ဂျာဗားကျွန်းအလယ်ပိုင်း ဂျော့ဂျာမြို့တွင် တည်ရှိသည့် ကမ္ဘာ့အကြီးဆုံး ဗုဒ္ဓပုထိုးတော်ကြီး

ယဉ်ယဉ်လှ အင်ဒိုနီးရှားနိုင်ငံသည် ကျွန်းပေါင်းတစ်သောင်းကျော်ရှိပြီး ယင်းကျွန်း များ ထဲတွင် ထင်ရှားကျော်ကြားသည့် ကျွန်းမှာ ဂျာဗားကျွန်းဖြစ်သည်။ အဆိုပါ ကျွန်း၏ အလယ်ပိုင်း ဂျော့ဂျာကာတာ မြို့တွင် တ ...

ယဉ်ယဉ်လှ

အင်ဒိုနီးရှားနိုင်ငံသည် ကျွန်းပေါင်းတစ်သောင်းကျော်ရှိပြီး ယင်းကျွန်း များ ထဲတွင် ထင်ရှားကျော်ကြားသည့် ကျွန်းမှာ ဂျာဗားကျွန်းဖြစ်သည်။ အဆိုပါ ကျွန်း၏ အလယ်ပိုင်း ဂျော့ဂျာကာတာ မြို့တွင် တည်ရှိသည့် ကမ္ဘာ့အကြီးဆုံး ဗုဒ္ဓပုထိုးတော်ကြီး (Borobudur) မှာ ကမ္ဘာလှည့် ခရီးသည်များကြားတွင် စိတ်၀င်စားစရာ လာရောက်လည်ပတ်သည့် သမိုင်းဆိုင်ရာ အမွေအနှစ် တစ်ခုဖြစ်သည်။ ထို့အပြင် ကမ္ဘာအကြီးဆုံး ဗုဒ္ဓဘာသာ အဆောက်အအုံ ဟုလည်းဆိုထားသည်။

အင်ဒိုနီးရှားနိုင်ငံသည် ယခင်က ဗုဒ္ဓဘာသာထွန်းကားခဲ့သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်ဆိုသည်ကို ယင်းပုထိုးတော်ကြီးကို ကြည့်ခြင်းအားဖြင့် သိရှိနိုင်ပါသည်။

အဆိုပါပုထိုးတော်ကြီးကို (၉) ရာစုက တည်ဆောက်ထားသည့် ဗုဒ္ဓပုထိုးတော်များဖြစ်ကာ အလွှာ သုံးလွှာ နှင့် တည်ဆောက်ထားပြီး ဗဟိုတူ စတုရန်းရင်ပြင် ငါးထပ် ပါသည့် ပိရမစ်ပုံ အောက်ခြေ ၊ အဝိုင်းပုံ ရင်ပြင် သုံးထပ်ရှိသည့် ထုချွန်ပုံ ကိုယ်ထည်နှင့် စေတီတည်ထားသည့် ထိပ်ပိုင်းပုံသဏ္ဍာန် တည်ရှိသည်။

ပုထိုးတော်ကြီး၏ နံရံနှင့် လက်ရန်း များကို အနုစိတ်ရုပ်ကြွ အပုလေး များဖြင့် စီခြယ်ထားပြီး စုစုပေါင်း အကျယ်မှာ (၂၅၀၀) စတုရန်းမီတာ ရှိသည်။အဝိုင်းပုံ ရင်ပြင် ပတ်လည်တွင် စေတီအသေးပေါင်း (၇၂) ဆူ ရှိပြီး စေတီတစ်ဆူလျှင် ဗုဒ္ဓရုပ်ပွားတော် တစ်ဆူပါရှိသည်။

စေတီ၏ အောက်ခြေမှ အလယ်စေတီထိပ်အထိ အမြင့်ပေ ၁၁၅ ပေ ခန့်ရှိကြောင်းသိရသည်။ စေတီပုထိုးတော်ကြီး၏ အနုစိတ် ဗိသုကာလက်ရာများတည်ရှိသဖြင့် လာရောက် လည်ပတ်ကြသည့် ခရီးသွားဧည့်သည် များပြားခြင်းပင်ဖြစ်သည်။ ဂျာဗားကျွန်းတွင် ဟိန္ဒူ ဘာသာ၀င်နှင့် ဗုဒ္ဓဘာသာ၀င်များနှင့် သက်ဆိုင်သည့် ဘုရားကျောင်းများ တည်ရှိခြင်းက ဘာသာနှစ်ခုကို ယှဉ်တွဲကာ ရှိနေသည့် ငြိမ်းချမ်းနေခြင်းကို ပြသပေးသည့် ပြယုဂ်တစ်ခုဟုလည်း ဆိုနိုင်ပါသည်။

အဆိုပါ ပုထိုးတော်ကို ၁၉၇၀ တွင် ယူနက်စကို၏ အကူညီဖြင့် ပြန်လည်ပြုပြင် မွန်းမံထားခြင်းဖြစ်သည်။ လက်ရှိတွင် အင်ဒိုနီးရှားအစိုးရအနေဖြင့် ပုထိုးတော်ကြီး၏ အနုပညာလက်ရာများ မပျောက်ပျက်အောင် ဆက်လက် ထိန်းသိမ်းဆောင်ရွက်လျက်ရှိသည်။

Travelling_Journal/Vol_1_Issue_12

Photo_TravellingJournal