MICE_ကိုမျှော်နေရတဲ့မင်းနေပြည်တော်

ယဉ်ယဉ်လှ လက်ရှိနေပြည်တော်ဟိုတယ်ဇုန်များအနေဖြင့် အခမ်းအနားများနှင့်ဆွေးနွေးပွဲများကိုသာ မှီခိုရပ် တည်နေသည့် အနေ အထားဖြစ်နေလာရသည်ဟု နေပြည်တော်ဟိုတယ်ဇုန်မှ ဟိုတယ်လုပ်ငန်းရှင်များက ပြောကြား လာသည်။ ...

ယဉ်ယဉ်လှ

လက်ရှိနေပြည်တော်ဟိုတယ်ဇုန်များအနေဖြင့် အခမ်းအနားများနှင့်ဆွေးနွေးပွဲများကိုသာ မှီခိုရပ် တည်နေသည့် အနေ အထားဖြစ်နေလာရသည်ဟု နေပြည်တော်ဟိုတယ်ဇုန်မှ ဟိုတယ်လုပ်ငန်းရှင်များက ပြောကြား လာသည်။

နေပြည်တော်တွင် ဟိုတယ်ဇုန် အပိုင်း(၁)၊ အပိုင်း(၂)၊ အပိုင်း(၃)ဟူ၍ရှိရာ ယင်း ဇုန်များတွင်ရှိသော ဟိုတယ်များ၏ လုပ်ငန်းလည်ပတ်မှုမှာ တဖြည်းဖြည်းကျဆင်းလာနေကြောင်း ဟိုတယ်လုပ်ငန်းရှင်များထံမှ သိရသည်။

မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းကျဆင်းနေမှုများနှင့်အတူ ဟိုတယ်လုပ်ငန်းလည်ပတ်မှုမှာလည်း နေရာ အနှံ့များ၌ကျဆင်းနေခြင်းပင်ဖြစ်သည်။ လက်ရှိကာလများတွင် နေပြည်တော်ရှိ ဟိုတယ်လုပ်ငန်းရှင်များမှာ MICE ဟုခေါ်ဆို သော တွေ့ဆုံဆွေးနွေးပွဲများ၊ ဆွဲဆောင်မှုများ၊ ညီလာခံအခမ်းအနားများ၊ ပြပွဲကြီးများ ခင်းကျင်း ပြသမှုများပေါ်သာ မှီခိုနေရသည့်အနေအထား များတွင်သာရှိနေပေသည်။

နေပြည်တော်ရှိ ဟိုတယ်များ၏ အသက်ရှင် သန်မှုအနေအထားများမှာ အမှန်တကယ်အား ဖြင့် MICE ကို မျှော်နေရသည့် အနေအထားများ ကိုသာ ရောက်ရှိနေရသည့် အခြေအနေများ ဖြစ်နေပြီဟု ဟိုတယ် လုပ်ငန်းရှင်များက ညည်းတွားလာကြပြီဖြစ်သည်။

ထို့ကြောင့် နေပြည်တော်ကို တစ်ညအိပ် ခရီးစဉ်များအဖြစ် ပြည်တွင်းပြည်ပခရီးသွားများ လာရောက် အပန်းဖြေနိုင်မည့် ခရီးစဉ်ဒေသတစ်ခုဖြစ်အောင် ယခင်ဟိုတယ်ခရီးဝန်ကြီးဌာနလက်ထက်၌ ကြိုးစားခဲ့ဖူး သော်လည်း အိမ်မက်တမျှပင် ဝေဝါးသွားခဲ့ပြီဖြစ်သည်။

လက်ရှိနေပြည်တော်တွင် ရေပန်းဥယျာဉ်၊ ဆာဖာရီဥယျာဉ်၊ အမျိုးသားအထိမ်းအမှတ် ဥယျာဉ်စသည့် အထင်ကရ နေရာများအပါအဝင် လည်ပတ်စရာ နေရာ(၂၀)ဝန်းကျင်ရှိသလို ဗုဒ္ဓ ဂါယာ ပုံစံတူကိုလည်း တည်ဆောက် ထားသေး သည်။
နေပြည်တော်ကို တစ်ထောက်နား၍ ခရီးစဉ် ဒေသတစ်ခုဖြစ်လာအောင်တစ်ညနားပြီး မန္တလေး၊ ပုဂံများကို သွားရောက်လည်ပတ်နိုင်သည့် ခရီးစဉ်များဖြစ်လာအောင် ဝန်ကြီးဌာနက ဦးဆောင် ပြီး စိတ်ဝင်စားသည့် ခရီးသွားကုမ္ပဏီများကို ဖိတ်ခေါ်ခဲ့သော်လည်း မအောင်မြင်ခဲ့ချေ။

“ နေပြည်တော်ကို တစ်ညအိပ်နားနေနိုင်တဲ့ မြို့တော်အဖြစ် အရင်ဝန်ကြီးဌာန လက်ထက်က ဆောင်ရွက် ခဲ့သေးတယ်။ အဲဒါကို ပြန်လုပ်နိုင်မယ် ဆိုရင် နေပြည်တော်ဟိုတယ်ဇုန်တွေရဲ့ ရှင်သန်မှုက ပြန်ကောင်း လာမယ် ထင်ပါတယ်၊ ပြီးတော့ ရန်ကုန်-ဘန်ကောက်-နေပြည်တော်၊ ဘန်ကောက်-နေပြည်တော်-ရန်ကုန်စတဲ့ လေကြောင်း လိုင်းပြေးဆွဲပေးနိုင်ရင်တော့ နေပြည်တော်ဟာ ပြန်စည်ကားလာမှာပါ။ အောင်မြင်မယ်လို့ ယုံ ကြည်ပါတယ်” ဟု နေပြည်တော်ဟိုတယ်ဇုန်မှ တွဲ ဖက်အတွင်းရေးမှူး(၂)ဦးသိန်းထွေးက ပြောသည်။

လက်ရှိနေပြည်တော်တွင် ဟိုတယ် (၆၄)လုံး ရှိပြီး အခန်းပေါင်း (၅၀၀၀)ကျော်ရှိသည်။ မြန်မာ နိုင်ငံက အိမ်ရှင် အဖြစ် လက်ခံကျင်းပခဲ့သည့် ဆီးဂိမ်းနှင့် အာဆီယံအစည်းအဝေးကာလများတွင် ဟိုတယ်လုပ်ငန်းများမှာ အားကောင်းခဲ့ပြီး ယင်းကာလများကို လက်ရှိတွင် ပြန်လည်လွမ်းမောနေရပြီဖြစ်သည်ဟု လုပ်ငန်းရှင်တစ်ချို့က ပြောသည်။

ယခုကာလများတွင် ဟိုတယ်တစ်ချို့သာ အဆင်ပြေမှုများရှိနေပြီး အများစုမှာ ဧည့်သည် ဝင်ရောက်မှု နည်းနေခြင်းကြောင့် ဟိုတယ်လုပ်ငန်းများကို ရပ်နားထားရမည့်အနေအထားများဖြင့် အခြေအနေများ ရှိလာနေပြီဖြစ်သည်။

ဟိုတယ်များ လုပ်ငန်းမကောင်းလို့ အရှုံးပေါ် နေရသော်လည်း ဟိုတယ်တည်ဆောက်သည့် လုပ်ငန်းများ မှာလည်း ပုံမှန်အတိုင်း ရှိနေသလို ဟိုတယ်တည်ဆောက်ခွင့် တင်ပြထားမှုမှာလည်း နည်းခြင်းများခြင်းမရှိပဲ ဝန်ကြီးဌာနသို့ ပုံမှန် တင်ပြထားသည့်အနေအထားများရှိနေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိအနေအထားများ၌ နေပြည်တော်တွင် နိုင်ငံတကာပွဲများနည်းပါးလာခြင်း၊ ပြည်တွင်းပွဲများ နည်းပါးလာခြင်း၊ ကျောက်မျက်ပြပွဲ များတွင် ဧည့်သည်လာရောက်မှုနည်းပါးလာ ခြင်းကြောင့် နေပြည်တော်၏ ဟိုတယ်လုပ်ငန်းမှာ အကျဘက်ကို ဦးတည်ရောက်ရှိလာနေသည်။

“ နေပြည်တော်မှာ ဟိုတယ်(၆၅)လုံး Register လုပ်ထားတာထဲမှ (၄၇)လုံးလောက်ပဲ လုပ်ငန်း လည်ပတ် နေပါတယ်၊ တစ်ချို့ဟိုတယ်တွေဆိုရင် ဒေါ်လာသန်းနဲ့ချီပြီး အရှုံးပေါ်တယ်။ လုပ်ငန်းရှင် အကြီးစားတွေဆို နေပြည်တော်မှာ အစည်းဝေးပွဲ လုပ်ဖို့ လုံးဝစိတ်မဝင်စားဘူး။ တစ်ခြားစီးပွားရေး တွေလည်း ကြပ်တည်းနေတဲ့ အချိန်မှာဆိုရင် ဒီ လုပ်ငန်းကြီးက ရှုံးနေတဲ့အတွက် အရမ်းကြီး Focus လုပ်ပြီးတော့ လုပ်တာ နောက်ပိုင်း သိပ် မရှိဘူး။ ပြီးခဲ့တဲ့ ဇွန်လတုန်းက နေပြည်တော်မှာ ကျောက်မျက်ပွဲရှိတဲ့အတွက် တစ်ချို့ဟိုတယ် လေးတွေ အသက်ရှူချောင်ပါတယ်။ အဲဒီလိုမျိုးကလည်း လတိုင်းမရှိပါဘူး ”ဟု နေပြည်တော်ဟိုတယ်ဇုန်မှ ဥက္ကဋ္ဌ ဦးသန်းထွဋ်က ပြောသည်။

ထို့ကြောင့် နေပြည်တော်နယ်မြေကို ဆွဲ ဆောင်ပြီး MICE ဈေးကွက်ကို ပြန်လည်ရှင်သန် လာအောင် ဆောင်ရွက်ဖို့လိုနေပြီဖြစ်သည်။

ရှိပြီးသား အထင်ကရနေရာများဖြစ်သည့် ရေပန်းဥယျာဉ်၊ ဆာဖာရီဥယျာဉ်၊ အမျိုးသား အထိမ်းအမှတ်ဥယျာဉ် စသည့်နေရာများကို အဆင့်မီပြပြင်ရမည်ဖြစ်သလို နေပြည်တော်အနီး ဝန်းကျင်ရှိ ဆင်စခန်း၊ ရေပူစမ်းနှင့် ကျေးရွာများ၏ ကျေးလက်သဘာ၀ အလှတရားများကိုဆွဲဆောင် ဖန်တီးကာ ဧည့်သည် ပိုမိုရောက်ရှိလာအောင် ဖန်တီးပေးရမည်ဖြစ်သည်။ လက်ရှိရင်ဆိုင်နေ ရသည့် နေပြည်တော်၏ ဟိုတယ်လုပ်ငန်းများ၏ စိန်ခေါ် နေမှုများကို တစ်ဦးချင်းတစ်ယောက်ချင်း လုပ်လို့မရသလို ဝိုင်းဝန်းအဖြေရှာမှသာ ရရှိလာ မည်ဖြစ်သည်။

ထို့ကြောင့် နေပြည်တော်ဟိုတယ်ဇုန်များ၏ အနာဂတ်ရှင်သန်မှုများသည် MICE ဈေးကွက် ဖွံ့ဖြိုးလာအောင်ဆောင်ရွက်သွားဖို့ လိုသလို တစ်ညအိပ်နားနေနိုင်သည့် မြို့တော်အဖြစ် ပြန်လည် အသက် သွင်းလာနိုင်အောင်လည်း ဝိုင်းဝန်းအဖြေရှာဖို့ လိုအပ်နေပြီဖြစ်ပေသည်။

Travelling_Journal/Vol_1_Issue_3/Photo_Hilton Hotel NayPyiTaw