Travelling Journal
ကိုဗစ်ကာလ ကပ်ရောဂါ ဖြစ်ပွားခဲ့သည့် ကာလအတွင်း ဖျက်သိမ်းခဲ့ရသည့် ခရီးစဥ်များကို ပြပြည်ပလေကြောင်းလိုင်းတချို့မှ ဗဟိုဘဏ်ပေါက်စျေးဖြင့် Refund ပြန်ပေးခြင်းကြောင့် ခရီးသွားကုမ္ပဏီတချို့ ခရီးသွားဧည့်သည်များ နှင့် အခက်တွေ့ခဲ့ပြီး ခရီးသွားများ မကျေနပ်ဖြစ်နေသည့်အပေါ် ပြည်တွင်း ခရီးသွား ကုမ္ပဏီ တစ်ခုဖြစ်သည့် Tango Travel & Tour က လူမှုကွန်ယက်စာမျက်နှာတွင် တောင်းပန်ထားသည်ကို တွေ့ရသည်။
၂၀၂၂ ခုနှစ်၊ မတ်လ နှင့် ဧပြီလ အတွင်း သွားရောက် ရန် စီစဥ်ထားသည့် Kashmir ခရီးစဉ်အား Covid ကြောင့် ပိတ်သွားခဲ့သည့် အတွက် ခရီးစဉ်အားလုံး ဖျက်သိမ်းခဲ့ရပြီး နှစ်နှစ်ကျော်ကာလအထိ လေကြောင်း လိုင်းမှ Refund မအမ်းသေးပဲ စောင့်ဆိုင်းနေရပြီးနောက် ယခုအခါ Refund အား မြန်မာငွေ – ဗဟိုဘဏ်ပေါက်စျေး 2100 MMK နှင့် ခရီးသွား ကုမ္ပဏီ အားရှင်းပေးခြင်း ကြောင့် ခရီးစဉ် တွင်လိုက်ပါရန်စီစဥ်ထားသည့် ခရီးသွားတစ်ချို့ မကျေနပ်မှု ဖြစ်ပေါ်နေခြင်းကို ယင်း ခရီးသွား ကုမ္ပဏီ က ဖြေရှင်း တောင်းပန် ထားခြင်းဖြစ်ကြောင်းသိရသည်။
” ၂ နှစ်ကျော်ကြာတဲ့အထိ အကြောင်း အမျိုးမျိုးနဲ့ Airline က ပြန်မအမ်းသေးလို့ စောင့်နေခဲ့ရတဲ့ ကျွန်မတို့ရဲ့ clients အားလုံးကိုလဲ အရမ်းကိုအားနာရပါတယ် ။ အားလုံး ခက်ခဲနေချိန်မှာ အချိန် အကြာကြီး စောင့်နေခဲ့ရတာ။ တချို့ဆို အိမ်က မသိအောင် မုန့်ဖိုးလေးတွေ စုပြီး ဒီခရီးစဉ် လိုက်ချင်လွန်းလို့ deposit လာသွင်းထားကြတဲ့ ကလေးတွေလဲ ပါပါတယ် ။ တကယ်က Group က လူများပြီး amount အရမ်းများလို့ ကျွန်မလဲ စိုက်ဖို့ မရှိလို့သာ အဲလိုင်းက ပြန်အမ်းတဲ့ထိ စောင့်နေခဲ့ရတာ ။ amount သိပ်မများရင် အရင်ထဲက တခြား group တွေလိုပဲ စိုက်ရှင်းပေးခဲ့တယ် ။ တနေ့ တနေ့ Airline Refund ဘယ်တော့ ပြန်ပေးမှာလဲ။ပေးရော ပေးပါတော့မလား ဆိုပြီး ၂ နှစ်ကျော် စိတ်တွေလဲ ဖိစီးခဲ့ရတာပါ။ အခု အဲလိုင်း ဘက်က refund ကို မြန်မာငွေ – ဗဟိုဘဏ်ပေါက်စျေး 2100 MMK နဲ့ ရှင်းပေးတော့ တချို့ ဧည့်သည်တွေက အပြင်ပေါက်စျေး သို့ USD အရွက်တွေ ပြန်အမ်းပေးတာ လိုချင်ကြတာပေါ့။ဒီလိုပေးတာ မယူချင်ကြဘူး။ ကျွန်မလဲ သူတို့ နေရာဆို အဲလိုပဲနေမှာပါ ။ ဒါပေမယ့် Airline ဘက်က ဒီလိုပဲ လုပ်ပေးတာမို့ နားလည်ပေးဖို့ လက်ခံပေးဖို့ပဲ Request လုပ်ပါတယ် နော်”ဟု လူမှုကွန်ယက်စာမျက်နှာတွင် ရေးသား ဖော်ပြထားသည်ကို တွေ့ရှိရသည်။
ထို့ပြင် အဆိုပါ Airline က ပို့ပေးသည့် အီးမေးများကိုလည်း တင်ပြဖော်ပြထားခြင်းကို တွေ့ရှိရသည်။
လေကြောင်း လိုင်းဘက်မှ Refund ပြန်အမ်းပေးခြင်းနှင့် ပတ်သက်ပြီး တာဝန်ယူထားသည့် AVAREPS Myanmar ကုမ္ပဏီ ဘက်သို့ Travelling မှ ဆက်သွယ်မေးမြန်းရာတွင် မီဒီယာသို့ ဖြေ ခွင့်မရှိ ကြောင်းနှင့် Travel Agent များကိုသာ ဖြေပေးမည်ဖြစ်သည်ဟု ပြောကြားခဲ့သည်။
“တစ်ချို့အဲလိုင်းတွေ က ပြန်မအမ်းသေးတာတွေရှိတယ်။ ဒါမယ့်အမတို့ ကုမ္ပဏီ ကတော့ လေ ကြောင်းလိုင်းဘက်က ပေးမလားဆိုပြီး အဲဒီတုန်းက ၆လ လောက် စောင့်ခဲ့သေးတယ်။ မပေးလာတဲ့အဆုံး ကျွန်မ တို့ စိုက်ပြီး ပြန်အမ်းပေးခဲ့ပါတယ်။ တစ်ချို့ လေ ကြောင်းလိုင်း က ပြန်မအမ်းပေးသေးဘူး။ ဒါပေမဲ့ Ticket အစားထိုးပြန်လုပ်ပေးမယ်ပြောပါတယ်။ အခုထိ မပေးသေးတဲ့ လေ ကြောင်းလိုင်းတွေလည်း ရှိပါတယ်” ဟု OutBound Tour လုပ်ကိုင်နေသည့် ပြည်တွင်းခရီးသွားကုမ္ပဏီတစ်ခုက တာဝန်ရှိသူ ကလည်း Travelling သို့ ပြောသည်။