တည်ငြိမ်ရင့်ကျက် သော အလှတရားများကြောင့် ခရီးသွား တွေကြား ရေပန်းစားလာအုံးမည့် ချောင်းသာကမ်းခြေ

Travelling journal ချောင်းသာကမ်းခြေဟု ဆိုလိုက်သည်နှင့် ပင်လယ်စာပေါများစွာရရှိခြင်း၊ ပြည်တွင်းခရီးသွားများ၏ သည်းခြေကြိုက် ကမ်းခြေတစ်ခုဟု ဆိုရလောက်အောင် ရေပန်းစားစေသည့် ကမ်း​ခြေတစ်ခုဖြစ်သည်ကငြင် ...

Travelling journal

ချောင်းသာကမ်းခြေဟု ဆိုလိုက်သည်နှင့် ပင်လယ်စာပေါများစွာရရှိခြင်း၊ ပြည်တွင်းခရီးသွားများ၏ သည်းခြေကြိုက် ကမ်းခြေတစ်ခုဟု ဆိုရလောက်အောင် ရေပန်းစားစေသည့် ကမ်း​ခြေတစ်ခုဖြစ်သည်ကငြင်းဆိုဖွယ်ရာမရှိပေ။

ချောင်းသာ ကမ်းခြေမှာ မြန်မာနိုင်ငံ၏ အထင်ကရ ကမ်းခြေများကဲ့သို့ Royal Beach မဟုတ်ပဲ Public Beach တစ်ခု သာဖြစ်လေသည်။ ထို့ပြင် ချောင်းသာကမ်းခြေဖြစ်ပေါ်လာခဲ့ခြင်းကလည်း အရှင်မွေး နေ့ချင်းကြီး မဟုတ်ခဲ့ရပေ။ ၂၆ နှစ်ကျော် ၂၇ နှစ် အရွယ်ရောက်ပြီးသား လောကဓံ၏ အရိုက်အပုတ်၊ အထုအထောင်းများ၊ ခေတ်အဆက် အဆက် ဖြတ်သန်းလာခဲ့ရသဖြင့် ရင့်ကျက် တည်ငြိမ်ပြီး အတွေ့အကြုံရရှိနေသည့် ကမ်းခြေတစ်ခု ဖြစ်လာခဲ့ရသည်။

အနယ်နယ်အရပ်ရပ်ကမှီခိုရာဒေသဖြစ်ခဲ့တယ်

ချောင်းသာတွင် ရှိနေသည့် ဒေသခံများထက်အနယ်နယ်အရပ်ရပ် မှ ရေကြည်ရာ မြက်နု ရှာဖွေလာခဲ့ကြသည့်​ ဒေသတစ်ခုဖြစ်ခဲ့သည်။၂၀၀၈ ခုနှစ် နာဂစ်ပြီးနောက်ပိုင်း ရွှေ့ပြောင်းလာသူများ၏ မှီခိုရာ ကျက်စားရာ အားထားရာ ဒေသ တစ်ခုဖြစ်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အနယ်နယ်အရပ်အရပ်မှ လာရောက် အလုပ်လုပ် ကိုင်ကြသည့် မှီခိုရာ တစ်ခု ၊လှေခါးထစ် တစ်ခုဖြစ်ခဲ့လေသည်။

မိုးရာသီခရီးသွားဈေးကွက်ပထမဆုံးစတင်ဖော်ဆောင်

ဟိုးလွန်ခဲ့သည့် ဆယ်စု နှစ်ကျော်၂၀၁၁ ခုနှစ် တွင် ဟိုတယ်လုပ်ငန်းရှင်များမှ ပထမအကြိမ်ဈေးရောင်းပွဲတော် ကျင်းပခဲ့ပြီး နောက်ပိုင်းတွင်ချောင်းသာ ကမ်းခြေကို ခရီးသွား ဧည့်သည်များပိုမိုလာရောက်လည်ပတ်နိုင်စေရန် ရည်ရွယ်ချက်ဖြင့်ချောင်းသာ- ပုသိမ် လမ်းကို ကိုယ်ထူကိုယ်ထပြင်ဆင်ခဲ့ကြသည်။ ထိုစဉ်က တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် ကားလမ်းအဆင့်မြှင့်တင်ခဲ့ပြီး ချောင်းသာသို့ ပြည်တွင်းမှ ခရီးသွားများ ဝင်လာမစဲရှိခဲ့သည်။ ဟိုးယခင်ကာလများတွင် မိုးတွင်းကာလများ၌ ဟိုတယ်များကို ပိတ်ထားခဲ့ရာမှ မိုးရာသီခရီးသွား စျေးကွက်ကို ဖော်​ဆောင်ပြီးနောက် တစ်စစနှင့် ချောင်းသာသို့ လာရောက်လည်ပတ်ကြသူများပြားလာခဲ့သည်။ချောင်းသာ၏အားသာချက်များမှာ ကမ်းခြေမိုင်တိုခြင်း ပင်လယ်စာအစား အသောက်ပေါများခြင်း ဟိုတယ်များ မှာလည်း ဈေးချိုပြီး ဝန်ဆောင်မှုကောင်းခြင်းများကြောင့် ဧည့်သည်များမှာ မိုးတွင်းတွင် လာရောက် အပန်း ဖြေမှု ဈေးကွက်ကို ဖောက်နိုင်ခဲ့ခြင်းမှာ ချောင်းသာဟိုတယ်ဇုန်၏ ကြိုးစား အားထုတ်မှုဟု ဆိုရပေသည်။

ဒေသအကျိုးဖော်ဆောင်နိုင်

ထို့ပြင် ကမ်းခြေကို ဖော်ဆောင်ပြီးနောက်ပိုင်း
ခရီးသွား ဧည့်သည် လာရောက်မှု များပြားလာခဲ့သလို ဒေသအတွက် စာသင်ကျောင်း၊ဆေးရုံ၊ အမှိုက်ကား ၂စီး၊မီးသတ်ကား ၁စီး၊ မီးသဂြိုလ်စက်စသည်တို့ကိုလည်း ဟိုတယ်ဇုန်က တစ်ဖက်တစ်လမ်းမှ လှူဒါန်းပေးခဲ့သေးသည်။ဒါ့အပြင် ကမ်း​ခြေတွင် စည်းမဲ့ကမ်းမဲ့ အမှိုက်များမပစ်ရလေအောင် ချောင်းသာဟိုတယ် လုပ်ငန်းရှင်များအသင်းမှ ကမ်းခြေတစ်လျှောက် အမှိုက်သိမ်းရန်အတွက် စည်ပင် မှလူစိုက်ကာ ဟိုတယ်လုပ်ငန်းရှင်များမှ လစဉ်ငွေစိုက်ပြီး ကမ်းခြေအမှိုက် သိမ်းစနစ်ကိုအကောင် အထည် ဖော်ထုတ်ပေးခဲ့သည်။ ထို့အပြင် အရေးပေါ်လူနာတင်ယာဉ်၊နာရေးကူညီမှုအသင်း အစရှိသည်တို့ကို ဒေသခံနှင့်အတူ ပူးပေါင်းပြီး တစ်စုတစ်စည်းထဲလုပ်ဆောင်ခဲ့သည်။ ကမ်းခြေတွင် လာရောက် အပန်းဖြေသည့် ဧည့်သည်များအတွက် Speed Boat များ၊Bananaအပျော်စီးများ၊ ရှပ်ပြေးစီး ဆိုင်ကယ်များ အစရှိသည်တို့ကို ထားရှိပေးခြင်း၊ ရေပြင်သက်ကယ်များ ထားရှိခြင်း၊ ကမ်းခြေစည်းကမ်းထိန်းသိမ်းရေးနှင့် လှုံဆော်ရေးဖွဲ့စည်းထားရှိခြင်းတို့မှာ မြန်မာနိုင်ငံ၏ ကမ်းခြေများထဲတွင် ပထမဆုံးဟု ဆိုနိုင်သည်။

ပထမဆုံးအလုပ်ရုံဆွေးနွေးပွဲကျင်းပနိုင်

ချောင်းသာကမ်းခြေ သန့်ရှင်းသာယာလှပရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် လွန်ခဲ့သည့် ၂၀၁၆
ခုနှစ် စက်တင်ဘာ ၁၆ ရက်မှ ၁၈ ရက်အထိ ချောင်းသာကမ်းခြေရှိ Hotel Ayeyarwaddy တွင် အလုပ်ရုံဆွေးနွေးပွဲကျင်းပခဲ့သည်။ ယင်းအလုပ်ရုံဆွေးနွေးပွဲတွင် ဟိုတယ်လုပ်ငန်းရှင်၊စားသောက်ဆိုင် လုပ်ငန်းရှင်၊ဟိုတယ် GMများ၊ ဝန်ထမ်းများ၊ ကမ်းခြေနှင့် ပတ်သက်သည့် သူများ၊ ဒေသအခေါ် ချက်ပို့များ၊ခေါင်းရွက် ဗျက်ထိုးဈေးသည်များ နှင့်တစ်နိုင်တစ်ပိုင်လုပ်ငန်းရှင်များပါ တက်ရောက်ခဲ့ကြသည်။ အဆိုပါ အလုပ်ရုံပွဲဖြစ်မြောက်အောင် အစိုးရပိုင်းမှ တက်ရောက်လာစေနိုင်ရန် ဇလွန် မြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်း ၏ ကြိုးစားပေးမှုကြောင့်လည်းပါသလို ကွယ်လွန်ခဲ့သည့် ဆရာကြီး ဒေါက်တာထွန်းလွင် လည်း မှတ်မှတ်ရရ တက်ရောက်ခဲ့သည်။ ထို့အပြင် ဆရာဦးစည်သူလွင်၊ ဒေါ်ဆွေဇင်ထိုက်၊ ဟိုတယ်ခရီး မှ ဒုညွန်ချုပ် ဒေါ်ခင်သန်းဝင်း၊ ဒေါက်တာကျော်စွာဦး၊ ဒေါ် ဝေဖြိုးမြင့်၊ ဒေါ်စန္ဒာသန့်၊ ချောင်းသာကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးတေဇာအောင်၊ တိုက်နယ်ဆေးရုံ ဆရာဝန် ဒေါက်တာ ထွန်းထွန်းနိုင် ၊ ဧရာဝတီတိုင်း ဟိုတယ်ခရီးတာဝန်ခံ ဦးဇော်လင်းထွန်း၊တိုင်းရဲတပ်ဖွဲ့ မှ ဒုတိုင်း တပ်ဖွဲ့မှုး ၊ဒုတိယရဲမှူးကြီး လှိုင်တင့်၊ ဦးမောင်မောင်ဦး(ARCCI) တို့ကလည်း ဆွေးနွေးခဲ့ကြသည်။ထိုစဥ်က ကမ်းခြေတွင် အရေးကြီးသည့် ပလပ်စတစ် ဆိုင်သည့်စာတမ်းကို ဒေါက်တာ ချိုဝင်းမော်နှင့် ဦးကိုကိုကြီး တို့က ဆွေးနွေးပေးခဲ့သည်ကိုလည်း အမှတ်ရမိသည်။ဆွေးနွေးပွဲသုံးရက်စလုံးတက်ရောက်နိုင်အောင် ဒေသခံများကိုလည်း နေ့တွက်စရိတ် ၃၀၀၀ ကျပ်ပေးပြီး ဧည့်ဝတ်ပြု ခဲ့ကြသည်။ ယင်းကာလတွင် ချောင်းသာတွင် မီးမရရှိသေးခြင်းကြောင့် လျှပ်စစ်မီးကိစ္စများ၊ ချောင်းသာမြို့ဖြစ်အောင် ကြိုးစားတွန်းအားပေးမှုကြောင့် ယခုဆိုရင် ချောင်းသာမှာ မြို့ဖြစ်ခဲ့ပြီး မကြာခင်တွင် မီးရရှိနိုင်တော့မည်ဖြစ်သည်။ထိုစဥ်က အလုပ်ရုံဆွေးနွေးပွဲ၏ အကျိုးရလာဒ်များပင်ဖြစ်သည်။

ဆွေးနွေးပွဲကအကျိုးရလာဒ်များ

ဆွေးနွေးခဲ့စဉ်က အဖြေမရနိုင်ခဲ့သည့် လျှပ်စစ်မီးများ ဟိုတယ်များတွင် ရရှိလာတော့မည်ဖြစ်သလို ယခင်က ရန်ကုန်နှင့် ငွေလွှဲရန် အခက်ခဲဖြစ်နေရာမှ ပုဂ္ဂလိက ဘဏ်များကိုဖွင့်လာကြခြင်းများက အလုပ်ရုံဆွေးနွေးပွဲ ၏ အကျိုးဆက် ရလာဒ်ကောင်းများပင်ဖြစ်လေသည်။ ထို့အပြင် ဥတို တံတားတွင် ကားများ တန်းစီ စောင့်ဆိုင်းရသည့် အနေအထားမှ တံတားပေါ်တွင် ကားနှစ်စီး ယှဉ်ပြီးဖြတ်သန်း သွားလာနိုင်ပြီဖြစ်လေသည်။ ထို့အပြင် လက်ရှိတွင် ချောင်းသာတွင် ၁၁ ကေဗီဓာတ်အားခွဲရုံကို တည် ဆောက်ရန် ပြင်ဆင်နေပြီး စက်ပိုင်းဆိုင်ရာပစ္စည်းများလည်း ရောက်ရှိလာပြီဖြစ်ကြောင်း ကိုဗစ် ကာလ ဖြစ်သည်မို့ တည်ဆောက်မှုအပိုင်းကို စတင်ရုံသာ လုပ်ထားသေးသာဖြစ်ပြီး ဟိုတယ်ဇုန်များ၏ ကိုယ်ထူ ကိုယ်ထ ၁၁ ကေဗီဓာတ်အားခွဲရုံဖြစ်ကြောင်း ချောင်းသာမြို့လျှပ်စစ်အင်ဂျင်နီယာ ဦးမျိုးကျော် က ပြောသည်။

သန့်ရှင်းသပ်ရပ်လာသည့်ကမ်းခြေဖြစ်လာ

လာရောက်လည်ပတ်သူများပြားသော်လည်း ကမ်းခြေလှပမှုအပိုင်းမှာ နည်းပါးခဲ့သည်။ စည်းမဲ့ကမ်းမဲ့ ပလပ် စတစ်များ၊အမှိုက်ပုံများ၊ဒေသခံနှင့် လုပ်ငန်းရှင် ကြား အငြင်းပွားမှုများ ဟာ မှေးမိန်ပျောက်ကွယ်ခဲ့ပြီး လက်ရှိတွင် ကမ်းခြေ ဂေဟစနစ်ပြန်လည်ကောင်းမွန်လာသလို အမှိုက်ကင်းစင်လာခြင်းကြောင့် သပ်ရှင်း သပ်ရပ် လာသည့် ကမ်းခြေတစ်ခု ဖြစ်လာခဲ့ရပြီဖြစ်သည်။ ယခင်က မြင်တွေ့ရခဲသည့် ဂဏန်းနီကောင်များမှာ ယခု ကမ်းခြေ သဲသောင်ပြင်တွင် တစ်စတစ်စ ဖြင့် မြင်တွေ့လာခဲ့ပေသည်။

ငါးနှစ်တာကာလအတွင်းဧည့်သည်ဝင်ရောက်မှုတိုးတတ်လာ

လွန်ခဲ့သည့်ငါးနှစ်တာ ကာလအတွင်း ချောင်းသာ ကမ်းခြေသို့ နေ့ချင်းပြန်နှင့် ညအိပ်ဝင်ရောက်မှု ခရီးသွား ဧည့်သည်စာရင်းများအရ ကြည့်မည်ဆိုပါက ကမ်းခြေ သို့ဧည့်သည်ဝင်ရောက်မှုအနေအထားကို တွေ့မြင်နိုင်လေသည်။ ဟိုတယ် နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ချောင်းသာရုံးခွဲ၏ စာရင်းအရ ၂၀၁၅ ခုနှစ်တွင်ပြည်တွင်း ဧည့်သည် လူဦးရေ ၂၂၈၃၀၄၂ ဦး နှင့် ပြည်ပဧည့်သည် ၄၀၄၉ ဦး ဝင်ရောက်ခဲ့သည်။


၂၀၁၆ခု နှစ်တွင် ပြည်တွင်း ဧည့်သည် လူဦးရေ၂၅၃၉၂၈ ဦးနှင့် ပြည်ပဧည့်သည် ၃၂၃၉ ဦး ဝင်ရောက်ခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် ပြည်တွင်း ဧည့်သည် လူဦးရေ ၁၈၀၀၅၁ ဦးနှင့် ပြည်ပဧည့်သည် ၂၅၁၂ ဦး ဝင်ရောက်ခဲ့သည်။၂၀၁၈ခုနှစ်တွင်ပြည်တွင်း ဧည့်သည် ၅၂၃၇၁၄ ဦးနှင့် ပြည်ပဧည့်သည် ၇၇၅ ဦး ဝင်ရောက်ခဲ့သည်။
၂၀၁၉ခုနှစ် တွင် ပြည်တွင်းဧည့်သည် ၅၈၃၇၇၈ဦးနှင့် ၄၆၅ ဦးဝင်ရောက်ခဲ့သည်။၂၀၂၀ မတ်လ၂၄ရက်ထိ ပြည်တွင်းဧည့်သည် ၁၄၇၀၈၄ ဦးနှင့် ပြည်ပဧည့်သည် ၄၄၂ ဦး ဝင်ရောက်ခဲ့သည်ကို ကြည့်ပါက ချောင်းသာကမ်းခြေ ကို ပြည်တွင်းခရီးသွား များဝင်ရောက်မှု များသည်ကို စာရင်းအရ သိရသည်။

ကမ်းခြေတွင်ရင်းနှီးမြုပ်နှံသူများပြားလာ

ချောင်းသာကမ်းခြေ ကို ရန်ကုန်မြို့မှ လာရောက်မည်ဆိုပါက အချိန် ငါးနာရီခန့်ပေးလိုက်ရုံမျှဖြင့် ရောက်ရှိနိုင်ခြင်း၊ပင်လယ်စာ ၀၀လင်လင်စားနိုင်ခြင်း စသည့် အချက်များကြောင့် ချောင်းသာကမ်းခြေကို ပြည်တွင်းခရီးသွားအများဆုံး လာရောက်လည်ပတ်ခြင်းဖြစ်လေသည်။ ဧည့်သည် လာရောက်မှု များပြားလာခဲ့သည့်နောက်ပိုင်းတွင်ကမ်းခြေတွင် ရင်းနှီးမြုပ်နှံမှုအသစ်များ တိုးလာခဲ့ခြင်းက သက်သေများပင်ဖြစ်လေသည်။ တခြားကမ်းခြေများထက် ချောင်းသာကမ်းခြေတွင် ရင်းနှီးမြုပ်နှံမှုမှာ စရိတ် သက်သာစေသည်ဟု လုပ်ငန်းရှင်များက ဆို​လေသည်။ လွန်ခဲ့သည့် ဆယ်စုနှစ် သက်တမ်းကျော်ကို ပြန်ကြည့်ပါက ချောင်းသာကမ်းခြေတွင် ရင်းနှီးမြုပ်နှံခြင်းမှာ တည်ငြိမ်ခြင်း၊ပြည်တွင်းဈေးကွက် ခိုင်ခိုင်မာမာရရှိထားခြင်း ကြောင့် ရင်းနှီးမြုပ်နှံသူများမှာ တွက်ချေကိုက်လာခြင်းကြောင့် ဟိုတယ်များ၊စားသောက်ဆိုင်များ တိုးတက်လာခဲ့သည်။ ထို့ကြောင့် ချောင်းသာဟိုတယ်ဇုန်အသင်းမှ မြို့ Town Plan ဆွဲရန် တင်ပြခဲ့ရာတွင် ယခုအချိန်ထိ ချပြပေးခြင်းမရှိသလို ပွင့်လင်းမြင်သာမှုကိုလည်းဖြစ်စေချင်ကြောင်း ချောင်းသာခရီးသွားလုပ်ငန်းရေရှည်ဖွံ့ဖြိုးတိုးတက်လာစေရန်မှာ ဒေသ၏ ခရီးသွား ဝန်ဆောင်မှုများ မြင့်မားတိုးတက်လာစေရန်နှင့် ရေရှည်တည်တံ့စေရန်အတွက် ဒေသခံနှင့် လုပ်ငန်းရှင်များမှ ဝိုင်းဝန်းစုပေါင်းကြိုးစား
ရမည်​ဖြစ်သလိုနိုင်ငံတော် ဘက်ကလည်း ကူညီဆောင်ရွက်ပေးမည်ဆိုပါက ပိုပြီးတိုးတက်မြန်ဆန်လာမည်ဟုလည်း ချောင်းသာဟိုတယ်ဇုန်၏ ဥက္ကဋ္ဌဦးမင်းကျော်ဦးက ထောက်ပြပြောဆိုသည်။

မည်သို့ပင်ဆိုစေ ချောင်းသာကမ်းခြေ၏ ကောက် ကြောင်းကို ပြန်ကြည့်မည်ဆိုပါက သက်တမ်းအားဖြင့် နှစ် ၂၆ နှစ်ကျော် ၂၇ နှစ် ဝန်းကျင်ထဲ ဝင်ရောက်လာခဲ့သည်။ တည်ငြိမ်ရင့်ကျက်လာခဲ့သည့် ကမ်းခြေတစ်ခု ဖြစ်လာခဲ့သည့်အပြင် ပြည်တွင်း ပြည်ပ ခရီးသွားများကြားတွင်လည်း ရေပန်းစားသွားလာ လည်ပတ်ကြမည့်ကမ်းခြေတစ်ခု ဖြစ် လာမည်ကတော့အမှန်ပင်ဖြစ် လေ ပေတော့သည်။