#Travelling journal
’’၂၀၁၆ ခုနှစ်ကတည်းက ပိတ်ထားခဲ့ရတဲ့ မိုင်းလားလမ်းကြောင့် ခရီးသွားလမ်းကြောင်းကြီး တစ်ခုလုံးဟာ ပျောက်သွားခဲ့ရပါတယ် ။ အဲဒါမို့ ကျိုင်းတုံရဲ့ စီးပွားရေးဟာ ကျဆင်းသွားခဲ့ရတာဖြစ်တယ်’’ဟု ကျိုင်းတုံ ခရိုင်အုပ်ချုပ်ရေးမှုး ဦးဝင်းမင်းသိန်း က ပြောဆိုလာသည်။
အဆိုပါ လမ်းကြောင်းကို ပြန်လည်ဖွင့်လှစ်ရန် အတွက် အုပ်ချုပ်ရေးပိုင်းများတွင် သာမက ဒေသခံများ၊ လုပ်ငန်းရှင်များကလည်း ယခုထိတိုင် မျှော်လင့်နေကြဆဲပင်ဖြစ်သည်။
တစ်ချိန်တစ်ခါက စီးပွားရေးကောင်းမွန်ခဲ့ရသည့် ကျိုင်းတုံမြို့သည် မိုင်းလားလမ်းပိတ်လိုက်သည့် နောက်ပိုင်း ဒေသ၏ စီးပွားရေးကို ထိခိုက်သွားခဲ့ရသလို ဒေသခံ စီးပွားရေးအခြေအနေများကိုလည်း တစ်နည်းတစ်ဖုံ ထိခိုက်သွား ခဲ့ရခြင်းဖြစ်ခဲ့လေသည်။
စက်ရုံ အ လုပ်ရုံမရှိသည့် ကျိုင်းတုံ မြို့သည် စိုက်ပျိုးရေးကိုသာ အားထားရပြီး စီးပွားရေးအနေဖြင့် ခရီးသွားလုပ်ငန်း ကဏ္ဍ ပေါ်ကိုသာ မှီခိုနေရသည့် အနေအထားရှိကာ လက်ရှိအနေအထားတွင် ထိုင်းကို မှီခိုနေရဆဲ သာရှိနေသေးသည်ဟု ကျိုင်းတုံ ခရိုင်အုပ်ချုပ်ရေးမှုး ဦးဝင်းမင်းသိန်း က Travelling journal သို့ပြောသည်။
တာချီလိတ်၊ မိုင်းလား၊ မိုင်းခတ် ၊မိုင်းယန်း၊မိုင်းပြင်း နှင့်လည်း ဆက်သွယ်ထားသလို ရှမ်းအရှေ့ ၊ ရှမ်းတောင်၊ ရှမ်းမြောက် ပါမကျန် ဆက်စပ်နေခြင်း ထိုင်းနိုင်ငံ၊လာအိုနိုင်ငံ၊ တရုတ်နိုင်ငံတို့နှင့်လည်း ဆက်သွယ်ထားခြင်းကြောင့် ရွှေတြိဂံဒေသ ဟုလည်း ခေါ်ဆိုကြ သလိုရွှေစတုဂံဟုလည်း ခေါ်ဆိုကြသေးသည်။
ယင်းကဲ့သို့ အိမ်နီးချင်းနိုင်ငံများနှင့် ဆက်စပ်လျက်ရှိပြီး အချက်အချာကျသည့် နေရာတွင် တည်ရှိသလို ရှေးဟောင်းယဉ်ကျေးမှု လက်ရာများ၊ သမိုင်းဆိုင်ရာအမွေအနှစ်များလည်း များစွာ ကျန်ရှိနေသေးသည့်အပြင် တိုင်းရင်းသားလူမျိုးပေါင်းစုံနေထိုင်ကြသည့် မြို့တော်အဖြစ် တည်ရှိနေခြင်းက နိုင်ငံခြားသား များ လာရောက်လည်ပတ်နိုင်ရန် ဆွဲဆောင်စရာမြို့အဖြစ်ရှိလေသည်။
သို့သော် လွန်ခဲ့သည့် သုံးနှစ်ကျော် ကတည်းကပိတ်လိုက်ရသည့် မိုင်းလားလမ်းကြောင့် ဒေသ၏ စီးပွားရေးအခြေအနေများမှာ ပြောင်းလဲသွားခဲ့ရခြင်းကြောင့် လက်ရှိတွင် ယင်းလမ်းပိုင်းကို ပြန်လည်ဖွင့်လှစ်နိုင်ရန် ဒေသခံ လွှတ်တော်ကိုယ်စားလှယ်ကလည်း တင်ပြ ပြောဆိုကြသလို အုပ်ချုပ်ရေးပိုင်းများကလည်း ပြည်နယ် အစိုးရ ထံသို့ အကြိမ်ကြိမ် တင်ပြနေဆဲဟု ဦးဝင်းမင်းသိန်းက ရှင်းပြသည်။
’’အခုလောလောဆယ်တော့ ဖွင့်လှစ်ဖို့အစီအစဉ်မရှိသေးဘူးလို့ပြောတယ်။ ပြည်နယ် အစိုးရကိုလည်း အကြိမ်ကြိမ်တင်ပြနေတယ်’’ဟု ၎င်းက ပြောသည်။
ယင်း မိုင်းလားလမ်း ပိတ်လိုက်ရသည့် အတွက် တရုတ်မှ ဝင်ရောက်လာသည့် ခရီးသွား ဦးရေ မှာ နှစ်သောင်းမှ သုံးသောင်းကြား ထိ လျော့ကျသွားခဲ့သည်ဟု ဆိုသည်။
’’၂၀၁၆ ကတည်းက ပိတ်ထားတာဖြစ်တယ်။ မိုင်းလားကနေ ဝင်လာတယ်၊ကျိုင်းတုံမှာ ညအိပ်တယ်။ ပြီးရင် လည်ပတ်စရာရှိတာကို လည်ပတ်တယ်။ တာချီလိတ်ကို သွားတယ်၊ လည်တယ် ။ ပြီးရင် ထိုင်းဘက်ကိုသွားတယ်။ ထိုင်းဘက်ကနေ ပြန်ထွက်လာတယ် ။ ပြီးရင် မိုင်းလားလမ်းကနေ ပြန်ထွက်ကြတယ်၊ အဲဒီ တိုရစ်ဇင်လမ်းကြောင်းကြီးက ပျောက်သွားခဲ့တယ်။ အဲဒါမို့ စီးပွားရေးလည်း ကျဆင်းသွားတာဖြစ်တယ်’’ဟု ဦးဝင်းမင်းသိန်းက ခရီးစဥ်လည်ပတ်သည့်ပုံစံကို ရှင်းပြ သည်။
ကျိုင်းတုံမြို့၏ အားသာချက်မှာ ရှေးဟောင်းယဉ်ကျေးမှုလက်ရာများကို တစ်စုတဝေးမြင်တွေ့ရသည့် မြို့ဖြစ်ပြီး ရှေးဟောင်းအဆောက်အအုံများစွာ တည်ရှိနေခြင်း၊ ထို့အပြင် တိုင်းရင်းသားပေါင်းစုံနေထိုင်ကြပြီး ရှမ်း၊အာခါ၊လားဟူ၊လွယ် စသည့်တိုင်းရင်းသားများနေထိုင်ကြသလို ဂုံရှမ်းတိုင်းရင်းသားများ အများဆုံး နေထိုင်ကြခြင်းကြောင့် ဂုံရှမ်းမြေဟုလို့လည်း ခေါ်ဆိုကြောင်း ရှမ်းပြည်နယ် အရှေ့ပိုင်း ပြည်နယ် ဒုတိယ အုပ်ချုပ်ရေးမှူး ဦးရဲနိုင် က Travelling Journal သို့ ပြောသည်။
“အခု ပြည်တွင်းခရီးသွား လည်း လာကြပါပြီ။မိုင်းလားလမ်းဖွင့်ရင် အရမ်းကောင်းတာပေါ့။ လွယ်မွေကြီးထဲက ထွက်တဲ့စပါးတွေကို ရန်ကုန်ပို့မယ်ဆိုရင် ကားခ က စျေးကြီးတယ်။ မဖြစ်နိုင်ဘူးပေါ့။ ထိုင်းကလည်းမဝယ်ဘူး။ ဝယ်တာက တရုတ်ပဲ ဝယ်တာ။ တရုတ်ပြည်ပေးမထွက်ဘူးဆိုရင် စပါးစျေးပုံနေကြတယ်။ စပါးစျေး ကျရင် လယ်သမားတွေ ဒုက္ခရောက် မယ်”ဟု ရွှေတြိဂံဇုန် နာယက ဖြစ်သူ ဦးစိုးရွှေက လည်း ဆိုသည်။
တိုင်းရင်းသား ဓလေ့ရိုးရာ ထုံးထမ်း များ စွာ တည်ရှိနေသည့် ကျိုင်းတုံမြို့တွင် ဆွဲဆောင်စရာ ၊ လေ့လာစရာ များပြားသည့်အပြင် ရှမ်းအစားအစာ ပေါများလွန်းလှသည့် တစ်ခုတည်းသော မြို့တော်ဖြစ်နေခြင်းက ထူးခြားချက်ပင်ဖြစ်လေသည်။
ထို့အပြင် သရေစာကို မက်မက်မောမော စားသောက်လေ့ရှိကြသလို ဈေးနှုန်းအားဖြင့် ထူးခြားစွာ သက်သာလှသည့် မြို့အဖြစ်ရှိခြင်းကလည်း စိတ်ဝင်စားဖွယ်ဆွဲဆောင်စရာပင်။
“အခု ဆိုရင် ကျိုင်းတုံ မှာ နာရီ စင်လည်းရှိလာပြီ။မြို့ရဲ့အထင်ကရနောင်တုံကန်ကလည်း တကယ့်ကို ခန့်ညားလှပတယ်။ မြို့ကလည်းဖွံ့ဖြိုးတိုးတက်လာပြီ။လမ်းပန်းဆက်သွယ်ရေးသာ ကောင်းမွန်လာ မယ်ဆိုရင် ကျိုင်းတုံ မြို့ဟာ ခရီးသွား လုပ်ငန်းမှာ ပိုပြီးဖွံ့ဖြိုးတိုးတက်လာစေဖို့ တာစူနေတဲ့မြို့ပေါ့”ဟု ကျိုင်းတုံ စည်ပင် သာယာရေးကော်မတီ မှ အမှုဆောင်အရာရှိဦးကျော်မင်းထိုက် က Travelling journal ကို ပြောသည်။
ကိုဗစ်အလွန်တွင် မြို့တော်သန့်ရှင်းသာယာလှပစေရေးအတွက် ခရီးသွား လုပ်ငန်းကို ပိုပြီး အထောက်အကူ တိုးတက်လာစေရန်အတွက် မြို့သန့်ရှင်းသာယာလှပရေးအတွက်ဆက်လက် ဆောင်ရွက် နေဆဲဟု ၄င်းက ဆိုသည်။
’’ အခုပိုဆိုးတာက ၂၀၂၀ အစပိုင်းကစပြီး ဧည့်သည်ဝင်ရောက်မှုဟာ နည်းပါး သွားခဲ့တယ်။ ပြီးခဲ့တဲ့ သုံးနှစ် ကျော် ကတည်းက မိုင်းလားလမ်းပိတ်တဲ့ အတွက် ပြည်သူတွေခံနေရတဲ့ မြို့ ဖြစ်နေရာကနေ အခုက ကိုဗစ်ကြောင့် စီးပွားရေးလုပ်ငန်းရှင်တွေကော ပြည်သူကောပါ ခံနေရတယ်’’ဟု ဦးဝင်းမင်းသိန်းက ဆိုသည်။
ယင်းကြောင့် မိုင်းလားလမ်း ပြန်လည် ဖွင့်လှစ်နိုင်မည်ဆိုပါက ကျိုင်းတုံမြို့သည် တိုးတက်လာမည်ဖြစ်သလို မိုင်းလား လမ်း ပြန်လည် ဖွင့်လှစ်ရန်မှာမူ နိုင်ငံတော်အစိုးရအပေါ်တွင်များစွာ မူတည်နေသည်ဟု ၎င်းက ဆိုသည်။
’’မိုင်းလားလမ်း ဖွင့်ဖို့ကတော့ နိုင်ငံတော် အစိုးရပေါ်မှာပဲ မူတည်ပါတယ်။ နိုင်ငံတော်အစိုးရ ခွင့်ပြုမှလည်း ဖွင့်လို့ရမယ်လေ။ ငြိမ်းချမ်းရေးကိစ္စ ကလည်း အရေးကြီးပါတယ်။ အဓိကက ထိုင်းကို အရမ်းမှီခိုနေရတယ်။ ပြီးရင် စက်ရုံအလုပ်ရုံမရှိဘူး’’ဟု ဦးဝင်းမင်းသိန်းက ပြောသည်။
ယင်းအပြင် ကျိုင်းတုံမြို့၏ ခရီးသွားလုပ်ငန်းအခြေအနေမှာ ထိုင်းကို မှီခိုနေရပြီး ဟိုတယ်လုပ်ငန်းအများစုမှာ စားဝတ်နေရေးဖြေရှင်းနိုင်ရုံ အဆင့်လောက်သာ ရပ်တည်နေရဆဲ ရှိနေသေးကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေး ညွန်ကြားမှုဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှုး ဦးစန်းလှိုင်က Travelling journal ကို ပြောသည်။
ကျိုင်းတုံမြို့သို့ လာရောက်လည်ပတ်ကြသည့်နိုင်ငံခြားသားများမှာ ထိုင်း၊ တရုတ်နှင့် ဥရောပ လူမျိုးများ အလာများကြသော်လည်း လက်ရှိတွင် ထိုင်းလူမျိုးလောက်သာ အလာရှိသည်ဟု ဆိုကြသည်။ပြီးခဲ့သည့်၂၀၁၉ ခုနှစ်စာရင်းအရ ကျိုင်းတုံမြို့သို့ ပြည်ပ ခရီးသွားဦးရေ ဝင်ရောက်မှုမှာ လူဦးရေ ၁၈၆၀၀ ဦး
ဝင်ရောက်ခဲ့သည်။
အများအားဖြင့် ထိုင်းလူမျိုးများသည် လွယ်မွေတောင်စခန်းဆီသို့ ဇန်နဝါရီလအတွင်း လာရောက် လည်ပတ်မှုမှာ များပြားသည် ဟုဆိုသည်။ ထိုကာလတွင် လွယ်မွေတောင်စခန်းတွင် ချယ်ရီပွင့်သည့် အချိန်ကာလဖြစ်သော ကြောင့် ထိုင်းခရီးသွားများဖြင့် ပြည့်နေခြင်းပင်ဖြစ်သည်။
ယင်းကာလပြီးနောက်တွင် ထိုင်းခရီးသွားများမှ ကျိုင်းတုံရေတံခွန်ဆီသို့လာရောက်လည်ပတ်ကြလေ့ရှိသည်။
ထို့အပြင် မိုင်းခတ်၊မိုင်းယန်းတွင်ရှိသည့် မှိုင်းနှုန်းကြီးဘုရားဆီသို့ လာရောက်လည်ပတ်ကြပြီး ပြန်လေ့ရှိကြသည်မှာ ကျိုင်းတုံ မြို့သို့လာရောက်လည်ပတ်ကြသည့် ထိုင်းခရီးသွားများ၏ ခရီးသွားပုံစံပင်ဖြစ်လေသည်။
လက်ရှိအနေအထားတွင် ကျိုင်းတုံမြို့သို့ လာရောက်လည်ပတ်ကြသည့် ခရီးသွားများ၏ လုံခြုံရေးဆိုင်ရာများကို သက်ဆိုင်ရာများမှ ဆောင်ရွက် ပေးထားကြောင်း သိရသည်။
ကျိုင်းတုံမြို့၏ ခရီးသွားလုပ်ငန်းမှာ ဖွံ့ဖြိုးသင့်သလောက်မဖွံ့ဖြိုးသေးသည့်အတွက် လူသူ အရောက်နည်းပါးကြသည့် တိုင်းရင်းသားရွာများလည်းရှိနေဆဲကြောင်း ထို့ကြောင့် ရှေးဟောင်းရိုးရာ အိမ်များ ကျန်ရှိနေသေးသလို ကျိုင်းတုံမြို့တွင်သာ မြင်တွေ့ရသည့် လူနည်းစုတိုင်းရင်းသားလောက်သာ ကျန်ရှိနေတော့သည့် သွားမည်းလူမျိုး (အန်းလူမျိုးများ) လည်း နေထိုင်ကြသေးသည်။
“Tourism ကိစ္စမှာ အသိနည်းပါ သေးတယ်။ ရှေးဟောင်းအိမ်တွေရှိတယ်၊ ကျွန်တော်တို့က ဒါကို ထိန်းသိမ်းချင်တယ်။ သူတို့က ဒီထက် ကောင်းတဲ့အိမ်မှာ နေချင်တယ်။ ဓာတ်ပုံရိုက်ရင်ဘယ်လောက်ရမယ်။ ဘာညာဆိုရင်တော့ ဝင်ငွေရှိနေတယ်ဆိုရင် ထားရင်ထားမှာပေါ့ ။ ကျွန်တော်တို့ဆီမှာ အဲဒီယဉ်ကျေးမှုက မဖွံ့ဖြိုးသေးဘူး၊ ရိုးရာအတိုင်းရှိနေတဲ့ နေရာကနေ တိုက်အိမ်တွေဖြစ်ကုန်ကြတယ်။ အဲဒီလိုကြောင့် ရွာရဲ့ရှုခင်းပါ ပျောက်သွားတယ်။ ရိုးရာယဉ်ကျေးမှုတိုင်းထားရမယ့်ရွာတွေလည်း ပျောက်သွားကြတယ်။ အုပ်ချုပ်ရေးပိုင်းကလည်း စည်းရုံးနေတယ်ဆိုပေမယ့် မဆောက်ပါနဲ့လို့ ကျွန်တော်တို့ကလည်း ပြောလို့ မရဘူး လေ’’ဟု ဦးဝင်းမင်းသိန်းက ရှင်းပြသည်။
ကျိုင်းတုံမြို့ကို ပြည်တွင်းခရီးသွားများလည်း လာရောက်လည်ပတ်စေလိုကြောင်း ကျိုင်းတုံမြို့တွင် လည်ပတ်စရာ နေရာများစွာရှိနေသဖြင့် အချိန်အားဖြင့်ဆိုပါက သုံးလေးရက်ခန့်ပေးရမည်ဖြစ်ကြောင်း ကျိုင်းတုံအခြေစိုက် မိုးတိမ်ခရီးသွားလုပ်ငန်းမှ ဒေါ်နန်းခမ်းတစ်က ပြောသည်။
ပြည်တွင်းပြည်ပ ဧည့်သည်များအနေဖြင့် မဖြစ်မနေ လည်ပတ်ရမည့် နေရာများမှာ ရပ်တော်မူဘုရား၊မဟာမြတ်မုနိဘုရားကြီး၊ နောင်တုံကန်၊ကျိုင်းတုံမြို့မဈေး၊ သစ်တစ်ပင်တောင်၊ ရေပူစမ်း၊ ကိုရင်လေးကျောင်း၊ ဝပ်အင်းကျောင်း၊ စွန်ခမ်းဘုရား၊ စွမ်လွဲ/ကမ္ဘာအေးဘုရား၊ နှစ်တစ်ရာကျော် သက်တမ်းရှိသည့် ချခ်ကျောင်း၊ ကျိုင်းတုံမြို့၏ ရှေးဟောင်းမြို့ရိုးတံခါးပေါက် တစ်ခုတည်းသာ ကျန်ရှိခဲ့သည့် ပါလျန်ဂိတ်၊စော်ဘွားအုတ်ဂူ၊ ယွန်းလုပ်ငန်း၊ ဗုဒ္ဓဥယျာဉ်၊လွယ်မွေစခန်း၊ ရိုးရာအိမ်လေးတွေကျန်ရှိနေသေးသည့် နောင်ငင်းရွာ၊ကျိုင်းတုံရေတံခွန်၊ အားခီကျေးရွာ၊ ဟိုကျင်းအာခါရွာများစသဖြင့် တိုင်းရင်းသားပေါင်းများစွာ ရှင်သန် တည်ရှိနေသည့် ရွာများသို့ တောတွင်း လမ်းလျှောက် ပြီး လေ့လာလည်ပတ်နိုင်သေးသည်။
’’ကျိုင်းတုံမြို့ရဲ့ ရိုးရာအမှတ်အသားတစ်ခုကလေ ဂုံရှမ်းအမျိုးသမီးတွေရဲ့ ထမီတွေမှာ ကြာမောက်ကြာလန် ပါရှိတယ် ၊အဲဒါဟာ ကျိုင်းတုံ မြို့ရဲ့ ရိုးရာအမှတ်အသားဖြစ်တယ်ဆိုတာကို သိသာစေတယ်၊ ကြာမောက်ကြာလန်ကိုတွေ့ရင် ဒါဟာကျိုင်းတုံရဲ့ ရိုးရာအမှတ်အသားတစ်ခုဆိုတာ အလိုလို သိစေတယ်’’ဟု ကျိုင်းတုံဒေသခံ ဘုရင်မပိုးထည်ဆိုင်ပိုင်ရှင် ဒေါ်နမ်းဟွမ်က ဆိုသည်။
မည်သို့ပင် ဆိုပါ စေ ကျိုင်းတုံ မြို့သည် အားသာချက် အားနည်းချက်များဖြင့် ဒွန်တွဲနေ ကြပြီး အားပြိုင်မှုတွေ ကြားထဲတွင် ခရီးသွားလုပ်ငန်းကို တိုးတက်လာ စေရန်အတွက် အားပြုဆောင်ရွက်နေလာပြီ ဖြစ်သည့် မြို့အဖြစ် ရှိလာနေပြီဖြစ်ပါတော့သည်။