Travelling journal
ကျေးလက်ဒေသ ခရီးသွားလုပ်ငန်းကို အစိုးရကသာ ပံ့ပိုးပေးနိုင်မည် ဆိုပါက သုံးလအတွင်း အကောင် အထည် ဖော်ဆောင်ရွက်နိုင်လိမ့်မည် ဟု Myanmar Tourism Executive Committee မှ အဖွဲ့ဝင် ဒေါ်တင့်တင့် လွင်က ပြောဆိုလိုက်သည်။
ယင်းကဲ့သို့ လုပ်ဆောင်ရန်မှာ အခက်အခဲများနှင့် ရင်ဆိုင်နိုင်ရဖွယ်ရှိနေပြီး လက်ရှိကာလတွင် ကိုဗစ်ရောဂါ ကူးစက်ခံနေရခြင်းများကြောင့် ခက်ခဲမှုများရှိနိုင်သော်လည်း အောင်မြင်စွာ အကောင် အထည်ဖော်နိုင်မည်ဟု ဒေါ်တင့်တင့် လွင် က ယုံကြည်သည်ဟု ဆို သည်။
မြန်မာနိုင်ငံတွင် ကျေးလက်ဒေသ ခရီးသွားလုပ်ငန်းကို ဟိုး ယခင်နှစ်များစွာကတည်းက ဆောင်ရွက် နေကြသော်လည်း ထိရောက်မှု မှာအင်မတန် နည်းပါးနေသေးသည်။
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် ကျေးလက်ခရီးသွားလုပ်ငန်းများကို ယခင်ကတည်းက ဆောင်ရွက်နေခြင်းဖြစ်ပြီး ဆင်းရဲနွမ်းပါးမှု လျော့ချမှုကို တစ်ဖက်တစ်လမ်းက လျော့ချလိုခြင်းရည်ရွယ်ချက်ဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်း CBT ကို အကောင်အထည်ဖော်ပေးနိုင်ခဲ့သည်ဟု ဝန်ကြီးဌာန ၏ ဒုတိယညွန်ကြားရေးမှုးချုပ် ဦးအောင်အေးဟန် ကလည်း ပြောသည်။
” ကျေးလက်ခရီးသွားလုပ်ငန်းဆိုတာက မြို့ပေါ်ခရီးသွားလုပ်ငန်းမဟုတ်ရင် ကျန်တာ ကျေးလက်ပဲ။
ဒုဝန်ကြီးတို့လည်း ဒါနဲ့ ပတ်သက်ပြီး ဆွေးနွေးတိုင်ပင်နေတာရှိပါတယ်။ အရင်ကလည်း CBTလုပ်ခဲ့တာရှိတယ်။ ဒီနှစ်ရဲ့ ခရီးသွားလုပ်ငန်း ဆောင်ပုဒ်က ကျေးလက်ဒေသ ခရီးသွား ဖွံ့ဖြိုးရေး လုပ်ငန်းလို့ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ဘက်က သတ်မှတ်ခဲ့တယ်။ လူတွေကလည်း ကိုဗစ်ဖြစ်လိုက်တဲ့ အခါမှာ နယူးနော်မယ်ပုံစံနဲ့ သွားချင်လာပြီ၊ အဲဒီအတွက် ကျေးလက်ခရီးသွားလုပ်ငန်းတွေက ပိုပြီး ထိရောက်လာမယ်။ ဖွံ့ဖြိုးလာမယ်လို့ အားလုံးက အဲဒီလိုသုံးသပ် ပါတယ်။ ဆရာတို့ က ခရီးသွားလုပ်ငန်းမြှင့်တင်ရေးတွေ၊ အခြေခံအဆောက်အဦး ဖွံ့ဖြိုးရေးတွေ ဒါတွေနဲ့ ပတ်သက်လို့ စီမံကိန်းတွေ ရေးဆွဲနေတယ်။ ဆရာတို့ ဘက်က တော့ ဖွံ့ဖြိုးရေး စီမံကိန်းတွေကို တင်ပြမယ်၊အဲဒီပေါ်မှာ အကောင်အထည်ဖော်မယ့် သူတွေ၊လုပ်ငန်းရှင်တွေကို ဖိတ်ခေါ်ပြီးတော့ ဆောင်ရွက်နိုင်မယ့်နည်းလမ်းတွေကို အကြံဉာဏ်ပေးမယ်၊ သက်ဆိုင်ရာဒေသဆိုင်ရာ ကော်မတီ တွေ မှာရှိတဲ့ ပြည်နယ်နဲ့တိုင်းဒေသကြီး ဝန်ကြီးချုပ်တွေကို အကြံဉာဏ်ပေးမယ်။ ဒါက ဝန်ကြီး ဌာန ဘက်က လုပ်ပေးနိုင်မယ့် အပိုင်းတွေကို လုပ်ပေးမယ်’’ဟု ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန မှ ဒုတိယ ညွန်ကြား ရေးမှူးချုပ် ဦးအောင်အေးဟန် က ဆိုသည်။
Covid အလွန် တွင် ခရီးသွား လာရေး ဒေသများဖြစ်သည့် အဆိုပါ ဒေသများရှိလုပ်ငန်းများကို လုပ်ကိုင်မည် ဆိုပါက ဝန်ကြီးဌာနတစ်ခုတည်းသာ မဟုတ်ပဲ နိုင်ငံတော်အစိုးရကလည်း ပံ့ပိုးပေးရန် အဓိက လိုအပ်သလို ချိတ်ဆက်ထားသည့် အသင်းများမှလည်း ကူညီပေးရန် လိုအပ်ကြောင်း ဒေါ်တင့်တင့်လွင် က ဆိုသည်။
’’ ဝန်ကြီးကတော့ Implement လုပ်ပါလို့ပြောတယ်၊ အစိုးရကတော့ ပံ့ပိုးပေးရမှာပေါ့၊ Covid Loan၊ Relief Loan မျိုးလည်း ပေးလို့ ရပါတယ်၊ ဘာလို့လဲဆို Micro Business လုပ်ငန်းမို့ပါ၊ အခုဒါက မမအနေနဲ့ အကြံပြုထားတာ ပဲရှိတယ်၊ ဝန်ကြီးဌာနက လက်ခံဖို့ လိုပါတယ်။အခုမမ တင်ပြထားတဲ့ ဒီကိစ္စကိုသာဖော်နိုင်မယ်ဆိုရင် ဒီသုံးလအတွင်း ကိုဗစ်မှာ ချေးငွေကို ထိုင်သုံးပြီး ထိုင်စောင့်နေမယ့်အစား ကိုယ်လုပ်စရာရှိတာ ကိုယ်လုပ်ပြီး ဒီကာလ အပြီးမှာ ချက်ချင်းပဲ ခရီးသွားလုပ်ငန်းကို စတင်နိုင်မယ့် အခြေအနေတွေရှိမယ်၊ နောက်ပြီး ဒီအခြေအနေအတွင်းမှာ ကျေးလက်က ပြည်သူတွေနဲ့ အစိုးရက လုပ်ကိုင်ခွင့်တွေပေးမယ်၊ချေးငွေတွေ ချပေးမယ်ဆိုရင် ကျေးလက်ဘက်က ပရောဂျက်တွေဖြစ်တဲ့ အတွက် အထူးအန္တရာယ်ရှိတဲ့ အခြေအနေမရှိဘူး၊ ကြိုတင်ပြင်ဆင်လို့ရတဲ့အခြေအနေရှိတယ်’’ဟု ဒေါ်တင့်တင့်လွင်က ဆိုသည်။
ပြီးခဲ့သည့်ရက်ပိုင်း တွင်းက ကျင်းပခဲ့သည့် အစည်း အဝေးတွင် ဒေါ်တင့်တင့်လွင် က ရွာငံဒေသ ရှိ လိုဏ်ဂူများ၊ရေတံခွန်၊ရေဖြူအိုင်၊ ရေပြာဆိုင်နှင့် ကော်ဖီလက်ဖက် လုပ်ငန်းများ၊ ကယား ပြည်နယ်ဒေသရှိ Red River Caves ၊ လိုဏ်ဂူများ၊ Farm House ဆောက်လုပ်ခြင်းများ၊ မွန် – ကရင်ဒေသများတွင်မူ အနီးတဝိုက်ရှိ ရေပူစမ်းများအား Thermal Bath အဖြစ် ပြုလုပ်ခြင်း၊ ဧရာဝတီ လင်းပိုင်များကျက်စားရာနေရာဒေသတဝိုက် အား Rural Guest House နှင့် Irrawaddy Wooden Boat ဆောက်လုပ်ဌားရမ်းခြင်း ၊လက်ဆောင်ပစ္စည်း ထုတ်လုပ်ခြင်း နှင့် ပညာပေးဝေခြင်းများ၊ ပင်လယ်ကမ်းခြေ ရှိ SEA-Activities လုပ်ကိုင်ခွင့်များ၊ ကချင်ပြည်နယ် အင်းတော်ကြီးဒေသရှိ Guest Houses Farm Home Stay လုပ်ကိုင်ခွင့်များ ၊ မူလာရှီးဒီး ချောင်းတွင်း White Water Rafting များပြုလုပ်ခြင်း ၊ စစ်ကိုင်းတိုင်း ကသာခရိုင် ဆင်စခန်း၊ကိုလိုနီခေတ် အဆောက် အဦးများ မူလအရသာထိန်းသိမ်းလုပ်ကိုင်ခွင့် များ၊ ချင်းပြည်နယ် တွင် Farm Houses Off Road Diving ၊ Horse Riding နှင့် Culture Tour များပြုလုပ်ခွင့်၊ ဝဥလုပ်ငန်း၊ ဝိုင်ထုတ်လုပ်ခြင်း၊ ဒိန်ခဲထုတ်လုပ်ခြင်းများတို့ကို အခွင့်အလမ်းများအဖြစ် ပြောင်းလဲမှုများကို စတင် နိုင်သည့် အကြံပြုစာတမ်းကိုလည်း တင်ပြခဲ့သေးသည်။
ထို့ပြင် ကျေးလက် ဒေသရှိ ခရီးသွားလုပ်ငန်းအား
ဖွံ့ဖြိုးအောင်မြင်စေလိုပါက အချက်သုံးချက်အရေးကြီးကြောင်း အစိုးရ ပြည်သူ လုပ်ငန်းရှင် ပူးပေါင်းဆောင်ရွက်နိုင်မှသာ အောင်မြင်မည်ဟု သုခမိန် မြန်မာပြည်အနှံ့ဘုရားဖူးနှင့်အပန်းဖြေ ခရီးပို့ဆောင်ရေးမှ ဦးမျိုးကြီး က ပြောသည်။
“ကျေးလက်ဒေသခရီးသွားလုပ်ငန်းဖွံ့ဖြိုးဖို့ဆိုပါက အဓိက အချက်များမှာ အစိုးရ ဘက်က ပံ့ပိုးပေးနိုင်စွမ်း တကယ်တမ်းပြောရရင် မရှိဘူး၊ သူကတော့ဖော်ဆောင်ပေးသွားတာပဲ၊လက်ရှိ ဦးမျိုးတို့ သံတဲကမ်းခြေကိုပဲကြည့် လေ ၊ဦးမျိုးတို့ က လက်တွေ့မပါဘူး၊စာတွေ့ပဲပါတယ်။ တကယ်တမ်းပြောရင် ကျေးလက်ကို ဖော်ဆောင်ချင်တယ်ဆိုရင် ဦးမျိုးတို့ က ဖော်ပေးတယ်။ ဒါပေမယ့် တကယ် ဖော်ဆောင် ချင်တယ်ဆိုတဲ့ လွှတ်တော်ကိုယ်စားလှယ်လည်း မပါလာဘူး၊ ဝန်ကြီးဌာနကလည်း လိုက် မလာဘူး၊ ရန်ကုန်တိုင်း အစိုးရအဖွဲ့ ကလည်း ရှောင်ထွက်သွားတယ်။ ပထမဆုံးသူတို့ UMTA နဲ့ သွားမယ် ဆိုတာကို ဖျက်လိုက် တယ်။ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးကို အစိုးရ ကိုယ်တိုင်ကလည်း ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ ထိထိ ရောက်ရောက် ပါဝင်ပေးဖို့ လုပ်ငန်းရှင်နဲ့ သေချာပူးပေါင်းရင် ကျေးလက် ခရီးသွားလုပ်ငန်းက ဖွံ့ဖြိုးကို ဖွံ့ဖြိုး မယ်၊ ကျေးလက်ဒေသ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးဖို့ဆိုရင် အစိုးရရဲ့ ပံ့ပိုးမှုက ၁၀၀ ရာခိုင်နှုန်းပံ့ပိုးပေးမှရမယ်။ စာတွေနဲ့ ချပြလို့မရဘူး၊ ကျေးလက်ဘက်ကလည်းပါဝင်ပူးပေါင်းရမှာပဲ။ ဦးတို့ သံတဲကဆိုရင် အကုန်လုံးက လာပြီး ပူးပေါင်းပေးတယ်။ရပ်ရွာရဲ့နွေးထွေးကြိုဆိုမှုကလည်း ၁၀၀ ရာခိုင်နှုန်းဖြစ်ရမယ်။ လုပ်ငန်းရှင်ကတော့ သူကတော့ သူ့လုပ်ငန်းအတွက် နဂိုကတည်းကိုယ်က ရာခိုင်နှုန်းပြည့် လုပ်ထားမှာပဲ။ လုပ်ငန်းရှင်ဘက်ကတော့ ရာနှုန်းပြည့် ပါဝင်မှာမို့ လုပ်ငန်းရှင်ဘက်ကိုထည့်ပြောစရာမလိုဘူး။ ဘတ်ဂျတ်ထုတ်ပေးဖို့ မလိုဘူး၊ အစိုးရ ဘက်က ပံ့ပိုးဖို့ပဲ အဓိကကျပါတယ်’’ဟုသုခမိန်ခရီးသွားလုပ်ငန်းမှ ဦးမျိုးကြီး က ပြောသည်။
ထို့ပြင် မကွေးတိုင်း ဟိုတယ်ခရီးတာဝန်ခံ ဖြစ်သူ ဦးမြင့်စိန်က မကွေးတိုင်းအတွင်း ဖော်ဆောင်သည့်CBT နှစ်ခုစလုံးမှာ အောင်မြင်သင့်သလောက် အောင်မြင်နေကြောင်း ၎င်းက ပြောသည်။ ကျေးရွာ လူထုပိုင် ခရီးသွားလုပ်ငန်းဆောင်ရွက် မည်ဆိုပါက သုံးပုံနှစ်ပုံခန့်ကို ကျေးရွာက သဘော တူညီရမည် ဖြစ်သလို ကော်မတီတွင် ပါဝင်သည့် သူများမှာ ကျေးရွာတွင် အမြဲတမ်းနေထိုင်သည့် သူများဖြစ်ရန် လိုအပ်သည်ဟု ဆိုသည်။ ဒါမှသာ ကျေးရွာတွင်း ငွေကြေးစီမံခန့်ခွဲခြင်းစသည်တို့ကို ကော်မတီမှသာ အတည်ပြု ဆုံးဖြတ်နိုင်မည်ဖြစ်သလို ဝန်ကြီးဌာနအနေဖြင့် Guide Line ပေးခြင်းလောက်သာ လုပ်ဆောင် ပေးရခြင်းဖြစ်သည်။
ယခုကဲ့သို့ ဖော်ဆောင်ရခြင်းမှာ CBTများတွင် လ.ဝ.က ဥပဒေ အရဆိုပါက နိုင်ငံခြားသား ထားခွင့်မရှိကြောင်း သို့သော် ခရီးသွားလုပ်ငန်းနှင့်ဆင်းရဲနွမ်းပါးမှုကိုလျှော့ချလိုသည့် မူဝါဒနှင့် ခရီးသွားလုပ်ငန်းသည် ကျေးလက်ဒေသ အနှံ့ပြန့်နှံ့ရမည်ဆိုသည့် ဝန်ကြီးဌာန၏ မူအရ ဆောင်ရွက်ပေးနေခြင်းဖြစ်သည်ဟု ဦးမြင့်စိန်က ပြောသည်။
“အစိုးရကလည်း ထိထိရောက်ရောက်ပံ့ပိုးမယ်၊ သက်ဆိုင်ရာ ဒေသက DMOတို့ ဘက်ကလည်း ခရီးသွားလုပ်ငန်းကို တကယ်နားလည်တဲ့ သူတွေ က ထဲထဲဝင်ဝင် ပံ့ပိုးပေးမယ်ဆိုရင် ဖြစ်နိုင်ချေရှိတယ်။ ကိုယ်ကိုယ်တိုင် ခရီးသွားလုပ်ငန်းထဲမှာ ကိုယ်တိုင် ဧည့်သည်တစ်ယောက်လိုခံစားနိုင်မယ့်သူမျိုးပါသင့်တယ်၊ အခုလက်ရှိ DMOတွေမှာက ဌာနဆိုင်ရာလူတွေများနေတာဖြစ်တယ်၊ဒီလူတွေကို စုစည်းဖို့တောင် ခဲယဉ်းတယ်လေ။ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးဖို့ကလည်း တခြားသောဝန်ကြီးဌာနတွေကလည်း ခရီးသွားလုပ်ငန်းအကြောင်းကို သိမှသာပဲ ဆက်စပ်လုပ်ကိုင်ဆောင်ရွက်နိုင်ဖို့ကလည်း လိုအပ်ပါတယ်’’ဟု မြန်မာနိုင်ငံဧည့်လမ်းညွန်များအသင်း ဥက္ကဋ္ဌဦးအောင်ထွန်းလင်းက ပြောသည်။
လက်ရှိတွင် နိုင်ငံတော်အစိုးရမှ Covid Loan ချေးငွေ ကို ထိခိုက်မှုရှိခဲ့သည့် စီးပွားရေးလုပ်ငန်းများကို အတိုးနှုန်း (၁) ရာခိုင်နှုန်း ဖြင့် တစ်နှစ်ချေးငွေ ထုတ်ချေးပေးထားပြီး ဖြစ်သည်။
“ကျွန်တော်တို့ လက်ရှိလုပ်နေတာက လုပ်ငန်းသစ်တွေကို ဘဏ္ဏာရေးထောက်ပံ့တာ မလုပ်ပါ…အခက်အခဲရှိနေကြတဲ့လက်ရှိထူထောင်ထားတဲ့လုပ်ငန်းငွေ ကိုသာ ချေးငွေပေးထားတာဖြစ်ပါတယ် “ဟု COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သော စီပွားရေးသက်ရောက်မှုများ ကုစားရေး လုပ်ငန်းကော်မတီ၊ လုပ်ငန်းဆောင်ရွက်ချက်များလုပ်ငန်းကော်မတီ မှ အတွင်းရေးမှူး ဦးအောင်နိုင်ဦး က ပြောသည်။
ထို့ပြင် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းအကောင် အထည်ဖော်ဆောင်ထားသည့် နွယ်ငြိမ်းCBTနှင့်
အင်ဒေါင်း CBTတို့၏ အနေအထားမှာ အောင်မြင်မှု အားနည်းနေသေးသည်။
“အခု နွယ်ငြိမ်း CBT မှာက ဘယ်လိုဖြစ်လဲဆိုတော့ ဒေသခံက ခရီးသွားလုပ်ငန်းကို မကျွမ်း ကျင်တော့ ၂၀၁၉ မှာ ဟိုတယ် ခရီး ဘက်က ကူပေးပါလို့ ပြောလို့ကူပေးမယ်လုပ်နေရင်း ကိုဗစ် ဖြစ်နေလို့ ခဏနားထားနေတာ။ နွယ်ငြိမ်းမှာ ဖွဲ့စည်းပေးတဲ့ ကော်မတီက ခရီးသွားလုပ်ငန်းကို နားမလည်တဲ့ အပိုင်းပါနေတယ်။ ဘယ်လိုလုပ်ရမယ်၊ဘယ်လိုကိုင်ရမယ်ဆိုတာမသိဘူး၊ တိုင်းဒေသကြီးက ပေးတဲ့ ပိုက်ဆံကိုပဲ ထောက်ပံ့ငွေကိုပဲစောင့်နေတာ။ နွယ်ငြိမ်း CBT ကို အင်ဒေါင်း CBT နဲ့ တွဲပြီး ဧည့်သည်ကို ချိတ်ဆက်ယူတယ်လို့ပဲ အနေအထားပဲရှိသေးတယ်”ဟု နွယ်ငြိမ်းCBTကို ကူညီ ပံ့ပိုးပေးမည့် ရွှေဘိုဟိုတယ်ဇုန် မှ ဥက္ကဋ္ဌ ဦးအောင်ကြီး က ပြောသည်။
ကျေးလက်ခရီးသွား လုပ်ငန်းကို မြှင့်တင်ပေးနိုင်ပါက ကျေးလက်ရှိ လူနေမှု အဆင့်အတန်းများ မြင့်မားလာပြီးဆင်းရဲနွမ်းပါးမှုကိုလည်း လျော့ချနိုင် မည်ဖြစ်သည်။ယင်း ဒေသများကို တိုးတက်လာအောင်ဆွဲတင်ပေးရန် လိုအပ်နေသည်။
” ဒေသတိုင်း ရချင်မှရမယ်။ ပေါ်လစီ ချပေးလိုက်ရင် စိတ်ပူတယ်။ဒေသတစ်ခုကို စဉ်းစားမယ်ဆိုရင် ကျေးလက်ကို အော်နေကြလို့ ပိုင်းလော့တစ်ခုလုပ်ကြမယ်ပြောကြတဲ့ခါမှာ သူ့မှာ ဘာရောင်းစရာရှိလဲ၊ဘာကောင်းစရာရှိလဲ။ တိုရစ်ဇင်မှာ တစ်ခုခုလုပ်တော့မယ်ဆိုရင် Accessibility မစဉ်းစားပဲနဲ့ စိတ်ကူးရင်ပြီး လျှောက်လုပ်လို့မရဘူး။လူတွေက ဘယ်လိုသွားမလဲ၊ အဲဒီနေရာရောက်အောင် ကုန်းတစ်တန်ရေတစ်တန် ခရီးသွားရမဲ့နေရာကို ဘယ်သူက သွားမှာလဲ။ ဒါတွေကို စဉ်းစားပြီးမှ ဘာအားသာချက်၊ ဘာ အားနည်း ချက်တွေကို စဉ်းစားပြီးမှဘယ်လိုဖြည့်တည်းနိုင်မလဲဆိုတာကို လုပ်ရမယ်၊ ပြီးတော့ ကိုယ်ရဲ့ ဦးတည်ချက်က ဘယ်ကိုသွားမှာလဲ က အရေးကြီးတယ်။ အဲဒီလိုမလုပ်ရင် ရေရှည်အောင်မြင်မှုမရနိုင်ဘူး။ခဏလုပ်ပြီး ရပ်သွားကျမှာ။ ဒါမို့ ခရီးသွားကို ခရီးသွားစီးပွားရေးပုံစံမျိုး စဉ်းစားပေးရမယ်။ အဲဒီနေရာမှာ စီးပွားရေးအမြင်ရှိရမယ်လို့ပြောလိုက်ရင်လည်း စီးပွားဖြစ်တို့ အမြတ်အတွက်လို့ ပြောလိုက်ရင် အဲဒါကို ကိုယ်တွေရဲ့တိုင်းပြည်က အကောင်းမမြင်ဘူး၊ အဆိုးမြင်ကျတယ်။ ဒါကို အဆိုးမြင်စရာမလိုပါဘူး။ဘာလို့ စီးပွားရေးလုပ်တာလဲ၊အမြတ်အစွန်းလိုချင်လို့ စီးပွားရေးလုပ်တာလေ။ အမြတ်မရလို့ရှိရင် ဒီလုပ်ငန်းကို ပိုပြီး ကောင်းအောင်ပိုပြီး တိုးတက်အောင် ကိုယ့်ရဲ့ဝန်ထမ်းတွေကို လခပိုပေးနိုင်အောင် အမြတ်ရမှရမယ်လေ။ CBTတစ်ခုလုပ်ရင်လည်း အမြတ်ရမှဖြစ်မှာလေ။အမြတ်ရမှသာ ဒီဟာကို ဝိုင်းပံ့ပိုးပေးနေတဲ့ သူတွေရဲ့ ဘဝတွေကလည်းမြှင့်တက်လာမှာဖြစ်တယ်။ ဒါကို စီးပွားရေးအနေနဲ့ မြင်မှ ရမယ်။ စီးပွားရေးအရလုပ်ပါ။ ဒါပေမယ့် Balance ဖြစ်ရမယ်။ တစ်ဖက်ကနေလည်း သဘာဝတို့ ယဥ်ကျေးမှု တို့ ပတ်ဝန်းကျင်တို့ကိုလည်းမပျက်စီးအောင်လုပ်ဆောင်ပေးရပါမယ်။ဒါမှသာ ရေရှည်တည်တံ့ နိုင်မဲ့ခရီးသွားလုပ်ငန်းဖြစ်လာမှာပါ။ သေချာချပြီးမှ သေသေချာချာလုပ်မှရမယ်။ ဒေသခံတွေ ဘက်ကနေ လုပ်ချင်လာအောင် အသိပညာပေးရမယ်။ အစိုးရပဲဖြစ်ဖြစ် အဖွဲ့အစည်းဖြစ်ဖြစ် တစ်ချို့ ဟာတွေကို ပံ့ပိုးပေးရမယ်။ မင်းတို့လုပ်ကြ၊မြတ်တာ၊ရှုံးတာ မင်းတို့ တာဝန်လို့ပြောလို့မရဘူး။ ပထမချင်းတစ်နှစ်တို့ နှစ်နှစ်တို့မှာ ရွာသားက အရှုံးခံနိုင်မလား။ ဘယ်လိုလုပ် အရင်းဆိုတာရှိမလဲ၊လုပ်ငန်းရှင်ဝင်လာရင်လည်း ရွာသားနဲ့ လုပ်ငန်းရှင် သပ်သပ်မဖြစ်အောင် စကတည်းက Concept ကို သေသေချာချာချရမယ်။ တိုရစ်ဇင်ကို စီးပွားဖြစ် ဘယ်လိုလုပ်မလဲဆိုတာကို စဉ်းစားပြီးမှလုပ်ရမှာဖြစ်တယ်၊ တိုရစ်ဇင်ကို အပျော်လုပ်နေတာမဟုတ်ဘူး။ စီးပွားမဖြစ်လို့ရှိရင် ဝင်ငွေလည်းမတိုးနိုင်ဘူး၊ တိုးရစ်တွေတော့ သွားနေတယ်။လမ်းမှာ သူ့တို့အိတ်ထဲက ပိုက်ဆံမသုံးနိုင်ဘူးဖြစ်နေတာတွေ ရှိနေတယ်”ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ ဒုဥက္ကဋ္ဌ ဒေါ်မေမြတ်မွန်ဝင်း က ထောက်ပြပြောဆိုသည်။
မည်သို့ပင်ဆိုစေ အစိုးရ ပုဂ္ဂလိက ဒေသခံ များ၏ ပူးပေါင်းဆောင်ရွက်မှသာလျှင် ရာနှုန်း ပြည့်
ရေရှည်အောင်မြင် နိုင်မည့် ကျေးလက် ခရီးသွားလုပ်ငန်း အမှန်တကယ်ပင်ဖြစ်လာ ပေတော့ မည်ဖြစ်ပါသည်။