နန်နင်းမြို့ကို ငါးရက်တာ လည်ပတ်ခဲ့တယ်

#မော်ကျွန်းသူ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ၊ ကွမ်ရှီးပြည်နယ်၊နန်နင်းမြို့ရဲ့ Nanning China Travel Service ကနေ နန်နင်းမြို့ကို ငါးရက်ကြာ လေ့လာရေးခရီးစဉ်အဖြစ် ဖိတ်ကြားလာခဲ့တဲ့အတွက် ဟိုတယ်နဲ့ ခရီးသွ ...

#မော်ကျွန်းသူ

တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ၊ ကွမ်ရှီးပြည်နယ်၊နန်နင်းမြို့ရဲ့ Nanning China Travel Service ကနေ နန်နင်းမြို့ကို ငါးရက်ကြာ လေ့လာရေးခရီးစဉ်အဖြစ် ဖိတ်ကြားလာခဲ့တဲ့အတွက် ဟိုတယ်နဲ့ ခရီးသွားလာရေး ဝန်ကြီးဌာန က တာဝန်ရှိသူတစ်ဦး ဦးဆောင်ပြီး ပုဂ္ဂလိက ခရီးသွား ကုမ္ပဏီ တစ်ချို့ရယ်၊ စာရေးသူ တို့ ဟာ ၂၀၁၉ ခုနှစ်ဒီဇင်ဘာ (၁၈) ရက်ကနေ (၂၂) ရက်ထိ Nanning Inspection Tour ကို လေ့လာလည်ပတ်ဖြစ်ခဲ့ကြပါတယ်။

နန်နင်းမြို့ဟာဆိုရင် အချိန်နဲ့ ပြောင်းလဲတိုးတက်နေပြီဖြစ်သလို Tourist Attraction ဖြစ်အောင် Home-made တွေ သာမက လူက ပြုလုပ်ဖန်တီးထားတဲ့ ဆွဲဆောင်စရာ နေရာတွေ များစွာ ရှိလာတာကို တွေ့မြင်ခဲ့ရပါတယ်။

မြန်မာနိုင်ငံကတော့ ပြုပြင်စရာကို မလိုလောက်အောင်ကို သာယာတဲ့ အလှတရားတွေ ရှိနေပေမဲ့လည်း ဒါတွေကို ခရီးသွားဧည့်သည်တွေ စိတ်ဝင်တစားဖြစ်လာအောင် ဆွဲဆောင်နိုင်ဖို့ အတွက် ရင်းနှီးမြှုပ်နှံဖို့ ခက်ခဲနေတာ တွေရယ်၊ မူဝါဒတွေကြောင့် ခရီးသွားလုပ်ငန်းမှာ တိုးတက်သင့်သလောက် မတိုးတက် သေးတာကိုတော့ စာရေးသူဟာ နန်နင်းမှာ လည်ပတ်ခဲ့တဲ့ အချိန်တိုင်းမစဉ်းစားပဲကို မနေနိုင်ခဲ့ပါဘူး။

အတုယူစရာတွေရှိသလို ပြည်ပခရီးသွားတွေ စိတ်ဝင်စားစေဖို့နည်းလမ်းပေါင်းစုံနဲ့ ပြုလုပ်ထားတာကတော့တကယ့်ကို လေးစားအားကျစရာပါပဲ။

နန်နင်းမှာ စာရေးသူတို့ လည်ပတ်ခဲ့တဲ့နေရာတွေထဲကနေ အားကျရပြီး အတုယူစရာကောင်းတဲ့ Dragon Lake Hotel အကြောင်းကို ပြောပြချင်ပါတယ်။

တရုတ်နိုင်ငံကတော့ ဘာကိုပဲ လုပ်လုပ် တကယ့်ကို တခမ်းတနားနဲ့ လုပ်ကိုင်တာကို တွေ့ရပါတယ်။ ဒီဟိုတယ်ကြီးက ဧက ပေါင်း ၅၀၀၀ ကျော်ပါဝင်တဲ့ မြေပေါ်မှာ ဟိုတယ် ကို ၁၂ ထပ် တည်ဆောက်ထားတာဖြစ်ပြီး ဟိုတယ် ဝင်းထဲမှာပဲ ကစားကွင်းတွေ ရေလာလျှောစီးတွေ မှန်တံတား၊ ရေပူစမ်း စားသောာက်ဆိုင် တွေ အပြင် ဓာတ်ပုံရိုက်ကူးလို့ ရနိုင်တဲ့ နေရာမျိုးစုံကို ဖန်တီးပေးထားတဲ့အတွက် ဒီဟိုတယ်ဝင်းထဲမှာပဲ လည်ပတ်မယ် ဆိုရင်တောင် နှစ်ရက်လောက်အချိန်ပေးမှ ပြည့်စုံမယ်လို့ဆိုရလောက်အောင် ခမ်းနားပါတယ်။

လည်ပတ်စရာတွေ ဘယ်လောက်များလဲဆိုရင် လမ်းညွန်မြေပုံကိုတောင် ထုတ်ပေးထားပြီး သွားလာလည်ပတ်တဲ့သူတွေ အဆင်ပြေစေဖို့ အခမဲ့ စီးရတဲ့ ဘတ်ကီတွေကို ငါးမိနစ် ခြားစီ စီးနိုင်အောင် စီစဉ်ပေးထားပါတယ်။

ဒီဟိုတယ်ဝင်းထဲမှာ ခရီးသွားတွေကို ဆွဲဆောင်ဖမ်းစားထားတဲ့နေရာက မှန်တံတားရယ်၊ မှန်တံတားအောက်ကဆည်၊ ပြီးတော့ မှန်တံတားပေါ်ကနေ လျှောစီးလို့ရအောင်လည်း ထည့်သွင်းပေးထားတာတွေ့ရပါတယ်။

နန်နင်းမြို့ရဲ့ အထင်ကရ Nanning Garden Expo Park ကို လည်ပတ်ခဲ့တယ်။

ဒီ ပန်းခြံဆိုရင် နန်နင်းမြို့ရဲ့ တကယ့်ကို အထင်ကရ ပန်းခြံပါပဲ။ နန်နင်းကနေ လေးဆယ့်ငါးမိနစ် ဝန်းကျလောက်ကားစီးပြီးတဲ့ အခါမှသာ ဒီပန်းခြံကို ရောက်ပါတယ်။ ဒီပန်းခြံထဲမှာဆိုရင် ပြည်တွင်းပြည်ပ ရဲ့ ကုန်စည်ပြပွဲတွေ ပြုလုပ်တဲ့ နေရာဖြစ်သလို ထူးခြားချက်က တော့ OBOR မှာပါတဲ့ နိုင်ငံတွေရဲ့ ပြခန်းတွေကို ပြသထားတာ ဖြစ်ပါတယ်။ ပြခန်းပေါင်း ၈၀ ကျော် ရှိပြီး ဒီပန်းခြံထဲမှာ တံတားတွေ အပြင် တောင်တွေလည်း ရှိတယ်။ အာဆီယံနိုင်ငံတွေရဲ့ ပြခန်းတွေလည်း ထားရှိပေးထားပါတယ်။ လာရောက်လေ့လာကြတဲ့ သူတွေအတွက် ဓာတ်ပုံရိုက်ကူးလို့ကောင်းတဲ့ နေရာတွေကိုုလည်း ပြုလုပ်ပေးထားတယ်။ ဒီပန်းခြံထဲကို wedding Photo လာရောက်ရိုုက်ကူးကြတဲ့ သူတွေလည်း များပါတယ်။ ပန်းခြံထဲမှာဆိုရင် ရရှား၊ ဒူဘိုင်း၊ တိဗက်၊ မွန်ဂိုလီးယား ၊ ဂျပန် ၊ ပြင်သစ် စတဲ့ ပြခန်းတွေအပါအဝင် အာဆီယံ နိုင်ငံတွေရဲ့ ပြခန်းတွေကို စိတ်ဝင်စားဖွယ်ကောင်းအောင် ထည့်သွင်းထားတာကို တွေ့ရတယ်။ ဒီပြခန်းတွေမှာ ဆိုရင် နိုင်ငံအလိုက်ရဲ့ ရိုးရာ ယဉ်ကျေးမှု အထင်ကရ နေရာတွေကို ဖော်ကြူးပြသထားတဲ့ အပြင် ပြခန်းတိုင်းမှာ နိုင်ငံအလိုက်ရဲ့ အဆောက်အဦ ဒီဇိုင်းပညာရှင်ကနေ တည်ဆောက်ပေးထားတာကို တွေ့ရှိခဲ့ရပါတယ်။

AAAAA ချင်းစူးတောင် ကို တက်ခဲ့တယ်

ဒီချင်းစူးတောင်ဟာဆိုရင် နန်နင်းရဲ့ တကယ့်ကို sightseeing ပြုလုပ်နိုင်တဲ့ နေရာကောင်း တစ်ခုပဲ ဖြစ်ပါတယ်။ သူ့ကို Nanning Green Lung လို့လည်းခေါ်တယ်။ ဒီတောင်ပေါ်မှာလည်း ဘုံကျောင်းပုံစံ အထပ်မြင့် အဆောက်အဦ လည်း ရှိပါတယ်။ အထပ်ပေါင်း ကိုးထပ်ရှိပြီး ဒီအမြင့်ပေါ်ကနေ နန်နင်းမြို့ တစ်ခွင်ကို ကြည့်ရှုလို့ ရပါတယ်။ ဒီတောင်ပေါ်ကို နေ့စဉ် လာရောက်လည်ပတ်ကြတဲ့ ဒေသတွင်းခရီးသွားတွေ အများဆုံး လာလည်ကြတာတွေ့ရတယ်။ တစ်ချို့က တောင်ပေါ်ကို ကားတွေနဲ့ တက်ကြသလို လမ်းလျှောက်ပြီးတော့ တက်တဲ့သူတွေလည်း ရှိပါတယ်။

မြန်မာနိုင်ငံမှာလည်း ဒီလိုမျိုးဖန်တီပေးထားနိုင်တဲ့ Attraction တွေ ရှိလာမယ်ဆိုရင် ခရီးသွားတွေ လာရောက်လည်ပတ်ကြမယ် ဆိုတာ အသေချာပါပဲ။ မြန်မာနိုင်ငံမှာ ရှုခင်းကြည့်လို့ ကောင်းတဲ့ တောင်တွေ များစွာရှိပါတယ်။ ဥပမာ အနေနဲ့ ပြောရမယ်ဆိုရင် နတ်မတောင်၊ အရှေ့မြင် အနောက်မြင်တောင်၊ ဆင်ဖြူတောင်၊တောင်ဝိုင်းတောင် စတာတွေကိုလည်း ခရီးဧည့်သည်တွေ ပိုပြီး စိတ်ဝင်စားလာဖို့ အတွက် promote တွေ
လုပ်သင့်ပါတယ်။

အဲဒီနောက် စာရေးသူတွေဟာ နန်နင်းမြို့ရဲ့ အမြင့်ဆုံး တိုက်ဖြစ်တဲ့ အထပ်ပေါင်း (၅၉) လွှာ ရှိတဲ့ Diwang Building ပေါ်ကနေ နန်နင်းတစ်မြို့လုံးရဲ့ မြင်ကွင်းကို မှန်တံတား လျှောက်လမ်းကနေ အသည်း တယားယားနဲ့ ကြည့်ခဲ့ရတယ်။ ဒီအထပ်ပေါ်ကနေ အေအေးလူလူနဲ့ လေညှင်းလေးခံရင်း ကော်ဖီသောက်နိုင်တဲ့ ဆိုင်တွေလည်း ဖွင့်လှစ်ပေးထားတယ်။ အမှတ်တရ လက်ဆောင်ပစ္စည်းတွေ ဝယ်ယူနိုင်တဲ့ ဆိုင်ခန်းတွေလည်း ထည့်ပေးထားတယ်။ နန်နင်းရဲ့ ညနေဆည်းဆာ အလှရယ် နန်နင်တစ်မြို့ လုံးကို ဒီ (၅၉) လွှာကနေ ကြည့်ရတဲ့ မြင်ကွင်းက အရမ်းကို လှပပြီး ခေတ်မှီတိုးတက်တဲ့ အဆောက်အအုံများစွာ ကို တည်ဆောက်ထားတဲ့ နန်နင်းကို တွေ့ရနိုင်တာဖြစ်ပါတယ်။

ရေသူမ ပြတိုက်ကို လေ့လာခဲ့တယ်

နန်နင်းမြို့ရဲ့ Rongsheng Polar Ocean Museum ကိုစာရေးသူတို့ လေ့လာခဲ့ကြတယ်။ ဒီပြတိုက်ဟာဆိုရင် နန်နင်းမြို့ရဲ့ တစ်ခုတည်းသော Ocean Museum ပါပဲ။ ဒီပြတိုက်ကို ယွမ် 1 billion ရင်းနှီးမြှုပ်နှံထားပြီးတေ့ာ အဆောက်အဦအကျယ်ကတော့ 150000 square meters ကျယ်ဝန်းတယ်လို့ ဆိုပါတယ်။

ဆက်တင်ပြခန်းတွေတည်ဆောက်ထားတဲ့စင်တွေက ၂၄ ခန်းရှိပြီး Polar exploration corridor ၊ Rainforest Adventure၊ Coral Sea၊ Undersea garden၊ Walrus Island ၊ Dolphin Bay ၊ undersea tunnel၊ marine biology display စတဲ့ ပြခန်းတွေကို ပြသထားတာဖြစ်ပါတယ်။

အလွယ်တကူ ရေသူမပြတိုက်လို့ဆိုရတာကလည်း ရေသူမ Show ကိုနေ့စဉ် လာရောက် လေ့လာကြတဲ့ သူတွေကို များတာကိုတွေ့ ရပါတယ်။ တစ်ချို့ကတော့ အဏ္ဍာဝါပြတိုက်လို့ ခေါ်ရနိုင်တဲ့ ပြတိုက် အကြီးစားကြီးပါ။

ဒီပြတိုက်ထဲမှာ နည်းပညာပိုင်းတွေနဲ့ထိန်းသိမ်းထားတဲ့ ပြခန်းအမျိုးအစားတွေကို တွေ့မြင်ရပါတယ်။ရေအောက်အပင်မျိုးစုံတွေ သာမက ရှားပါးငါးမျိုးစိတ်တွေကို တစ်ခန်းချင်းနဲ့ ပြသထားပြီး မျိုးရိုးဗီဇ နာမည်တွေကိုပါ ရေးထိုးပြသထားတာဖြစ်ပါတယ်။

တစ်ချိုု့ပြခန်းတွေဆိုရင် အရောင်ပြောင်းသွားတဲ့ Species တွေကို ပြသထားတာကို တွေ့မြင်ရပါတယ်။

ခရီးသွားတွေကို ဆွဲဆောင်တဲ့ ပြကွက်ကတော့ ရေသူမShow ပဲဖြစ်ပါတယ်။ ဒီပြကွက်မှာ ရေသူမနဲ့ ရေသူထီးရယ်၊ ငါးတွေရယ်။ ရေသူမကို လိုက်လံ ဖမ်းဆီးတဲ့ သူတွေနဲ့ ပါဖောင်မန့် ပြကွက် ဖန်တီးထားတာ က ကြည့်ရတာနဲ့ တင် တန်ပါတယ် ။

ဒါ့အပြင် ပင်ဂွင်းငှက်တွေရဲ့ ပြကွက်၊ လင်းပိုင်ပြကွက်တွေကလည်း တကယ့်ကို ကြည့်ရတာနဲ့ ကျေနပ်စရာ ကောင်းပါတယ်။ ဝင်ငွေရအောင် ဖန်တီးပြသထားတဲ့ ပြခန်းတွေကို လာရောက်ကြည့်တဲ့သူတွေက များတာကို သထိထားမိပါတယ်။

Anthropology ယဉ်ကျေးမှုပြတိုက် ကို လေ့လာခဲ့တယ်

ဒီပြတိုက်ကဆိုရင် နန်နင်းမြို့ရဲ့ ယဉ်ကျေးမှုပြတိုက်လို့ဆိုပါတယ်။ ပြတိုက်ရဲ့ပုံစံက ဒီဇိုင်းဆန်းသစ်ပြီး ဆွဲဆောင်မှုရှိတဲ့ပြတိုက်တစ်ခုလို့ဆိုနိုင်ပါတယ်။ ပြတိုက်ကို ဒရမ်ပုံစံ ဒီဇိုင်းနဲ့ ဆောက်ထားတာဖြစ်ပါတယ်။

ဒီပြတိုက်ထဲကို ဝင်ရောက်လေ့လာတဲ့သူတွေက အိုင်ဒီ ကတ် ပြားကိုပြသပြီးမှ သာ ဝင်ခွင့်ရတာဖြစ်ပြီး နိုင်ငံခြားသားဧည့်သည်ဆိုရင်တော့ ပတ်စပို့စာအုပ်နဲ့မျှသာ ဝင်ရောက်လေ့လာရတာဖြစ်ပါတယ်။ ပြခန်းတွင်း ဝင် ရောက်တဲ့အခါ မှာဓာတ်လှေကားမရောက်ခင် ဘေးနှစ်ဖက်နံရံတွေ က ပန်းချီကားတွေရဲ့ဒီဇိုင်းတွေဟာဆိုရင် ဒရမ်ပေါ်မှာ ရေးဆွဲထားတဲ့ ပန်းချီကားလေးတွေကို ပြန်လည် အသေးစိတ်ဖော်ပြထားတာပဲဖြစ်ပြီးတော့ ပန်းချီက ကွမ်ရှီး လူမျိုးတို့ရဲ့ ပန်းချီကားတွေဖြစ်ပါတယ်။

ဓာတ်လှေကားနားမှာ ထားရှိထားတဲ့ ဒီဒရမ်ကတော့ သူ့ရဲ့မူရင်းအစစ် မဟုတ်ပါဘူး၊ မူရင်းအစစ် ဒရမ်ကိုတော့ ဒုတိယထပ်မှာ ထားရှိပြသထားတာဖြစ်ပါတယ်။

ဒီပြတိုက်ကို လာရောက်လေ့လာကြတဲ့ တရုတ်ခရီးသွားအများအပြားကိုတွေ့ရပါတယ်။ ပြတိုက်ကိုလာရောက်လေ့လာသူတွေထဲကမှ တစ်ဦးထဲသာ မြေညီထပ်မှာ ထားရှိထဲတဲ့ ဒရမ် ကို တီးလို့ရနိုင်တယ်လို့ ဆိုပါတယ်။ ပြတိုက်ကို အစောဆုံး လာရောက်တဲ့ သူကသာ ဒရမ်ကို သုံးချက်တီးလို့ ရတယ်ဆိုတာပါပဲ။

ဒရမ် သုံးချက်တီးရတဲ့ အဓိပ္ပါယ်က မိသားစုနွေးနွေးထွေးထွေး နဲ့ စီးပွားရေးလာဘ်လာဘ အောင်မြင်တဲ့ သဘောကို ဆောင်ပါတယ်လို့ ယူဆ ကြတယ်။

ပြတိုက်မှာ ပန်းပုပိုင်းတွေကို ပြသတဲ့ အထပ်နဲ့ ပန်းတိမ်ပိုင်းတွေကို ပြသတဲ့ ပြခန်းတွေနဲ့ ခွဲခြားထားပါတယ်။ ဒီ ပြခန်းမှာဆိုရင် တရုတ်လူမျိုးစုတွေရဲ့ရိုးရာ ပြခန်းတွေကိုု ပြသထားတာတွေ့ရတယ်။ လူမျိုးစုတွေရဲ့ သုံးစွဲတဲ့ စည်ပုံစံတွေကို ပြခန်းအလိုက်ပြသထားတယ်။ စည် ကို ထားတဲ့ အဆောက်အဦတွေကို သံချောင်းတစ်ချောင်းမှမသုံးပဲ ဆောက်လုပ်ထားတဲ့ အဆောက်အဦတွေကိုတွေ့မြင်ရပါတယ်။

ရှေးခတ်က ရွာတစ်ရွာပဲဖြစ်ဖြစ် မြို့တမြိုပဲဖြစ်ဖြစ် အနည်းဆုံး အဲဒီလိုအဆောက်အဦ တစ်ခုကို ဆောက်ထားကြတယ်လို့သိရပါတယ်။ အဆောက်အဦတွေကို သံချောင်းတစ်ချောင်းမှ မသုံးထားပဲ အကုန်လုံးကို သစ်သားနဲ့ သပ်ရိုက်ပြီး လုပ်ထားတာမို့ ပြန်ဖြုတ်လို့လည်းရအောင်လည်း ဆောက်ထားတာကို တွေ့ရပါတယ်။ဒါ့အပြင် နံရံဆေးရေး ပန်းချီကားတွေကို ပြသထားတာကိုလည်း တွေ့မြင်ရပါတယ်။ ရှေးခေတ်က လူတွေဟာ နံရံဆေးရေးပန်းချီကို ဆွဲလေ့ရှိကြပါတယ်။ သူတို့တွေဟာ ကျောက်ဆောင်တွေပေါ်မှာတက်ပြီး နံရံဆေးရေးပန်းချီတွေကို ရေးဆွဲလေ့ရှိကြပါတယ်။

တရုတ်ပြည်ရဲ့ အကြီးဆုံးနံရံဆေးရေးပန်းချီက ကွမ်ရှီးမှာရှိတယ်လို့ဆိုပါတယ်။ ဒီပြတိုက်မှာ ပြသထားတာက ပုံစံတူ ကိုသာ ပြသထားတာဖြစ်ပါတယ်။ ဒီပန်းချီကားဟာဆိုရင် ပင်လယ်ရဲ့ကျောက်ဆောင်တွေ ကျောက်ကဘားမှာ ဆွဲထားတာဖြစ်ပြီး သက်တမ်း နှစ် ၂၀၀၀ လောက်ရှိပြီလို့ ပြတိုက်မှာ လိုက်လံရှင်းပြပေးတဲ့ သူက ဆိုပါတယ်။ပြတိုက်မှာ ကြေးနဲ့ပြလုပ်ထားတဲ့ ပြခန်းတွေလည်းခင်းကျင်းပြသထားသလို ရိုးရာဝတ်စားဆင်ယင်မှုတွေကို ပြသထားတဲ့ ပြခန်းတွေကိုလည်းတွေ့မြင်ရမှာဖြစ်ပါတယ်။

လူမျိုးစုလည်းအများကြီးရှိတာမို့ လူမျိုးစုတစ်မျိုးနဲ့တစ်မျိုးက သုံးတဲ့ ပုံစံလည်းမတူညီကြတာကို ပြသထားတာဖြစ်ပါတယ်။

ဒီပြတိုက်မှာဆိုရင် ကမ္ဘာပေါ်မှာ လက်ရှိရှေးအကျဆုံး အကြီးဆုံးကြေး ဒရမ်ကို ပြသထားရှိတာကိုတွေ့ရပါတယ် ။အလျားက ၁.၆ ၊ အလေးချိန်က Kg 400 ရှိပြီး လက်ရှိအချိန်ထိ ပညာရှင်တွေက

ဒီဒရမ်ကို ဘယ်နေရာမှာ သုံးစွဲခဲ့တဲ့ အထောက်အထားကို ရှာဖွေနေတုန်း ဖြစ်ပါတယ်။သူတို့ နိုင်ငံရဲ့ ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းထားတက်တဲ့စိတ်ကိုတော့ ချီးကျုးစရာပါပဲ။ ရိုးရာယဉ်ကျေးမှုတွေကိုနှောင်းလူတွေသိစေဖိုရယ်၊ ကိုယ့်လူမျိုးရဲ့ ရိုးရာယဉ်ကျေးမှုကို ချစ်ခင်မြတ်နိုးတက်အောင် ကလေးတွေ၊ကျောင်းသားတွေကို ငယ်ရွယ်စဉ်ကတည်းကနေ ထိန်းကျောင်း သင်ပေးလာတဲ့ တရုတ်နိုင်ငံရဲ့ သူတို့ယဉ်ကျေးမှုကို ခေါင်းထဲကို ရိုက်ထည့်ပေးနိုင်တာကိုလည်းချီးကျုးစရာပါပဲ။

ဒီပြတိုက်လိုမျိုး မြန်မာမှာလည်း ပုံစံဆင်တူတွေတူညီကြပါတယ်။ မြန်မာမှာတိုင်းရင်းသား ၁၃၅ မျိုးရှိတယ်။ လူမျိုးအလိုက် ရိုးရာယဉ်ကျေးမှု၊ကိုယ်ပိုင်ဟန်တွေရှိကြပါတယ်။ ဒါပေမယ့် စနစ်တကျနဲ့ ရေရှည်ထိန်းသိမ်းဖို့ဆောင်ရွက်ကြတဲ့နေရာမှာ တော့ အားနည်းနေပါသေးတယ်။ ကိုယ့်ရိုးရာယဉ်ကျေးမှုကို ချစ်မြတ်နိုးရမယ့်အစား ထိန်းသိမ်းတက်ရမယ့်အစား ပပျောက်နေတာတွေရှိလာသလိုထိန်းသိမ်းနေတဲ့ လူတွေလည်း အနည်းစုတော့ ရှိကြပါတယ်။

စာရေးသူတို့ဟာ အားကျစရာမြင်ကွင်းတစ်ခုကို မြင်တွေ့ခဲ့ရပါတယ်။ နေ့စဉ်ဒီပြတိုက်ကိုလာတဲ့ဦးရေဟာ များပြားလွန်းလှသသလို ပြတိုက်ထဲဝင်ဖို့ကိုတောင် တန်းစီနေရတာကို တွေရတာပါ။

လူကြီးတွေ၊ လူငယ်တွေ၊ ကျောင်းသားတွေ၊ အရွယ်မျိုးစုံ နေ့စဉ်လာရောက်နေကြတာ အားကျစရာပါပဲ။ပြတိုက်ရဲ့ ဆွဲဆောင်မှုက ပြတိုက်ကို အစောဆုံး ပထမဆုံး လာရောက်တဲ့သူက ဒရမ်ကို တီးခွင့်ရတာမျိုးကို ဖန်တီးပေးထားခြင်းပါပဲ။

ဒါဟာ နန်နင်းရဲ့ တစ်ခုတည်းသော ယဉ်ကျေးမှုပြတိုက်ဖြစ်သလို ဆွဲဆောင်စရာနေရာတစ်ခု အဖြစ် လည်းရှိနေတာကတော့ စာရေးသူက အခိုင်အမာကို ပြောချင်ခဲ့ပါတယ်။

ငါးရက်တာ နန်နင်းမြို့ကို လေ့လာစရာ လည်ပတ်ခဲ့ရတဲ့ အချိန်ကာလအတွင်းမှာ အားကျစရာတွေ၊ အတုယူ စရာတွေ၊ နှိုင်းယှဉ်စရာတွေနဲ့ များပြားနေခဲ့တာပါ။ သဘာ၀ အလျှောက်တည်ရှိတာက နည်းတယ်ဆိုပေမဲ့ဖန်တီးပြီး ရယူထားတဲ့ Man- Made တွေနဲ့ ခရီးသွားတွေကိုဆွဲဆောင်ထားတာကတော့ ချီးကျူးလေးစားစရာကို ကောင်းလှပါတယ်။ စာရေးသူတို့နိုင်ငံကတော့ ပြုပြင်စရာမလိုအောင် သဘာဝက မျက်နှာသာပေးထားပေမယ့် အိမ်နီးချင်းနိုင်ငံတွေနဲ့ယှဉ်ရင် အခုချိန်ထိ အနောက်မှာ ကျန်ရှိနေသေးပြီး အားမလိုအားမရတွေ ကို ဖြစ်နေရင်း ပြည်ပခရီးစဉ်တွေသွားတိုင်း သက်ပြင်းအခါခါကိုသာ ချမိနေရပါတော့တယ်။

Vol_1_Issue_20

Photo_TravellingJournal/Nilar DGTravel &Tour