င်္ဂဂါ မြစ်နှင့်ထိတွေ့ခြင်း

မော်ကျွန်းသူ မင်းမသိ ဗြဟ္မဒတ် ၊ ပြည်မသိ ဗာရာဏသီပြည်လို့ ခေါ်ဆိုကြတဲ့ တိုင်းပြည်ကို စာရေးသူ ရောက်ရှိခဲ့ပါပြီ။ဟိုးငယ်စဉ်ဘဝထဲက ဒီနာမည်ကို ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်သလို​ ရှေးယခင်ကတည်းက တည်ရှိလာ ...

မော်ကျွန်းသူ

မင်းမသိ ဗြဟ္မဒတ် ၊ ပြည်မသိ ဗာရာဏသီပြည်လို့ ခေါ်ဆိုကြတဲ့ တိုင်းပြည်ကို စာရေးသူ ရောက်ရှိခဲ့ပါပြီ။ဟိုးငယ်စဉ်ဘဝထဲက ဒီနာမည်ကို ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်သလို​ ရှေးယခင်ကတည်းက တည်ရှိလာခဲ့တဲ့ ဗာရာဏသီရွှေမြို့တော်ကြီးဒီမြေဒီရေပေါ်ကို စာရေးသူ ခြေချခဲ့ဖူးပါပြီ။

ဗာရာဏသီပြည်နယ်ဟာ ထူးခြားတည်ရှိတဲ့ သမိုင်းကြောင်းဆိုင်ရာတွေ ရှိခဲ့ရာမြို့တော်အဖြစ် ယနေ့တိုင်တည်ရှိနေခြင်းပါပဲ။နှစ်ပေါင်းများစွာကတည်းက တည်ရှိလာခဲ့တဲ့ မြို့နာမည်ဟာ ယနေ့ထိတိုင် အမည်နာမ မပြောင်းလဲပဲ တည်ရှိနေခြင်းကလည်း ထူးခြားမှုတစ်ခုအနေနဲ့ ရှိနေခဲ့တာပါ။ ဒါ့အပြင် ဗုဒ္ဓဘာသာဆိုင်ရာ အဆောက်အဦး အနုလက်ရာများစွာ ထုံမွန်းစွာ တည်ရှိခဲ့ရာနေရာတစ်ခုလည်းဖြစ်လို့နေခဲ့တာပါ။

မြစ်ကြီးငါးသွယ် မြစ်ငယ်ငါးရာ လို့ ခေါ်ဆို ထားရတဲ့ အိန္ဒိယပြည်နယ်ရဲ့ မြစ်များစွာကို ညွန်းဖွယ်ပြောဆိုထားတဲ့ ဒီပြည်နယ် ကို စာရေးသူ ရောက်ရှိလာခဲ့ပါတယ်။

အိန္ဒိယပြည်နယ်ရဲ့ မြစ်ကြီး ငါးသွယ် လို့ နာမည်ကြီးလှတဲ့ င်္ဂဂါမြစ်၊ အစီရတီမြစ်၊ ယမုံနာမြစ်၊ သရဘူမြစ်၊ မဟီတည်းဟူတဲ့မြစ်ငါးသွယ် ရှိခြင်းဟာ အိန္ဒိယပြည်နယ်ရဲ့ ဂုဏ်သတင်းကို မွှေးပျံစေတယ်လို့ ဆိုနိုင်ပါတယ်။

စာရေးသူအနေနဲ့ င်္ဂဂါမြစ်ဆိုတာဟာ ကျောင်းစာပေတွေထဲမှာ သင်ကြားပို့ချခဲ့ဖူးလို့ ကြားဖူးနေပြီး မြစ်တွေမှာ သမိုင်း​ကြောင်းတွေရှိပြီးသားဖြစ်မယ်လို့ လည်းယုံကြည်​ထားမိပါတယ်။ဒီလို မြစ်ကြီးငါးသွယ်ထဲက င်္ဂဂါမြစ်ရဲ့ သမိုင်းက ပိုပြီး ထင်ရှားစေလှပါတယ်။ ကြီးမြတ်တဲ့ သမိုင်းဆိုင်ရာ တွေ၊ဘာသာရေး ယုံကြည်မှုဆိုင်ရာတွေနဲ့ နှစ်ပေါင်းများစွာ ရှင်သန်လာခဲ့စေတာဟာ ထူးခြားမှုတစ်ခု ဖြစ်စေခဲ့တာပါ။

အိန္ဒိယပြည်နယ်ထဲမှာ င်္ဂဂါမြစ်ဟာ အရှည်ဆုံးမြစ်လည်းဖြစ်ပြီး ဟိန္ဒူလူမျိုးများရဲ့ အထွက်အမြတ်ထားရာ မြစ်ဖြစ်တာမို့ ဒီရေကို ချိုးခဲ့ရင် သိဒ္ဒိထူးတယ်၊ ကံကောင်းတယ်လို့ ယုံကြည်ထားတဲ့ မြစ်တစ်ခုဖြစ်ပါတယ်။

ဒီမြစ်မှာ လာရောက်ရေချိုးကြတဲ့ ဟိန္ဒူ လူမျိုးတွေကို တွေ့မြင်ရပြီး သေဆုံးသွားကြတဲ့ သူတွေရဲ့ ပြာကို မြစ်ထဲမျှော ရင် ကောင်းရာဘုံဘဝကို ရောက်ရှိတယ်လို့ အယူရှိကြတဲ့ ယုံကြည်မှု ကိုးကွယ်ရာ ပြယုဒ်တစ်ခု အနေနဲ့ တည်ရှိခဲ့တာပါ။

င်္ဂဂါမြစ်ရဲ့ အလှအပနဲ့ မြင်ကွင်းတွေဟာ လာရောက်တဲ့ သူပေါင်းများစွာကို ကြည့်နူးမှုတွေ၊ လေ့လာစရာတွေများစွာ ပေးစွမ်းနိုင်တဲ့ ဗာရာဏသီမြို့ရဲ့ တစ်ခုတည်းသော နေရာပါပဲ။

နံနက် ဝေလီဝေလင်းဆိုပေမယ့် င်္ဂဂါမြစ်ထဲမှာ ရေချိုးနေကြတဲ့ ဟိန္ဒူလူမျိုးတွေကို တွေ့မြင်စေရသလို ကမ်းစပ်နားမှာ အုပ်စုအလိုက် ရေချိုးနေကြတဲ့ သူတွေကို ဟို တစ်စ ဒီတစ်စ တွေ့မြင်နေရတာပါ။ထူးခြားတာက ဒီကမ်းစပ်နားမှာ င်္ဂဂါမြစ်ရေကို ယူသယ်ဆောင်သွားချင်တဲ့ သူတွေအတွက်ပလက်စတစ်ပုံးတွေကို ရောင်းချနေတဲ့ ဆိုင်အသီးသီးကိုလည်း တွေ့မြင်စေရပါတယ်။

နယ်ပေါင်းစုံ က လာရောက် ရေချိုးကြတဲ့ သူတွေကို ဒီနေရာမှာ တစုတဝေး တွေ့မြင်ရပြီး မြစ်အတွင်း လှေနဲ့ ပတ်စီးလေ့လာကြတဲ့ ခရီးသွားတွေကိုလည်းတွေ့မြင်စေရတာက နံနက်ခင်းပန်းချီကားတစ်ချပ်ကို တွေ့မြင်စေရသလိုပါပဲ။မြူတွေဆိုင်းနေတဲ့ နံနက်ခင်းအချိန်၊ လတ်ဆက်တဲ့ လေသင်းရနံ့၊ ခန့်ညားစွာတည်ရှိနေတဲ့ မြစ်ကူးတံတားကြီး၊

ပိုပြီးထူးခြားတာကတော့ ကမ်းစပ်တစ်လျှောက်မှာ တည်ဆောက်ထားထားတဲ့ ရောင်စုံအဆောင်အအုံဆိုတာထက် ပန်းချီကနုတ်တွေနဲ့ ခြယ်သရေးဆွဲထားတဲ့ အဆောက် အအုံ တွေ ၊ မြင်ကွင်းအလှတွေကြောင့် လာရောက်လေ့လာကြတဲ့ ခရီးသွားတွေကို ဆွဲဆောင်ရာနေရာတစ်ခု ဖြစ်စေခဲ့တာပါ။ မြစ်အတွင်း ဆီမီးမျှောသူတွေ၊ ပန်းမျှောသူတွေ၊ ငါးလွှတ်သူတွေ၊ ဇင်ယော်ငှက်တွေကို အစာ ကျွေးသူတွေနဲ့ င်္ဂဂါမြစ်ရဲ့မနက်ခင်းအလှတရားကို ပြီးပြည့်စုံခဲ့တာပါ။

ဒါ့အပြင် ကမ်းစပ်မှာ မီးရှို့နေတဲ့ အလောင်းစင်တွေတစ်ချို့ကိုလည်း တွေ့မြင်စေရပါတယ်။တစ်ချို့ကတော့ ထင်းတွေကို အဆင်သင့်မီးရှို့ထားတဲ့ မြင်ကွင်းတွေကို လည်းတွေ့မြင်ရပြီး သေဆုံးသူ ဇတ်မြင့်တဲ့ သူတွေကိုတော့ အပေါ်ပိုင်းမှ သင်္ဂြုဟ်နေပြီး ဇတ်နိမ့်တဲ့ သူတွေရဲ့ အလောင်းတွေကို တော့ အောက်မှာ မီးသင်္ဂြုဟ်နေတာတွေကို တွေ့မြင်စေရပါတယ်။

နိုင်ငံခြားသားတစ်ချို့ကတော့ ဒီမြင်ကွင်းတွေကိုစိတ်ဝင်တစားနဲ့ မှတ်တမ်းဓာတ်ပုံတွေ ရိုက်လို့နေပါတယ်။ဒါဟာ ဟိုး လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက တည်ရှိလာခဲ့တဲ့ ဓလေ့ထုံးထမ်း အစဉ်အလာတွေဟာ ဒီနေ့ထိတိုင် တည်ရှိနေခြင်းပါပဲ။

ယုံကြည်မှု စွဲလမ်းမှု ဘာသာရေး ယုံကြည်မှုတွေ ထွန်းကားရာနေရာတစ်ခုဖြစ်စေတဲ့ ဗာရာဏသီမြို့တော်ရဲ့ နေရာတစ်ခု အဖြစ် နောင် နှစ်ပေါင်းများစွာအထိ တည်ရှိနေအုံးမှာဖြစ်ပါတော့တယ်။

အများအားဖြင့် ဒီ ဗာရာဏသီမြို့ထဲက င်္ဂဂါမြစ်ထဲကို လေ့လာစေတဲ့ ခရီးစဉ်တွေကို ဗုဒ္ဓဂယာ ၁၅ ရက် ခရီးစဉ်တွေမှာ သာ ထည့်လာပေမယ့် နောက်ပိုင်းမှာ ဘုရားဖူး ပို့ဆောင်ပေးတဲ့ ခရီးသွားကုမ္ပဏီတွေဟာ ၂၀၁၉ လောက်ကနေ စတင်ပြီး လည်ပတ်စရာခရီးစဉ်တစ်ခုအနေနဲ့ ထည့်လာခဲ့ကြတာဖြစ်ပါတယ်။

ဒီလို ယုံကြည်မှုတွေဟာ နှစ်ပေါင်းများစွာ တည်ရှိလာခဲ့တာမို့ အခုချိန်မှာ င်္ဂဂါမြစ်ဆီ တကူးတက လာရောက်လေ့လာလည်ပတ်ကြတဲ့ နိုင်ငံတကာ ခရီးသြား တွေရဲ့ လည်ပတ်စရာနေရာတစ်ခု အဖြစ် ထင်ရှား လာခဲ့ပါပြီ။

Vol_1_Issue_22

Photo_ မော်ကျွန်းသူ