ရေညှိစိမ်းများရှိရာကျောက်ကလပ်ကမ်းခြေဆီ

#Travelling Journal ဧရာဝတီတိုင်းဒေသကြီးရဲ့ အလှတစ်ပါးလို့တင်စားရတဲ့ ရေညှိစိမ်းများရှိရာ ကျောက်ကလပ်ကမ်းခြေကို အခုဆိုရင် ပြည်တွင်း ခရီးသွားဧည့်သည်တွေ အများဆုံး သွားရောက် လည်ပတ်နေကြတဲ့ ကမ်းခြေတစ်ခ ...

#Travelling Journal

ဧရာဝတီတိုင်းဒေသကြီးရဲ့ အလှတစ်ပါးလို့
တင်စားရတဲ့ ရေညှိစိမ်းများရှိရာ ကျောက်ကလပ်ကမ်းခြေကို အခုဆိုရင် ပြည်တွင်း ခရီးသွားဧည့်သည်တွေ အများဆုံး သွားရောက် လည်ပတ်နေကြတဲ့ ကမ်းခြေတစ်ခုဖြစ်လာခဲ့ပါပြီ။

ကျောက်ကလပ်ကမ်းခြေရဲ့ အရိုင်းဆန်ဆန် အလှတရားမြင်ကွင်းနှစ်မျိုးကို တွေ့မြင်နိုင်တဲ့ ကာလတွေကတော့ ရေညှိစိမ်းချိန်ကာလနဲ့ ရေညှိသေချိန်ကာလကြားမှာမြင်တွေ့ရနိုင်တဲ့ ရေညှိဝါချိန်လေးအတွင်းမှာ ကျောက်ကလပ်ကမ်းခြေရဲ့လှပတဲ့မြင်ကွင်းကို တွေ့မြင်ရမှာဖြစ်ပါတယ်။

ရေညှိစိမ်းချိန်ကာလကို ဩဂုတ်လ၊စက်တင် ဘာ ၊ အောက်တိုဘာလပိုင်းတို့မှာ မြင်တွေ့နိုင်ပြီး ရေညှိဝါချိန်ကိုတော့ နိုဝင်ဘာ၊ ဒီဇင်ဘာ ၊ ဇန်နဝါရီလတို့မှာ တွေ့မြင်ရနိုင်တာမို့ အလှဓာတ်ပုံရိုက်ကူးလိုတဲ့ခရီးသွားများနဲ့ ဓာတ်ပုံ ပညာရှင်တွေအနေနဲ့ ဒီကာလတွေကို မဖြစ်မနေ လာရောက် လေ့လာလည်ပတ်သင့်တယ်လို့ ဒေသခံ ကိုကွေကာက ဆိုပါတယ်။

ကျောက်ကလပ်ကမ်းခြေရဲ့ကျောက်ဆောင်တွေကသဘာဝထုံးကျောက်သားကျောက် ဆောင်တွေဖြစ်တာမို့ သူ့သဘာဝအလှနဲ့သူ ရှိနေပြီး ရာသီအလိုက် ကျောက်ကလပ်ကမ်းခြေရဲ့​​​ ​မြင်ကွင်းလှပပုံတွေကို (၇)နှစ်ကျော် လေ့လာမှုပြုခဲ့တယ်လို့ ဒေသခံ ကိုကွေကာ (ဂေါ်ရန်ဂျီလမ်းညွှန်)က ဆိုပါတယ်။

ဒါ့ပြင် ကျောက်ကလပ်ကမ်းခြေသာမက ဧရာဝတီတိုင်းဒေသကြီးအတွင်းက လူသူသိပ်မသိသေးတဲ့ကမ်းခြေတွေလည်းအများကြီးရှိသေးတာမို့ အဲဒီကမ်းခြေတွေကိုလည်း ထပ်မံ ဖော်ထုတ်သွားအုံးမှာဖြစ်တယ်လို့ သူကဆိုပါတယ်။

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းအနီး၊ ဒီးဒူးကုန်းကျေးရွာအုပ်စုမှာ ကျောက်ကလပ်ကမ်းခြေ
တည်ရှိပြီးတော့ကမ်းခြေဆီကို သွားရောက်နိုင်တဲ့လမ်း​ကြောင်း သုံးခုရှိတယ်လို့သိရတယ်။
ကျောက်ကလပ်ကမ်းခြေကို ပုသိမ်မြို့ကနေသွားရောက်နိုင်ပြီး ရေမိုင် (၆၀)ခန့်ကွာဝေးကာရေယာဉ်နဲ့ဆို (၈)နာရီခန့် သွားရောက်ရပါတယ်။

ဒါ့ပြင်မော်တင်စွန်း ဘက်ကနေလည်း ကျောက်ကလပ်ကမ်းခြေ ဆီကို သွားရောက်လည်ပတ်လို့ရပါတယ်။

“ကျွန်တော်ကတော့ ကျောက်ကလပ်ကမ်းခြေ ကို လပွတ္တာမြို့ကနေ သွားရောက်တာကို ပိုအားပေးပါတယ်။ ရန်ကုန်ကနေကိုယ်ပိုင်ကားနဲ့ ဆိုရင် ၁၅၀ မိုင် လောက် ကွာဝေးတဲ့ လပွတ္တာမြို့ကို ရောက်ပါမယ်။အဲဒီကနေ လပွတ္တလုပ်ရွာ ဆီကို မိနစ် ၂၀ ခန့်မောင်းပြီး ဇက်​ဆိပ်ကို ထပ်မံရောက်ပါမယ်။ မိနစ် (၃၀) လောက် ဇက် စီးရပြီး ရေပေါ့ကြီးဘက်ကမ်းကို ရောက်ပါမယ်။ ဇက်ကူးချိန်တွေကတော့ နံနက်(၆) နာရီနဲ့ ညနေ၅နာရီနှစ်ကြိမ်ပဲ ကူးပါတယ် ။ ကျန်အချိန် တွေမှာ ဇက်ကူးချင်ရင်တော့ အထူးအော်ဒါကြေးပေးပြီး ကူးလို့ တော့ ရပါတယ်။ ဇက်ကူးပြီးရင် တံတားကြီး တံတားအသေး ၁၃ ခုလောက်ကို ဖြတ်ရပါတယ်။ လပွတ္တာမြို့ကနေ ၅၅မိုင် လောက် ကွာဝေးပါတယ်။ လမ်းတိုပေမဲဲ့ကျောက်ခင်းလမ်းတွေတွေ တံတားတွေသာ ပိုပြီးကောင်းမွန်ရင် ကျောက်ကလပ်ကမ်းခြေကိုခရီးသွားဧည့်သည်တွေပိုပြီး လာရောက်လည်ပတ်လိမ့်မယ်လို့ ဒေသခံ ကိုကွေကာ (ဂေါ်ရန်ဂျီလမ်းညွှန်)က ပြောပြပါတယ်။

ကျောက်ကလပ်ကမ်းခြေရဲ့ အနီးတဝိုက် ဝန်းကျင်မှာ ပြင်ခရိုင်၊ဒီးဒူးကုန်း၊ချောင်းဝ၊သက္ကယ်သောင်၊ဘုန်းတော်ပြည့်၊အုတ်တွင်းစတဲ့ရွာတွေ ရှိပါတယ်။

ဧရာဝတီတိုင်းကတာဝန်ရှိသူတွေအနေနဲ့ကတော့ တိုင်းဒေသကြီးအတွင်း ခရီးသွားများသွားရောက်လည်ပတ်နိုင်စေရန် ဆက်စပ်လည်ပတ်နိုင်တဲ့ နေရာတွေအဖြစ်ခရီးစဉ်ဒေသ (၁၃) ခုကို ဖော်ထုတ်ထားတဲ့အထဲမှာ ကျောက်ကလပ်ကမ်းခြေလည်းတစ်ခု အပါအဝင်ဖြစ်ပါတယ်။

ဒါ့ပြင် ကျောက်ကလပ်ကမ်းခြေရဲပတ်ဝန်းကျင်နေရာတွေ ဖြစ်တဲ့ ဒီဒူးချိုင်ကမ်းခြေ၊ ဓားသွေး ကျောက်ကမ်းခြေ၊ မေဓာအိုင်ကမ်းခြေ၊ထိပ်စွန်း ၊ကျောက်ကလပ်စေတီ၊ရေညှိပြင်၊ ကျောက်မီးဖိုလုပ်ငန်း၊ တံငါလုပ်ငန်းတို့ကို လည်း သွားရောက်လေ့လာနိုင်ပြီး ဓာတ်ပုံရိုက်ကူးနိုင်ပါသေးတယ်။

မြန်မာပြည်အနှံ့ဘုရားဖူးနဲ့ခရီးသွားပို့ဆောင်ပေးနေတဲ့ ရွှေချမ်းသာဘုရားဖူးလုပ်ငန်းကလည်း ပြည်တွင်းခရီးသွားတွေအနေနဲ့ မော်တင်စွန်း ဘုရားသွားဖူးကြရင် ဟိုင်းကြီးကျွန်း ၊ငွေတောင်ကမ်းခြေ၊ ကျောက်ကလပ်ကမ်းခြေ ၊ ချောင်းသာကမ်းခြေ၊ဖိုးကုလားကျွန်း ၊ကျောက်မောင်နှမ၊Sea & Lake ၊ပုသိမ်ရွှေမုဋော ၊ယိုးဒယားဘုရား နဲ့ ရေကြည်ရေနောက်ဘုရား မဖြစ်မနေကို လည်ပတ်စရာနေရာတွေကို ထည့်ပေးပြီး ပို့ဆောင်ပေးရပါတယ်လို့ ရွှေချမ်းသာမြန်မာပြည်အနှံ့ဘုရားဖူးနဲ့ခရီးသွားပို့ဆောင်ရေးမှ တာဝန်ရှိသူက ဆိုပါတယ်။

လက်ရှိအနေအထားမှာတော့ ကျောက်ကလပ်ကမ်းခြေကို သွားရောက်လည်ပတ်လိုပါက ကမ်းခြေ အနီးတဝိုက်မှာ တည်းခိုခန်းသိပ်မရှိသေးတာမို့ ညအိပ်တည်းခိုလိုပါက ဒေသခံအိမ်တွေမှာ တည်းခိုရပြီး သွားရောက်လည်ပတ်လိုပါက ကြိုတင်စီစဥ်ပေးရတယ်လို့ ခရီးသွားဝန်ဆောင်မှုကိုပါ ပြုလုပ်ပေးနေတဲ့ ဒေသခံ ကိုကွေကာ က ပြောပါတယ်။

ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်
မော်တင်စွန်းနဲ့ မျက်နှာချင်းဆိုင်ထိပ်စွန်း
အရပ်ဒေသ တောင်ဘက်အစွန်းလေးမှာ တည်ရှိတဲ့ဧရာဝတီတိုင်းရဲ့ အလှတစ်ပါးလို့တင်စားရတဲ့ ကျောက်ကလပ်ကမ်းခြေ ကို သွားရောက်လည်ပတ်နိုင်စေဖို့ ညွှန်းဆိုလိုက်ရပါတယ်။

Photo ကိုကွေကာ ဂေါ်ရန်ဂျီလမ်းညွှန်
ပုံ-စာ ယခုလအတွင်းက ကျောက်ကလပ်ကမ်း​ခြေ၏
မြင်ကွင်းအလှကို တွေ့ရစဥ်။