးနဲ့ တွဲလုပ်ရမယ်။ ကျွဲကူးရေပါ ဆိုသလို Agriculture Tourism ပုံစံမျိုး လုပ်ရင်လည်း ရနိုင်မယ်”လို့ ဦးအောင်သူဦး က ပြောပြပါတယ်။ ဒါ့အပြင် ဒေသတွင်း အခြေ ခံအဆောက်အဦအပိုင်းမှာဆိုရင်လည်း အရင်က ဟိုတယ်နဲ့တည်းခိုခန်း ၂၁ လုံးကနေ ၅၈ လုံးထိ တိုးတတ်ရင်းနှီးမြှုပ်နှံလာခဲ့ကြပါတယ်။
စစ်ကိုင်းဒေသကြီး အတွင်း ခရီးသွားများ ဆွဲဆောင်နိုင်ရေးအတွက် ရက်သတ္တပတ်ခရီးစဉ်တစ်ခုကို လည်း တိုင်းအစိုးရက ခရီးသွား ကဏ္ဍမြှင့်တင်ဖို့ ဖော်ဆောင်ပေးခဲ့ပါသေးတယ်။ ဒါ့ပြင် တိုင်းအစိုးရ ကလည်း ဒေသတွင်း ခရီးသွား လုပ်ငန်းတိုးတတ်လာစေဖို့ Myanmar Heritage Trail Tourism Rally ( MHTTR ) ရဲ့ ပူးပေါင်းပြီး နာဂခရီးစဉ် ကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလအတွင်း အကောင်အထည်ဖော်ခဲ့ပါသေးတယ်။
လက်ရှိ တိုင်းအစိုးရလက်ထက်မှာ တော့ ခရီးသွားလုပ်ငန်းနဲ့ပတ်သက်ပြီး ထင်ထင်ရှားရှား လုပ်ဆောင်ခဲ့တဲ့ ခရီးစဥ် ဒေသတွေ ရှိပါတယ်။ အဲဒီထဲက ထင်ရှားတဲ့ ခရီးစဥ် ဒေသ တစ်ခု ကို ကြည့်မယ်ဆိုရင် ဗန်းမောက်မြို့နယ်ထဲက ဇလုံတောင် ခရီးစဥ် ဒေသကို အကောင် အထည် ဖော်ဆောင်နိုင်ခဲ့ပါတယ်။
ဒီခရီးစဥ် ဒေသအသစ်ကို ဦးဆောင်ဖော်ဆောင် ခဲ့တဲ့အပိုင်းမှာလိုအပ်တဲ့ အခြေခံအဆောက် အဦတွေကို ကြိုတင် မပြင်ဆင်ပဲ ခရီးစဥ်သစ် ကို အရင်ဖော်ဆောင်ခဲ့တဲ့အတွက် အဆင်မပြေမှုတွေဖြစ်ခဲ့ရပြီး နောက်ပိုင်း ဇလုံတောင် မှာ ခမိုးယာဥ်ရပ်နားစခန်းတွေ တည်းခိုစရာနေရာတွေကို ဖန်တီးပေးပြီးတဲ့အခါ ဇလုံတောင် ကိုလာရောက်ကြတဲ့ဧည့်သည်အရေအတွက်ဟာ သုံးသိန်းကျော်ထိ ရောက်ရှိလာခဲ့ပါတယ်။ ဇလုံတောင်ဖြစ်စဥ်ကို ကြည့်ပြီး တိုင်းအစိုးရ ဟာ ခရီးသွားလုပ်ငန်းသဘောသဘာဝကို နားလည်သွားခဲ့ပြီး ခရီး စဥ်ဒေသကို အရင်ဖော်ဆောင်တာထက် အခြေခံ အဆောက်အဦတွေကို အရင်ပြည့်စုံအောင် ဖော်ဆောင်ဖို့လိုတယ်ဆိုတာကို တိုင်းအစိုးရ နားလည်သွားခဲ့ရတယ်လို့ ဦးအောင်သူဦး ကဆိုပါတယ်။
ဒါ့အပြင် စစ်ကိုင်းတိုင်းရဲ့ အထင်ကရနေရာတွေကို အချက်အလက်ပေးဖို့ Information Access Center ကိုလည်း ဖော်ဆောင်နိုင်ခဲ့ပါသေးတယ်။ တိုင်းအစိုးရလက်ထက်မှာ ဒေသတွင်း ခရီးသွားလုပ်ငန်းတွေ တိုးတက်လာစေဖို့ ခရီးသွားလုပ်ငန်းနဲ့ ဆိုင်တဲ့ လိုအပ်တဲ့နေရာတွေမှာ သုံးစွဲဖို့ နှစ်စဉ် တိုင်း ဘက်ဂျက် သန်း၂၀၀ လျာထား သုံးစွဲခဲ့တာဟာ ပြည်နယ်နဲ့တိုင်းတွေရဲ့ကြားမှာ ပထမဆုံး ခရီးသွား ဘတ်ဂျတ်ကို သုံးစွဲနိုင်ခဲ့တဲ့ တိုင်းတစ်ခု အဖြစ် တွေ့ရပါတယ်။ စစ်ကိုင်းတိုင်းထဲမှာရပ်ရွာအခြေပြုခရီးသွားလုပ်ငန်း တွေတိုးတတ်လာစေဖို့ CBT သုံးခုကိုလည်း တိုင်းအစိုးရ ကဖော်ဆောင်ခဲ့ပါသေးတယ်။ နွယ်ငြိမ်း CBTရယ် ဇလုံတောင် CBTရယ်
အင်ဒေါင်း CBT တို့ဖြစ်ပါတယ်။
ဒါပေမယ့် နွယ်ငြိမ်း CBT က အောင်မြင်ဖို့ အားနည်းနေတာမို့ အင်ဒေါင်း CBTနဲ့တွဲဖက်ပြီး ခရီးသွား ဧည့်သည် တွေကို ချိတ်ဆက်ယူနေရတဲ့ အနေအထားပဲ ရှိနေပါသေးတယ်။ ကိုဗစ် ပြီးသွားခဲ့ရင် နွယ်ငြိမ်းCBTကို အခြေ ခံပြီး ဟန်လင်း မြို့ဟောင်း ရှိမ်းမကား အင်ဒေါင်းCBT စတဲ့နေရာတွေကို ခရီးစဥ် တစ်ပတ် ပုံစံဆွဲနိုင်ဖို့ ကြိုးစားနေပါတယ်လို့ ရွှေဘိုဟိုတယ်ဇုန် ဥက္ကဋ္ဌ ဦးအောင်ကြီး က ပြောပြပါတယ်။
“တောတောင်ရှုခင်းတွေနဲ့လှပတဲ့နေရာတွေကိုသွားဖို့ဆိုရင် ကသာခရိုင် ကောလင်း ခရိုင် တွေသွားရင် တွေ့မြင်ရမှာပါ။ တောင်ယာစိုက်ပျိုးနည်းတွေ လှေကားထစ်တစ်ချို့ကြည့်ချင်ရင် နာဂဒေသဘက် သွားကြည့်လို့ရပါတယ်”လို့ တိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားကော်မတီ အဖွဲ့ဝင် ဦးသန်းဌေး က ဆိုပါတယ်။
ယဥ်ကျေးမှုအမွေအနှစ်တွေ ပေါများလှတဲ့ စစ်ကိုင်းတိုင်းတွင်းမှာ စိတ်ဝင်စားစရာ လည်ပတ်စရာ လေ့လာစရာတွေ များပြားလှပါတယ်။ ဒီလို များပြားလှတဲ့ ဒေသတွင်းမှာဟိုတယ်နဲ့ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ဖို့ ခရီးသွားဇုန် ၆ဇုန်ကို ၂၀၁၇ ခုနှစ်မှာ သတ်မှတ် ဖော်ဆောင် ခဲ့ပါတယ်။
စစ်ကိုင်းဇုန် ထဲမှာဆိုရင် ခရီးသွားတွေ ရောက်ကြတဲ့စစ်ကိုင်းတောင်၊ မင်းကွန်း ပုထိုးတော်ကြီး၊ရာဇမဏိစူဋ္ဌာ ကောင်းမှုတော်စေတီတော် ၊ကနောင်မင်းသားကြီးရဲ့ သံရည်ကြိုစက်ရုံ၊ ကုန်ဘောင်းခေတ်ပြယုဂ် အစေခံခံတပ်၊အဏုဇီဝစိမ်းပြာရေညှိ ထုတ်လုပ်ရာ ရေခါးအင်း ၊ရွာထောင်ရွာမှာ ရှိတဲ့ငွေထည်လက်မှုပညာလုပ်ငန်းတွေနဲ့ ဧရာဝတီမြစ် အတွင်းအပျော် စီး သင်္ဘောခရီးစဉ်တွေကို ရွေးချယ် လည်ပတ်လေ့လာနိုင်ပါတယ်။
မုံရွာဇုန် ထဲမှာ ဆိုရင် ထင်ရှားလှတဲ့ ကျောက္ကာရွှေဂူနီဘုရားနဲ့ ယွန်းထည်လုပ်ငန်းတွေ မိုးညှင်းသမ္ဗုဒ္ဒေဘုရား၊ ဗောဓိတစ်ထောင်ရှိ ကမ္ဘာ့အမြင့်ဆုံးရပ်တော်မူ ဘုရား ၊ဘုတလင်နယ်ရှိ ညောင်ကန် ကြေးခေတ်ပြကွက်တွေ၊ ညောင်ရမ်းခေတ် ကျောက်ထွင်းဇာတ်နိပါတ်
တွေကိုလည်းလေ့လာနိုင်ပါသေးတယ်။ ဒါ့အပြင်စိမ်းပြာရေညှိထုတ်လုပ်တဲ့ တွင်းတောင် ၊ယင်းမာ ပင်နယ်မှာ ရှိ တဲ့ ဖိုလ်၀င်တောင်၊ အလောင်း တော်ကဿဖ အမျိုးသား ဥယျာဉ်၊ ကနီနယ်မှာရှိတဲ့ မီးတောင်ဟောင်းနေရာတွေဖြစ်ကြတဲ့ တွင်းမတွင်းနဲ့ တောင်ပျောက်တွင်းတွေ လေ့လာစရာမကုန်နိုင်တဲ့ ခရီးစဥ် နေရာတွေဖြစ်ပါတယ်။ မုံရွာမြို့ပေါ် နှစ်ညအိပ် သုံးရက်အချိန်ပေးရုံနဲ့ ရောက်ရှိနိုင်မှာ ဖြစ်ပါတယ်။
ရွှေဘိုဇုန် ရဲ့ဧရိယာအတွင်းမှာဆိုရင် အလောင်းမင်း တရားကြီးဦးအောင်ဇေယျရဲ့ နန်းတော်၊ ပြဿဒ်၊ မြေမြို့ရိုးနဲ့ကျုံးများ၊ ဘုရားစေတီများ၊ရွှေဘိုမြို့၊ ဧရာဝတီမြစ် ကမ်းနံဘေး၊ ကျောက်မြောင်းမြို့၊ နွယ်ငြိမ်းအရပ်ရှိ စဉ့်အိုး၊ စဉ့်ထည် လုပ်ငန်းတွေ ဝက်လက်နယ်ရှိ ကမ္ဘာ့ရှေးဟောင်း အမွေအနှစ် စာရင်းဝင် ဟန်လင်းပျူမြို့ဟောင်းနဲ့ ရေပူ/ ရေအေးစမ်းများ ၊ ရှိမ်းမကားရှိ ရွှေသမင်တော ၊ ကန့်ဘလူနယ်ရှိ အင်ကြင်းကျောက် ဖြစ်ရုပ်ကြွင်းတွေ၊ ချပ်သင်းရွှေသမင် ဘေးမဲ့ တော
နဲ့ ဘူမိထူးခြားနယ်မြေဖြစ်တဲ့ ဇင်းတောင် လင်းနို့ဂူ
စတာတွေကို အချိန်ပေးလည်ပတ်နိုင်ပါတယ်။
တိုင်းအစိုးရ ဖော်ဆောင်ခဲ့တဲ့ ဒုတိယခရီးစဥ်သစ်ကတော့ ရွှေဘိုဇုန်ထဲမှာ ပါဝင်တဲ့ ကန့်ဘလူမြို့နယ်ထဲက လင်းနို့ဂူ ပဲ ဖြစ်ပါတယ်။ လင်းနို့ဂူ ဟာ ရွှေဘို-မြစ်ကြီးနားသွားကားလမ်းဘေးမှာ တည်ရှိပြီး ဘူမိဇီဝ သွင်ပြင် ထူးခြားတဲ့ဂူလည်းဖြစ်ပါတယ်။ ဒါ့အပြင် လင်းနို့သန်းချီကျက်စားနေထိုင်သလို တောရိုင်းတိရစ္ဆာန် တွေ ကျက်စားရာ လည်းဖြစ်ပါတယ်။ သစ်မျိုးစုံ လည်း ပေါက်ရောက်ပြီး မျိုးဆက်သစ် ကျောင်းသားကျောင်းသူတွေအတွက် လေ့လာစရာနေရာအဖြစ် သစ်တောပညာပေးစခန်းတွေ ကို တည်ဆောက်ပေးထားကာ သဘာဝ ပတ်ဝန်း ကျင် ထိန်းသိမ်းရေးလုပ်ငန်းတွေကို လုပ်ကိုင်နိုင်စေဖို့ တိုင်းအစိုးရက ဖော်ဆောင်ပေးခဲ့တယ်လို့ ခရီးသွား ကော်မတီ အဖွဲ့ဝင် ဦးသန်းဌေး က ဆိုပါတယ်။
ကသာဇုန် ဟာ ထင်ရှားလှတဲ့ ဝိသေသတွေ အများကြီးရှိပါတယ်။ အရှေ့တောင်အာရှမှာ အကြီးဆုံး သင်္ဘော သချိုင်း ရှိခဲ့ရာမြို့ အဖြစ် ရှိနေပြီး ကိုလိုနီခေတ်က အရေးပိုင်မင်းတွေရဲ့ အိမ်တွေ ရုံးစိုက်ခဲ့တဲ့ မြို့ ဖြစ်ခဲ့တာကလည်း ထူးခြားလှတဲ့အချက်တွေပါပဲ။နိုင်ငံခြားသား ဧည့်သည်တွေရဲ့ ပါးစပ်ဖျား မှာ ကသာကို ပြောစမှတ်ပြုပြီး ပြည်တွင်းခရီးသွား တွေကြားမှာ မေ့လျော့ခံ နေခဲ့ရတဲ့ မြို့ အဖြစ် ရှိနေဆဲပါ။ ကသာမှာ ကမ္ဘာကျော် စာရေး ဆရာကြီး ဂျော့ချ်အော်ဝဲလ် နေထိုင်ခဲ့တဲ့ အိမ်ရယ်၊ အင်္ဂလိပ်အရေးပိုင်တို့ရဲ့ ကိုလိုနီခေတ်အိမ် ၁၂ လုံး၊ နတ်ပေါက် ဆင်စခန်း၊ ဖက်ဆွတ် သစ်တော စခန်းအင်းတော်နယ်မှာရှိတဲ့ ဂျပန်မြေအောက် ဆေးရုံ၊ ဗိုလ်ချုပ်ဝင်းဂိတ်ရဲ့ ချင်းဒစ်တပ်ရှိရာ မော်လူး White City ခံတပ်၊ အင်းတော် အင်းလေး အိုင်နှင့် ကျောက်စိမ်းတွင်းများ ၊မန်လည်ဆရာတော်ဘုရားကြီးရဲ့ ကျောင်းတော် ရာနှင့် ဆရာတော်ဘုရားကြီးရဲ့ ရုပ်ကလပ်တော်၊ ဗန်းမောက်နယ်ရှိ တဲ့ ဇလုံတောင်၊ ဗန်းမောက်နဲ့ ကောလင်းမြို့
မှာ ရှိတဲ့ကျွန်းသစ်ပင်တွေ စတဲ့ ပြည်တွင်းပြည်ပစိတ်ဝင်စားစရာ လည်ပတ်စရာနေရာတွေ ရှိပါတယ်။
ကလေးဇုန်ဟာ ချင်းပြည်နယ် ခရီးသွား လုပ်ငန်းတွေနဲ့ဆက်စပ်နေပြီး ရာဇဂြိုလ်ဆည်နဲ့ အိန္ဒိယနယ်စပ်တမူးမြို့ကို သွားရောက် လည်ပတ် နိုင်တဲ့ဒေသတစ်ခုပါ။ ပြောင်ဘုတ်လမ်းကနေ တဆင့် ကဘော်ချိုင့်ဝှမ်း လွင်ပြင်ကြီးကို ကြည့်ရှုနိုင်ပြီး လက်ဆေးကန်နဲ့ ပျားစွဲဆင်စခန်း၊ မော် လိုက်မြို့မှာရှိ တဲ့ မြန်မာနိုင်ငံ၏ ပထမဦးဆုံးဂေါက်ကွင်းနဲ့ ကိုလိုနီ အဆောက်အဦးတွေ၊ကလေးဝနယ်မှာရှိ တဲ့ ကျောက်မီးသွေးတွင်းတွေ
မဟာ မြိုင်တောကိုဖြတ်ပြီး ရွှေဘို မြို့နဲ့ မုံရွာမြို့ကိုလည်း ကလေးဒေသကနေ တဆင့် သွားရောက်နိုင်ပါတယ်။
ခန္တီးဇုန် ဆိုရင် နန်စီဗွန်ကျေးရွာအနီးကျောက်စိမ်းထွက်ရှိရာ ခန္တီးရတနာမြေ တည်ရှိရာ ဒေသတစ်ခုဖြစ်ပါတယ်။ ထူးခြားလှတဲ့ နာဂဒေသဖြစ်တဲ့ လဟယ်မြို့နဲ့ နန်း ယွန်းမြို့တွေကို သွားလာနိုင်ပြီး နန်းယွန်းမြို့နယ် ပန်ဆောင်မြို့ထဲမှာ ရှိတဲ့ Lake of No Return ရေကန်ရယ် ဒေါ်ခင်ကြည် ရိပ်သာတို့ကို လည်ပတ်နိုင်ပါတယ်။ ဒါ့အပြင်လူကနေ ကျားဖြစ် ကျားကနေ လူပြောင်းကြတဲ့ ဆိုရိုး စကားတွေရှိတဲ့ ထမံသီဘေးမဲ့တောကို ဝင်ရောက် လေ့လာနိုင်ပြီး ထိုမှတဆင့် နာဂဒေသ လေရှီးမြို့ဆီကို သွားရောက်လည်ပတ်နိုင်ပါတယ်။ နာဂတောင်တန်းတွေဟာ ပြည်တွင်းခရီးသွား လည်ပတ်တဲ့ သူ နည်းပါးသေးတဲ့ တောင်တန်းတွေဖြစ်ပါတယ်။ နာဂလူမျိုးတွေရဲ့ရိုးရာဓလေ့ ယဥ်ကျေးမှု တွေကို သွားရောက် လေ့လာနိုင်သလို ချင်းတွင်းမြစ်ရဲ့လှပတဲ့ မြစ်ကြောင်းတစ်လျှောက်ရဲ့ လှပမှုတွေကို မြင်ရပြီး စစ်ကိုင်းတိုင်းရဲ့ တစ်ခုတည်း ရေခဲတောင်ဖြစ်တဲ့ စာရာမေတိတောင်ကိုလည်း အဝေးကနေ မြင်တွေ့ခွင့် ရပါအုံးမယ်။ တကယ်တော့ စစ်ကိုင်းတိုင်းဟာ လည်ပတ်စရာ မကုန်ခမ်းနိုင်တဲ့ ရတနာ တွေ များစွာရှိတဲ့ မြို့တော် တစ်ခုပါပဲ။
ဒါ့အပြင် စစ်ကိုင်းတိုင်းရဲ့ ထူးခြားမှု တစ်ခုကိုတိုင်းအစိုးက ကနဦး ဖော်ဆောင်ခဲ့ပါသေးတယ်။
အိန္ဒိယ ကို တိုက်ရိုက်ပေါက်တဲ့ တမူးနယ်စပ်ဂိတ် ရှိတာမို့ စစ်ကိုင်းတိုင်းရဲ့ ခရီးသွား လုပ်ငန်း တိုးတတ်လာစေဖို့ စရိတ်နည်းနည်းနဲ့ဗုဒ္ဓ ဂယာ ကို သွားရောက်နိုင်စေဖို့
မြေပြင်ကွင်းဆင်းတစ်ကြိမ်သွားရောက်ခဲ့ပါသေးတယ်။ တကယ်လို့ သာ တမူးနယ်စပ်ကနေ ဂယာကို သွားရောက်နိုင်မယ်ဆိုရင် စစ်ကိုင်းတိုင်းရဲ့ ခရီးသွား လုပ်ငန်းဟာ တိုးတတ်လာစေမှာဖြစ်တယ်လို့ ဒေသတွင်း ဟိုတယ်လုပ်ငန်းရှင်တွေက ယုံကြည်ထားကြပါတယ်။ ဒီဖြစ်စဥ်ကြောင့် စစ်ကိုင်းတိုင်းထဲ ဒေသခရီးသွားကုမ္ပဏီငယ်လေးတွေ
ဖွင့်လာခဲ့ကြပါတယ်။
” ဘာလို့လည်းဆိုတော့ ကျွန်တော်တို့ဆီက လမ်းပန်း ဆက်သွယ်ရေးပဲဗျ။ ပွင့်ပွင့်လင်းလင်းပြောရရင် ပြီးခဲ့တဲ့ တောက်လျောက် တစ်ခုလုံး မလုပ်ခဲ့ကြတော့ကျွန်တော်တို့ လက်ထက် အခုကျမှ လမ်းပန်း က စနေရတာဖြစ်နေတာ။ ကုန်သွယ်ရေးတွေ ခရီးတွေသွားတာကလည်း
ဒါလည်းခရီးသွားလုပ်ငန်းပဲ။ လမ်းပန်းဆက်သွယ်ရေး တွေ ကောင်းမွန်လာမယ်ဆိုရင် ဒေသဖွံ့ဖြိုးရေးတွေက တိုးတက်လာမယ်။ခရီးတွေပိုသွားလာကြမယ်။ ခရီးသွား လုပ်ငန်းတွေကနေ လမ်းတွေကိုလိုက်ပြီးနှိုးဆော်ကြတဲ့အခါမှာ အခုလိုဖြစ်လာတာ။ ဒါမို့ တိုင်းအစိုးရက ဘတ်ဂျတ် သန်း၂၀၀ကို သုံးစွဲခဲ့တာ။ ကျွန်တော်တို့ခရီးသွားကော်မတီက မသုံးခဲ့ဘူးနော်”လို့ စစ်ကိုင်းတိုင်းခရီးသွားကော်မတီ အဖွဲ့ဝင် ဦးသန်းဌေး က ဆိုပါတယ်။
လေးနှစ်ကျော် ငါးနှစ်နီးပါးထိ ၂၀၁၆ ခုနှစ်ကနေ ၂၀၂၀ မတ်လထိ တိုင်းဒေသကြီး အတွင်း ပြည်တွင်း ဧည့်သည်ဝင်ရောက်တည်းခိုမှု ဦးရေမှာ စာရင်းအရကြည့်ရင် ၆၉၁၄၄၁ ဦးရေ ဝင်ရောက်လာခဲ့ပါတယ်။ ပြည်ပဧည့်သည် ဝင်ရောက်တည်းခိုမှုကတော့၂၀၁၆ခု နှစ်ကနေ ၂၀၂၀ မတ်လထိ ၁၁၆၇၄၂ ဦးရေ ဝင်ရောက်လာခဲ့တာကို တွေ့မြင်ရမှာဖြစ်ပါတယ်။
ခရီးသွား ဝင်ရောက်မှု တွေကိုကြည့်မယ်ဆိုရင် မည်သို့ပင်ဆိုစေ ဒေသတွင်းခရီးသွားဧည့်သည်ဝင်ရောက် မှုပမာဏကတော့ နည်းပါးလွန်းပါသေးတယ်။ ဒါကြောင့် မို့ ဒေသတွင်း ခရီးသွား ဇုန်တွေအပြင် မပျက်စီးသေးတဲ့ သဘာဝ အခြေခံ တော တောင် တွေ ၊ မြို့နယ် တိုင်း မှာ အထင် ကရ သမိုင်းဝင် တန်ခိုးကြီး ဘုရားတွေ ၊ ဒေသ ဓလေ့ပေါင်းစုံ ရိုးရာယဥ်ကျေးမှု ပေါင်းစုံ တည်ရှိသလို အထင် ကရ ပွဲတော်တွေလည်း များစွာ ရှိပါတယ်။
ကပ်ကျော် မြို့လို့ ဆိုရပေမယ့် စစ်ကိုင်းတိုင်း ထဲမှာ လည်ပတ်စရာ တွေဟာ မကုန်ခမ်းနိုင်တာမို့ မင်းကွန်းကနေ မြို့စစ်ကိုင်းဆီ ကို လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။