ဆံရစ်ဝိုင်း ယဉ်ကျေးမှု ထွန်းကားရာ ရေပုတ်ကြီးကျေးရွာဆီ

ယဉ်ယဉ်လှ၊ တိုး၀င်းလွင် ’’ကျုပ်တို့ရွာက မြင်းစီးရင် ဆံထုံးလေးနဲ့ ပန်းလေးနဲ့ ပန်ဆင်ပြီးမှ သင်္ကန်း၀တ်ရတာ၊ ကျုပ်တို့ရွာမှာ ကလေ ယောင်္ကျားလေးမွေးရင် မွေးကင်းစတည်းက နေ ဆံပင်အရှည်ထားတာ။ ကလေးတွေက ငယ် ...

ယဉ်ယဉ်လှ၊ တိုး၀င်းလွင်

’’ကျုပ်တို့ရွာက မြင်းစီးရင် ဆံထုံးလေးနဲ့ ပန်းလေးနဲ့ ပန်ဆင်ပြီးမှ သင်္ကန်း၀တ်ရတာ၊ ကျုပ်တို့ရွာမှာ ကလေ ယောင်္ကျားလေးမွေးရင် မွေးကင်းစတည်းက နေ ဆံပင်အရှည်ထားတာ။ ကလေးတွေက ငယ်ငယ်ကတည်းက ကျွန်တော်ကတော့ ဘယ်အကိုအကြီးနဲ့ တူတူ မြင်းစီးမှာဆိုတဲ့ စိတ် က ငယ်ကတည်းကို ၀င်နေကြတာ။ ကျွန်တော်ကို ဆံထုံးထားပေး။ ရှင်မပြုခင် မြင်းစီးချင်လို့ အဓိက ထားကြရင်း နဲ့ ဆံထုံးကို ထားလာကြတာ ’’လို့ ရေပုတ်ကြီးသူ အသက် ၅၁ နှစ်အရွယ် ဒေါ်ထွေးကြည်က ဆိုပါတယ်။

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာဟာ ဆံရစ်ဝိုင်းယဉ်ကျေးမှုဒေသအဖြစ် တစတစ လူအများ သိမြင်လာခဲ့ ကြားမြင်လာခဲ့ပါပြီ။ ဒီရွာလေးကို ဓာတ်ပုံဆရာတွေ ၊ခရီးသွားလုပ်ငန်းရှင်တွေ၊ မီဒီယာ တွေ ကြားမှာ ဖော်ပြလာပြီးတဲ့ နောက်မှာ ဆံရစ်ဝိုင်းတွေရှိတဲ့ ရေပုတ်ကြီးကျေးရွာကို အထူး အာရုံပြု ဂရုစိုက်မိ လာခဲ့ခြင်း ပင်ဖြစ် လာပါတော့တယ်။

ဒါကြောင့် ရေပုတ်ကြီးရွာရဲ့ ဒေသအကြောင်း ၊ရိုးရာဆံရစ်ဝိုင်းထားရှိမှု၊ လက်ရှိကျေးရွာအခြေအနေ ၊နေထိုင်မှု ဓလေ့ တွေကို သိရှိလိုခြင်းကြောင့် စာရေးသူတို့ ဟာ ရေပုတ်ကြီးကျေးရွာဆီကို ကွင်းဆင်းရောက်ရှိ လာခဲ့ခြင်း ပင်ဖြစ်ပါတယ်။ ရေပုတ်ကြီးကျေးရွာဟာ မကွေးတိုင်း ပွင့်ဖြူမြို့ကနေ ၁၂ မိုင် အကွာ မှာတည်ရှိ တဲ့ ကျေးရွာ တစ်ရွာပင်ဖြစ်ပါတယ်။

မကွေးမြို့ခံ ခရီးသွားကုမ္ပဏီမှ တာ၀န်ရှိသူတစ်ဦးကလည်း ကလေးတွေကို ပြင်ဆင်ပေးထားရမလား လို့ ဆိုပေမယ့် စာရေးသူတို့က ကလေးတွေ ရဲ့ ကျေးလက်သဘာ၀ အတိုင်း လှုပ်ရှားသွားလာ နေတာကို မြင်တွေ့ စေချင်တာကြောင့် ဒီအတိုင်းပဲ နေတာက ပိုကောင်းတယ်လို့ ဆိုပြီး ရွာဆီကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။

ရေပုတ်ကြီးကျေးရွာ မှာ ကြီးပြင်းလာခဲ့တဲ့ ဒေါ်ထွေးကြည်ကတော့ အခုလို ဒီဒေသကို လူအများ စိတ်၀င်စား လာကြတာဟာ သူ့ခေတ်နဲ့သူဖြစ်လာတာလို့ ဒေါ်ထွေးကြည်ကတော့ ခံယူထားတယ်လို့ ဆိုပါတယ် ။ သူမကတော့ ရေပုတ်ကြီးမှာ မွေး၊ ရေပုတ်ကြီးမှာ ကြီးပြင်းလာခဲ့သူ တစ်ဦးဖြစ်သလို တခြားဒေသခံရွာသူ များထက် စာရင် စကားကို ချက်ချက်ရှာရှာ ပြောတတ်ဆိုတတ်သူတစ်ဦးဖြစ်ပါတယ်။

ရေပုတ်ကြီးကျေးရွာဟာ စပါး ၊ နှမ်းကို အဓိက လုပ်ကိုင်ကြတာဖြစ်တယ်လို့ ဆိုပါတယ်။ အိမ်ခြေ ၆၀၃ အိမ် ရှိပြီး အိမ်ထောင်စု ၆၂၂ စု ရှိကာ လူဦးရေ ၃၁၉၆ ဦး ဝန်းကျင်နေထိုင်ကြတဲ့ ကျေးရွာ ဖြစ်ပါတယ်။ ကျေးရွာရဲ့ အဓိက လုပ်ငန်းက စပါးစိုက်ပျိုးခြင်းဖြစ်ပေမယ့် တစ်ခြားရွာတွေမှာ သာ သွားရောက်စိုက်ပျိုးကြတာဖြစ်တယ်လို့ ဆိုပါတယ်။ အဓိက တော့ ရေပုတ်ကြီးကျေးရွာမှာ ဆည်ရေ မရရှိခြင်းကြောင့် တစ်ခြားရွာမှာ သွားရောက်စိုက်ပျိုးကြရတာလို့ ဒေါ်ထွေးကြည်က ဆိုပါတယ်။ ဒါ့အပြင် ဟင်းသီးဟင်းရွက် တွေကိုလည်း စလင်းမြို့ကနေ ၀ယ်ယူပြီး ကျောင်းကုန်းကြီးရွာကနေ ရေပုတ်ကြီး ကျေးရွာကို လာရောက် ရောင်းချကြ တာဖြစ်ပါတယ်။ အိမ်တွေမှာကတော့ ဆိတ်မွေး၊နွားမွေး မြူတာတွေ လုပ်ကိုင်ကြတယ်။

လက်ရှိ ကျေးရွာမှာက မီးမရသေးမဲ့ မိမိတတ်နိုင်တဲ့ သုံးသောင်းတန်၊ ငါးသောင်းတန် အစားစားရှိတဲ့ ဆိုလာမီးနဲ့ ဘတ္တရီ ကိုသာ အသုံးပြုနေဆဲဖြစ်ပါတယ်။ ရေပုတ်ကြီးကျေးရွာဟာ ခြေတံရှည်အိမ်အများစုရှိကြပါတယ်။ အိမ်ရှေ့မှာ နွားတင်းကုတ်ထားတာမျိုးလည်း တွေ့မြင်ရတယ်။ အိမ်ကြီးအိမ်ကောင်း တော့ သိပ်မ တွေ့မြင်ရပါဘူး။ စျေးဆိုင် အနည်းငယ်တော့ ရှိတာကို တွေ့မြင်ရပါတယ်။ အရှေ့နဲ့အနောက်ကို သာ ရှည်တန်းတဲ့ ပုံစံမျိုးနဲ့ ရွာ တည်ရှိထားတာကို တွေ့မြင်ရပါတယ်။
ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းထားတဲ့ ပုဂံညောင်ဦးနားက သျှောင်ပေစူးတို့ရွာ ဆို လူတိုင်းသိပြီး ခရီးသွားတွေ သွားလာကြတဲ့ ခရီးစဉ်ဒေသ တစ်ခု ဖြစ်လာနေပါပြီ။ အခုအခါမှာတော့ ဒီဖန်ခါးမြေရဲ့ဆံရစ်ဝိုင်းတွေရှိရာဒေသ၊ ရေပုတ်ကြီးကျေးရွာကိုလည်း လူအများ ပိုပြီး စိတ်၀င်စားလာကြခြင်းပင်ဖြစ်ပါတယ်။ ရေပုတ်ကြီးကျေးရွာရဲ့ ထူးခြားချက်က ရွာမှာရှိတဲ့ အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူ ၆၀၀ နီးပါးမှာ ၅၀၀ ကျော်က ဆံရစ်ဝိုင်းထားရှိခြင်းပါပဲ။

ကျေးရွာမှာ ရှိတဲ့ ကလေးတွေအများစုက ဆံရစ်ဝိုင်းကို ထားရှိခြင်းက ရေပုတ်ကြီးကျေးရွာရဲ့ ထူးခြားမှုတစ်ရပ်ပါ။
အခုလို ဆံရစ်ဝိုင်းထားရှိခြင်းကလည်းအန်တီတို့ အမေတို့ခေတ်ကတည်းက ရှိနေခဲ့တဲ့ဓလေ့ပါ။ သမိုင်းကြောင်းထူးထူး တွေထွေမရှိပေမယ့် ကလေးတွေက မြင်းစီးချင်လို့ ဆံထုံးထားကြလာတဲ့ဓလေ့က နေ အခုထက်တိုင်ပါပဲ။ ဆံပင်အရှည်ထားလာခြင်းကို နှစ်ခြိုက်လာမိရင်း အခုလို ရိုးရာဓလေ့တစ်ခု လို ဖြစ်လာ ခဲ့တာပါ။ မိန်းကလေးတွေကတော့ မြင်းမစီးပေမယ့် အလှအတွက် ဆံထုံးကို ထားကြတယ်လို့ဆိုပါတယ်။ ဒီလိုနဲ့ပဲ ဆံထုံးထားလာကြတာ ယနေ့ထက်တိုင်ပါပဲလို့ ဒေါ်ထွေးကြည်က ရှင်းပြပါတယ်။

ရေပုတ်ကြီးကျေးရွာကို လူပိုသိစေလာရခြင်းကလည်း ဓါတ်ပုံဆရာတွေ ဒီရွာကို အလှဓာတ်ပုံ ရိုက်ကူး ဖို့လာ ကြရင်း ဆုတွေ ရရှိလာပြီးတဲ့နောက်မှာ ကျေးရွာကို လူအများသိလာခဲ့တယ်လို့ ဆိုပါတယ်။အဲဒီနောက်မှာ ခရီးသွားလုပ်ငန်းရှင်တွေ ရောက်ရှိလာခဲ့ကြသလို စိတ်၀င်စားပြီးလာရောက်ကြတဲ့ ပြည်တွင်း ဧည့်သည် တွေ လည်း ရောက်ရှိလာခဲ့ကြပါပြီ။ ပိုပြီး အားရကျေနပ်စရာကောင်းတာကတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ရေပုတ်ကြီးကျေးရွာကို ရောက်ရှိလာခဲ့ခြင်းပင်ဖြစ်ပါတယ်။ ဒါဟာ ရေပုတ်ကြီးကျေးရွာရဲ့ အလှည့်အပြောင်းလို့ ဆိုရမှာဖြစ်ပါတယ်။
လက်ရှိမှာတော့ ရေပုတ်ကြီးက ဆံရစ်ဝိုင်းသမီးပျိုတွေဟာ ဖွင့်ပွဲအခမ်းအနားတွေ၊ပြပွဲတွေမှာ နေရာယူလာခဲ့ပါပြီ။ ပြည်တွင်းခရီးသွားတွေကြားမှာ ရေပုတ်ကြီးကျေးရွာဟာ ရေပန်းစားစေခဲ့ပါပြီ။

ရိုးရာဓလေ့ကို တန်ဖိုးထားပြီးထိန်းသိမ်းထားတဲ့ ရေပုတ်ကြီးကျေးရွာဟာ ပြည်တွင်းခရီးသွားတွေကြားမှာရော ပြည်ပနိုင်ငံတွေထိပါ စိတ်၀င်စားမှု မြင့်တတ်လာခဲ့ပါပြီ။။
ရေပုတ်ကြီး ရွာက ကလေးတွေကို အရေးတယူ ခေါ်ယူလာပြီး အခမ်းအနားတွေမှာ နေရာယူလာခဲ့တာမျိုးကို မြင်တွေ့ရရင် ကိုယ့်ရွာ လေး ဒိထက် ပိုပြီး တိုးတတ်လာမယ်လို့ ယုံကြည်ထားပါတယ်လို့ ရွာသူရွာသားတွေက ယုံကြည်နေကြပါတယ်။အခု ဆို ကျေးရွာဟာ အရင်ကထက် ပိုပြီး ပြောင်းလဲလာမှုတွေ ရှိလာပါပြီ။ ရွာမှာ ဧည့်သည်တွေနားဖို့ အိမ်ကြီးကောင်းကောင်း ဆောက်လာကြပါပြီ။ လက်ရှိမှာ လည်း လာရောက် လေ့လာ လိုချင်တဲ့ ဧည့်သည်တွေအတွက်လည်း တည်းခိုနိုင်တဲ့ အနေအထားမျိုးတွေ ကို ဖန်တီးပေးနိုင်နေပါပြီလို့ ဆိုပါတယ်။

ရေပုတ်ကြီးကျေးရွာကို မကွေးမြို့ရဲ့ နိုင်ငံခြားသားလည်ပတ်စရာကောင်းတဲ့ ခရီးစဉ်ဒေသဖြစ်လာစေဖို့လည်း လက်ရှိ မကွေးဟိုတယ်နဲ့ ခရီးသွားညွန်ကြားမှုဦးစီးဌာနကနေလည်း ကြိုးစားဆောင်ရွက်နေပါတယ်။ မကွေး ဒေသ ကို နိုင်ငံခြားသားခရီးသွားဒေသအဖြစ် ခရီးစဉ် ရှာဖွေဖော်ထုတ်နေသလို ရေပုတ်ကြီးကျေးရွာကိုမကွေးတိုင်းရဲ့ဆံရစ်ဝိုင်းယဉ်ကျေးမှုဒေသအဖြစ် ပြည်တွင်းခရီးသွားတွေအကြား သိအောင် ဆောင်ရွက်နေပြီပဲ ဖြစ်ပါတယ်။ မြန်မာ့ယဉ်ကျေးမှုကို ချစ်မြတ်နိုးသူ မည်သူမဆို ထူးခြားလှတဲ့ ဆံရစ်ဝိုင်းတွေရှိရာ ဒေသဆီကို အရောက်လှမ်းသွားကာ လေ့လာနိုင်ပါပြီ။

နှစ်ပေါင်းများစွာ မထင်မရှားနဲ့ တည်ရှိခဲ့ရတဲ့ ဒီဆံရစ်ဝိုင်းတွေရှိရာ ရေပုတ်ကြီး ကျေးရွာရဲ့ ကျေးရွာရဲ့ လိုအပ်ချက်တစ်ချို့ကို သက်ဆိုင်ရာများအနေနဲ့ ဖြည့်ဆည်းပေးသွားနိုင်ဖို့လည်း မျှော်လင့်သလို များမကြာမီကာလအတွင်းမှာလည်း ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းထားပြီးတော့ ရိုးသားလှတဲ့ ဆံရစ်ဝိုင်း ကျေးလက်သားပျို သမီးပျိုလေးများ ရှိရာအရပ်ဆီကို ပြည်တွင်းပြည်ပခရီးသွားတွေ အများအပြား သွားရောက်လည်ပတ်ကြမယ်ဆိုတာကို ယုံကြည်နေမိပါတော့တယ်။

Travelling_Journal/Vol_1_Issue_15

Photo_TravellingJournal