ပလတ်စတစ်အမှိုက်နှင့်ခရီးသွားလုပ်ငန်း

စည်သူကျော် ၂၀၁၉ ခုနှစ် အောက်တိုဘာလအတွင်းက မွန်ပြည်နယ် မော်လမြိုင်မြို့သို့ တာဝန်ဖြင့် သွားရောက်ခဲ့ရသည်။ မော်လမြိုင်သို့ရောက်ရှိခိုက် မရောက်ဖြစ်တာကြာပြီဖြစ်သော ကျိုက္ခမီ ရေလယ်ဘုရားနှင့်စက်စဲကမ် ...

စည်သူကျော်

၂၀၁၉ ခုနှစ် အောက်တိုဘာလအတွင်းက မွန်ပြည်နယ် မော်လမြိုင်မြို့သို့ တာဝန်ဖြင့် သွားရောက်ခဲ့ရသည်။ မော်လမြိုင်သို့ရောက်ရှိခိုက် မရောက်ဖြစ်တာကြာပြီဖြစ်သော ကျိုက္ခမီ ရေလယ်ဘုရားနှင့်စက်စဲကမ်းခြေသို့ သွားရောက်ခဲ့သည်။ အလုပ်ကိစ္စများပြီးပြတ်၍ နောက်တစ် နေ့ နံနက်စောစောတွင် မော်လမြိုင်မှ ကားဖြင့်ထွက်ခွာလာခဲ့သည်။ မြို့ပြအငွေ့ အသက်များ ခေတ္တခွာချ၍ တောတောင်တို့၏ အရိပ်အာဝါသများ ထုံမွှမ်းရာလမ်းခရီးဖြစ်လေသည်။ ကားလေး က လမ်းတစ်လျှောက် ရာဘာတောများကို တရိပ်ရိပ်ဖြတ်သန်းလာခဲ့သည်။

ကျိုက္ခမီသို့ရောက်လုဆဲဆဲလမ်းတစ်နေရာတွင် မွန်ရိုးရာလုံချည်အနီတီရှပ်အဖြူလေးများ ဝတ်ဆင်ထားသော အလှူခံအဖွဲ့တစ်ဖွဲ့ကိုတွေ့ရလေသည်။အလှူခံအဖွဲ့သည် ထုံးစံအတိုင်းမော် တော်ယာဉ်များကို ရပ်တန့်စေ၍ ချိုသာကြည်နူးစွာ အလှူခံကြလေသည်။ လော်စပီကာမှ သီချင်း သံကလည်း သဒ္ဒါတရားကို နှိုးဆော်လျက်ရှိသည်။ မြန်မာနိုင်ငံတစ်နံတစ်လျားတွင် အလှူခံအဖွဲ့ များတွေ့ရတတ်သည်မှာ အထူးအဆန်းတော့မဟုတ်ချေ။ အလှူခံအဖွဲ့များမှ အလှူရှင်ကားများ၊ ဆိုင်ကယ်များသို့ အချိုရည်၊ ချိုချဉ်များပြန်လည်၍ မေတ္တာလက်ဆောင်ကမ်းကြသည်။ ယခုအလှူ ခံအဖွဲ့သည်လည်း ရောက်လာသမျှတို့အားကြွပ်ကြွပ်အိတ်ဖြင့်ထည့်၍ ပလက်စတစ်ပိုက်ကလေး များတပ်ထားသော အချိုရည်ထုပ်ကလေးများကို နည်းများမဆို လှူဒါန်းသမျှ ပုဂ္ဂိုလ်တို့အား ဖော ဖောသီသီ တုံ့ပြန်ပေးကမ်းဝေငှလျက်ရှိလေသည်။

မိမိတို့ကားလေးအလှူခံအဖွဲ့ကိုလွန်လာသည်နှင့် တွေ့ရသောမြင်ကွင်းက မိမိမျက်စိကိုပင် မိမိမယုံနိုင်အောင်ဖြစ်မိလေတော့သည်။ လမ်းဘေးဝဲယာတစ်လျှောက် ကြွပ်ကြွပ်အိတ်များ၊ ပလပ်စတစ်ပိုက်များကား ဖွေးဖွေးလှုပ်လျက်ရှိလေသည်။

မြန်မာနိုင်ငံတွင် ကြွပ်ကြွပ်အိတ်ဟုခေါ်ဝေါ်ကြသော အရွယ်စုံအိတ်များကို တွင်ကျယ်စွာ သုံးစွဲလျက်ရှိသည်ကို အားလုံးအသိပင်ဖြစ်သည်။ သို့ရာတွင် အဆိုပါအိတ်များသည် သဘာဝ ပတ်ဝန်းကျင်ကိုရေရှည်တွင် ဆိုးရွားစွာထိခိုက်စေသောပစ္စည်းများဖြစ်သည်ကိုတော့ ကျယ်ကျယ် ပြန့်ပြန့် သိရှိသူနည်းပေလိမ့်မည်။

အဆိုပါပလတ်စတစ်အိတ်များသည် Non-degradeble ဟုခေါ်ဆိုသော လွယ်ကူစွာမ ပျက်စီးနိုင်သည့် ပစ္စည်းအမျိုးအစားဖြစ်သောကြောင့်မြေကြီးထဲတွင် နှစ်ကာလရှည်ကြာစွာတည် ရှိပြီး မြေဆီလွှာကိုညစ်ညမ်းစေသည်။ အလားတူရေတွင်လည်းမပျော်ဝင်သောကြောင့် ရေနေ သတ္တဝါများ၏အသက်အန္တရာယ်နှင့် ရေထုသန့်စင်မှုကို ဒုက္ခပေးလျက်ရှိသည်။ ယင်းသို့ ဗြဟ္မာဦး ခေါင်းသဖွယ်ဖြစ်သော ကြွပ်ကြွပ်အိတ်ကို ကမ္ဘာ့နိုင်ငံအသီးသီးတွင် သုံးစွဲခြင်းမပြုကြတော့ချေ။ သို့ရာတွင် မြန်မာနိုင်ငံမှာကား ကုန်ကျစရိတ်သက်သာခြင်း၊ သုံးစွဲရလွယ်ကူခြင်းတို့ကြောင့် အခိုင်အမာအားပေးလျက်ရှိသည်။

ကမ္ဘာပေါ်တွင် ၁၉၆၇ခုနှစ်မှစတင်၍ ပလတ်စတစ် ၉.၁ ဘီလျံတန်ကို ထုတ်လုပ်ခဲ့ရာတွင် ၆.၃ ဘီလျံတန်သည် စွန့်ပစ်အမှိုက်များဖြစ်ခဲ့သည်။ ၎င်းတို့အနက်မှ ၉% ကိုသာ ပြန်လည် အသုံးပြုနိုင်ခဲ့သည်။ သို့နှင့်ပလတ်စတစ်သည်ကမ္ဘာပေါ်တွင် ကာဗွန်ပြီးလျင် သဘာဝပတ်ဝန်း ကျင်ကို အခြိမ်းခြောက်နိုင်ဆုံး အရာတစ်ခုဖြစ်လာသည်။ ခရီးသွားလုပ်ငန်းအနေဖြင့် ထိုပြဿနာ ကို မည်သို့ပြောင်းလဲတားဆီးမည်နည်း။ငြင်းဆိုရန်သာ တစ်ခါသုံးပလတ်စတစ်ကို အသုံးပြုဖို့ ဖြစ်သည်။

ခရီးသွားလုပ်ငန်းသည် ကမ္ဘာ့ အသားတင်ထုတ်လုပ်မှု၏ ၁၀ရာခိုင်နှုန်း၊ အလုပ်အကိုင် (၁၀)ခုတွင် တစ်ခုစသည်ဖြင့် ကမ္ဘာ့စီးပွားရေးကိုအထောက်အကူပြုလျက်ရှိသကဲ့သို့ ပလတ်စ တစ်စွန့်ပစ်မှု၊ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု၊ ရေဆိုးစွန့်ထုတ်မှု စသည်တို့ကြောင့်လည်း သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို ကြီးမားသော ဆိုးကျိုးသက်ရောက်မှု ရှိနေပေသည်။ ခရီးသွား လုပ်ငန်းနယ်ပယ်ကျယ်ပြန့်လာသည်နှင့်အမျှ စီမံခန့်ခွဲနိုင်မှု အားနည်းခြင်းနှင့်အတူခရီးသွားလုပ် ငန်းမှ စွန့်ထုတ်သောအမှိုက်သရိုက်အညစ်အကြေးများသည်ပင်လယ်သမုဒ္ဒရာအတွင်းနှင့် ကမ္ဘာ့ မြေဆီလွှာအတွင်းနိဂုံးကမ္ပတ် အဆုံးသတ်လျက်ရှိနေပေသည်။

ဤနေရာတွင် မေးစရာရှိသည်။ သို့ဖြင့် အဆိုပါ ကြွပ်ကြွပ်အိတ်များကို စနစ်တကျစွန့်ပစ် လျင်ရော။ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်ပါပြီလော။ အဆိုပါ ပလတ်စတစ်အိတ်များသည် လွယ်ကူစွာ သူ့အလိုအလျောက် ဆွေးမြေ့ပျက်စီးခြင်းမရှိသဖြင့် မီးရှို့ဖျက်ဆီးကြသည်။ ယင်းသို့ မီးရှို့ဖျက်ဆီးရာမှ ထွက်ပေါ်လာသော မီးခိုးများသည် အဆိပ်ငွေ့များပင်ဖြစ်သည်။ ကမ္ဘာလေထု ကို ညစ်ညမ်းစေသည်။ ဖန်လုံအိမ်အာနိသင်ရှိပြီး ကမ္ဘာကြီးပူနွေးလာမှုကို ဖြစ်ပေါ်စေပါသည်။

လက်ရှိအချိန်တွင် ကမ္ဘာ့နိုင်ငံ အသီးသီးတွင် ပလတ်စတစ်အိတ်အသုံးပြုမှုကို သိသိ သာသာလျှော့ချလျက်ရှိသည်။၂၀၁၉ခုနှစ် နိုဝင်ဘာလအတွင်းက ဖိလစ်ပိုင်နိုင်ငံ၊ မာကတီသို့ သွားရောက်ခဲ့ရာတွင် စတိုးဆိုင်ငယ်များကအစ စူပါမားကတ်ကြီးများ အဆုံးလမ်းဘေးဈေးသည် များပါမကျန် ကြွပ်ကြွပ်အိတ်ကို လုံးဝအသုံးမပြုတော့သည်ကို သတိပြုမိခဲ့သည်။ ထို့အပြင် တည်းခိုရာ ဟိုတယ်တွင်လည်း ပလတ်စတစ်သောက်ရေသန့်ဘူးကို မထားပေးဘဲ ပလတ်စတစ် ရေဘူးအစား ဖန်ပုလင်းဖြင့် သောက်ရေကို ထားပေးသည်ကိုတွေ့ရှိခဲ့ရသည်။
ထိုင်းနိုင်ငံ၊ ချင်းမိုင်တွင် ဟိုတယ်၌် သွားတိုက်တံ၊ ဘီးစသည့် ပလတ်စတစ် အသုံး အဆောင်ပစ္စည်းများကို ထားပေးမထား။ ဧည့်သည်မှလိုအပ်၍ ရယူလိုလျှင် ဧည့်ကြို ကောင်တာ တွင် တောင်းယူနိုင်သည်။ နေ့တဓူဝ အသုံးအဆောင်ပစ္စည်းများကို ယင်းသို့ကန့်သတ်လိုက်ခြင်း ဖြင့် သဘာဝပတ်ဝန်းကျင်အတွက် စွန့်ပစ်ပစ္စည်းများ လျော့ကျသွားသလို ဧည့်သည်အတွက် ဖြည့်တင်းပေးရသည့် ကုန်ကျစရိတ်ကိုလည်း လျှော့ချပြီးသားဖြစ်သွားသည်။

မြန်မာနိုင်ငံတွင်မတော့ ဟိုတယ်များတွင် အခမ်းအနားတစ်ခုပြီးတိုင်း စွန့်ပစ်ရသည့်ရေ သန့်ဗူးများကား ကြောက်ခမန်းလိလိ၊ ထို့ပြင်တဝ အဝေးပြေးကားများပေါ်တွင် လိုလိုမလိုလိုအ သုံးပြုရန်ပေးထားသည့်ကြွပ်ကြွပ်အိတ်များ၊ စားသောက်စရာနှင့် လက်ဆောင်ပစ္စည်းများထုပ်ပိုး ရန်အတွက် ပလတ်စတစ်အိတ်များ။ ယခင်ကတော့ကြွပ်ကြွပ်အိတ်အသုံးပြုမှုလျှော့ချဖို့ ပညာပေး ဇာတ်လမ်းတိုလေးတွေရုပ်မြင်သံကြားမှာလာတာတွေ့ရသည်။

Refuse- ကြွပ်ကြွပ်အိတ်ဖြင့် ထုပ်ပိုးပေးခြင်းကို ငြင်းဆိုဖို့၊ ယခုနောက်ပိုင်းတွင် ချည် ထည်အိတ်များကို ခရီးစဉ်ဒေသများတွင် အမှတ်တရပစ္စည်းများအဖြစ်ရောင်းချပေးရာ ကြွပ်ကြွပ် အိတ်ဖြင့်ထုတ်ပိုးပေးခြင်းကို ငြင်းဆို၍ ၎င်းအိတ်များဖြင့်သယ်ဆောင်သွားပါက ပတ်ဝန်းကျင်ညစ် ညမ်းမှုကို လျော့ကျစေပြီး ဒေသခံများ၏ ဝင်ငွေတိုးတက်ရရှိရေးကို အထောက်အကူပြုသည်။

Reuse- ပြန်လည်အသုံးပြုဖို့၊ ကြွပ်ကြွပ်အိတ်၊ ရေသန့်ဗူးစသည့် ပလတ်စတစ်အသုံးအ ဆောင်ပစ္စည်းများကို တစ်ကြိမ်တစ်ခါသာ အသုံးပြုခြင်းထက် အကြိမ်ကြိမ်ပြန်လည်အသုံးပြုခြင်း၊ သောက်သုံးပြီးရေသန့်ဗူးအခွံများကိုစွန့်ပစ်ခြင်းမပြုဘဲအကြိမ်ကြိမ်ရေပြန်လည်ဖြည့်တင်းသောက် သုံးခြင်း၊ သွားတိုက်တံများကိုပြန်လည်အသုံးပြုခြင်း။ဗြိတိန်တွင် အများသုံးရေသန့်ပိုက်ခေါင်းများ ကိုလူစည်ကားရာနေရာများတွင် ထားရှိပေးခြင်းဖြင့် ခရီးသွားများအနေဖြင့် ၎င်းတို့၏ရေပုလင်း၊ ရေဗူးများတွင် ရေပြန်လည်ဖြည့်တင်းသောက်သုံးနိုင်သည်ဖြစ်ရာ ပလတ်စတစ်ရေဗူးအသုံးပြုမှု ကို လျှော့ချပစ်သည့်လုပ်ဆောင်ချက်တစ်ခုဖြစ်သည်။
Reduce – လျှော့ချအသုံးပြုဖို့၊ ပလတ်စတစ်ထုတ်လုပ်မှုနှင့်သုံးစွဲမှုကိုလျှော့ချရန်၊ ပလတ်စတစ်သုံးစွဲရန်မလိုအပ်သော နေရာများတွင် ကြွပ်ကြွပ်အိတ်ကို မသုံးဘဲ အခြားအစားထိုး ထုပ်ပိုးမှှုကို အသုံးပြုရန်၊ မြန်မာနိုင်ငံတွင် ကုန်ပျော့၊ ကုန်မာ၊ အိမ်သုံးကုန်၊ စားသောက်ကုန် အရည်အဖတ်ကအစ အညစ်အကြေးစွန့်ပစ်မှှုအထိ ကြွပ်ကြွပ်အိတ်ကို သုံးစွဲလျက်ရှိရာ လျှော့ချပစ်ရန် ကျိန်းသေပေါက်လိုအပ်သည်။

Recycle- အခြားအသုံးပြုနိုင်သောပစ္စည်းများအဖြစ် ပြောင်းလဲအသုံးပြုခြင်း။ ကော်ဖီမစ် အိတ်အခွံများဖြင့်ဖျာငယ်များ၊ လက်ကိုင်အိတ်များပြုလုပ်၍ အမှတ်တရပစ္စည်းအဖြစ်ပြန်လည် ရောင်းချသည်ကို ဟိုတယ်တစ်ချို့တွင်တွေ့ရှိရသည်။ ယင်းကဲ့သို့ စွန့်ပစ်ပစ္စည်းကို ပြန်လည်ပြု လုပ်အသုံးချခြင်းဖြင့် ပတ်ဝန်းကျင်ထိခိုက်မှုကိုသက်သာစေမည်ဖြစ်သည်။

ပလတ်စတစ်အန္တရာယ်ကား ခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခြိမ်း ခြောက်မှုတစ်ခုဖြစ်သည်မှာ အငြင်းပွားဖွယ်မရှိပေ။ ခရီးသွားလုပ်ငန်းကိုနိုင်ငံစီးပွားရေးအတွက် အားထားရသော ကျွန်းနိုင်ငံငယ်လေးများသည် ခရီးသွားလုပ်ငန်းမှ စွန့်ပစ်အမှိုက်များကြောင့် အကျိုးသက်ရောက်မှုများခံစားလာရသည်။ စွန့်ပစ်အမှိုက်များကြောင့်သဘာဝပတ်ဝန်းကျင်အလှ အပကိုအကျည်းတန်အရုပ်ဆိုးစေသည်ဖြစ်ရာ ခရီးသွားဆွဲဆောင်မှုကိုလျော့ကျစေသည်။ ထို့ ထက်ဆိုးသည်ကား ရေရှည်ဆက်သွားပါက သဘာဝပတ်ဝန်းကျင် အဖတ်ဆယ်မရအောင်ပျက်စီး သွားစေနိုင်ခြင်းပင်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ပလတ်စတစ်အိတ်၊ ဖော့ဗူးနှင့်ရေသန့်ဗူးတို့ကို အစားအသောက်နှင့် ကုန် ပစ္စည်း လက်လီရောင်းချသောနေရာများတွင်ရောင်းသူရော ဝယ်သူပါလှိုင်လှိုင်သုံးလျက်ရှိသည်။ အချို့ ကား တစ်အိတ်မလောက်၍ နှစ်အိတ်တောင်း၏။ တစ်အိတ်နှင့် တစ်အိတ်ထပ်ကိုင်၏။ ရောင်းသူ ကလည်းသဒ်ဓါကြည်ဖြူစွာတောင်းသလောက်ပေး၏။ အံ့ဖွယ်ပင်။

ခရီးစဉ်ဒေသများတွင် Local NGO များ၏ ဦးဆောင်စီစဉ်မှုဖြင့် အမှိုက်ကင်းစင်ရေး အမှိုက်ကောက်သည့် ကမ်ပိန်းများပြုလုပ်ကြသည်ကိုတွေ့ရှိရပါသည်။ အားပေးသင့်သည့်ကောင်း မွန်သောအစီအစဉ်များပါပေ။ သို့သော် ရှင်းသူကားရှင်း၊ သုံးသူကသုံး၊ ပစ်သူကပစ်ဆဲပင်။ United Nations မှ ထုတ်ပြန်ထားသည့် Sustainable Development Goals (၁၇) ချက်တွင် အမှတ်စဉ် (၁၂) ၌ “Responsible Consumption and Production” ဟူသော အချက်ပါဝင် သည်။

သို့သော် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းတွင် တာဝန်သိစွာထုတ်လုပ်ခြင်းနှင့် သုံးစွဲခြင်းတို့ မရှိသမျှ Sustainable Development Goals နှင့်အလှမ်းဝေးနေမည်ဖြစ်ဆဲပင်။

TravellingJournal/Vol_1_Issue_22

Photo_ credit