လီဆူတိုင်းရင်းသားများ နေထိုင်သည့် မကျော့ဝါကျေးရွာတွင် တိုင်းရင်းသားဟိုတယ်တစ်ခု မကြာခင် ဖွင့်လှစ်မည်

Travelling journal လီဆူတိုင်းရင်းသားများ အများဆုံး နေထိုင်ကြသည့်မကျော့ဝါ ကျေးရွာအား အခြေတည်ပြီး ဟိုတယ်မကျော့ဝါ အမည်ရှိသည့် ဟိုတယ်ကို မကြာခင် ဖွင့်လှစ်ရန် စီစဥ်နေကြောင်း ဟိုတယ်ပိုင်ရှင် ဖြစ်သူ ...

Travelling journal

လီဆူတိုင်းရင်းသားများ အများဆုံး နေထိုင်ကြသည့်မကျော့ဝါ ကျေးရွာအား အခြေတည်ပြီး ဟိုတယ်မကျော့ဝါ အမည်ရှိသည့် ဟိုတယ်ကို မကြာခင် ဖွင့်လှစ်ရန် စီစဥ်နေကြောင်း ဟိုတယ်ပိုင်ရှင် ဖြစ်သူ ဦးကျော်စွာအောင်က Travelling journal သို့ ပြောသည်။

ပူတာအို လေဆိပ်မှ ၇ မိနစ်ခန့် ကားဖြင့် လာရောက်မည်ဆိုပါက ဟိုတယ်သို့ ရောက်ရှိနိုင်ကြောင်း သိရသည်။

ဒေသခံများ၏ အခေါ်အရ နန့်ထုံနီ ချောင်း သို့မဟုတ်မကျော့ဝါ ချောင်းဟု ခေါ်ဆိုသည့် ချောင်းကို ခွကာ ဟိုတယ်နှင့် သင်္ဘောပုံစံ တည်ဆောက်ထားသည့်စားသောက်ဆိုင်ကို မျက်နှာချင်းဆိုင် အနေအထားဖြစ်အောင် ဖွင့်လှစ်ပေးထားကြောင်း သိရသည်။

“ခရီးသွားတွေအတွက် အခုလိုမျိုး ဟိုတယ်ဖွင့်တာ ကတော့ အဆင်ပြေတယ်။ ပူတာအိုက တကယ်တမ်းဧည့်သည် များလာရင် ဟိုတယ် တွေက မလောက်ဘူးလေ။ ပူတာအိုမှာ​က ပန်းခြံမရှိဘူး။ တိရစ္ဆာန် ဥယျာဥ်မရှိဘူး။ ဒီဟိုတယ် လေးလုပ်ထားတာ ကောင်းပါတယ် ။မိသားစုလိုက် သွားလည်လို့ရတယ်။ ချောင်းဘေးမှာသင်္ဘောလိုမျိုး တည်ဆောက်ထားတာဆိုတော့ စိတ်ကူးယဥ်စရာကောင်းတယ်ပေါ့။ ကစားကွင်းလိုမျိုး ပန်းခြံပုံစံမျိုး အထိုင်ထားတာဆိုတော့ ဧည့်သည် တွေအတွက် စိတ်ဝင်စားစရာဖြစ်လာမှာပါ”ဟု ဒေသခံ ဦးမိုးမင်းသိန်း(ပူတာအို) က Travelling journal သို့ ပြောသည်။

ထို့ပြင် မြစ်ကြီးနား အခြေစိုက် ခရီးသွား ကုမ္ပဏီ တစ်ခုကလည်း ယင်းဟိုတယ်သို့ သွားရောက်လေ့လာခဲ့ကြောင်း ယင်းခရီးသွားကုမ္ပဏီမှ ဒေါ်ရွှေရွှေမြင့်က Travelling journal သို့ ပြောသည်။

လက်ရှိတွင် ပူတာအို မြို့သည် ပြည်တွင်းခရီးသွား များ လာရောက် လည်ပတ်ပါက အခန်းပေါင်း ၁၀၀ ကျော်သာရှိသည့်အတွက် ယခုကဲ့သို့ ပူတာအိုမြို့တွင် နောက်ထပ်ဟိုတယ်အသစ်တစ်လုံး ပေါ်ပေါက်လာခဲ့သည့်အတွက်
ဒေသအကျိုး အတွက်လည်းကောင်း မွန်ကြောင်း ဒေသခံဦးမိုးမင်းသိန်း (ပူတာအို)က Travelling journal သို့ ပြောသည်။

ဝါးကို အခြေခံ ထားပြီး ဟိုတယ်ကို ဘန်ဂလို ပုံစံတည် ဆောက်ထားပြီး အခန်း ၃၀ ခန့် လျာထားသော်လည်း လက်ရှိ တွင် အခန်း၂၀ ခန့်သာ​ပြီးစီးကြောင်းသိရသည်။

“ကျွန်တော်တို့ မျှော်လင့်တာက ဒီဇင်ဘာ လောက်ဆို ဖွင့်ဖို့ မျှော်မှန်းထားပါတယ်။ ဟိုတယ် မကျော့ဝါ လို့ နာမည်ပေးဖို့အစီအစဥ်ရှိတယ်”ဟု ဟိုတယ်ပိုင်ရှင် ဖြစ်သူ ဦးကျော်စွာအောင်က Travelling journal သို့ ပြောသည်။

ယခုကဲ့သို့ ဟိုတယ်ဖွင့်လှစ်ရခြင်းကလည်း ဒေသခံတိုင်းရင်းသားများ၏ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေနှင့် ပူတာအိုမြို့ သို့လာရောက်လည်ပတ်သည့်ခရီးသွားများအတွက် စျေးနှုန်းသက်သက်သာသာဖြင့် တည်းခို​နိုင်ရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မကျော့ဝါကျေးရွာတွင် Bamboo Villa စားသောက်ဆိုင်နှင့် ဟိုတယ်မကျော့ဝါ ကို ဖွင့်လှစ်ထားရှိပြီး ၂၀၂၀ ဧပြီလမှ စတင် တည်ဆောက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဟိုတယ် အခန်းခစျေးနှုန်းကို ပူတာအို မြို့ရှိ ဟိုတယ်များ၏ စျေးနှုန်းထက်အနိမ့်ဆုံး စျေးနှုန်းတစ်ခု ဖြင့် ဝန်ဆောင်မှု ပေးသွားမည်ဖြစ်ကာ တစ်ညလျှင် ကျပ်လေးသောင်း ဖြင့် သတ်မှတ်ထားပြီး နံနက်စာ ဘူဖေးပါဝင်ကြောင်း သိရသည်။ ရေချိုးခန်း အိမ်သာတွဲထားပြီး သုံးယောက် တည်းခိုနိုင်သည့် အခန်းတစ်ခန်းကိုတစ်ယောက်လျှင် တစ်သောင်းနှုန်းဖြစ် တည်းခိုနိုင်ရန်စီစဥ်ပေးထားကြောင်း သိရသည်။

ဟိုတယ်တွင် ဒေသရိုးရာအစားအစာများအပြင် ထိုင်းအစားအစာ၊တရုတ်အစားအစာ ပင်လယ်စာ များပါ ရရှိနိုင်ရန် ဝန်ဆောင်မှု ပေးထားကြောင်းသိရသည်။

ထို့ပြင် ဟိုတယ်၏ အထူးဝန်ဆောင်မှုအဖြစ် ပူတာအို မြို့သို့ လာရောက်လည်ပတ်သည့် သူများအတွက် အပန်းဖြေချင်သူများအတွက်သာမက ဒေသန္တရဗဟုသုတလေ့လာလိုသည့်သူများအတွက် ဟိုတယ်မှ ဝန်ဆောင်မှု ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မကျော့ဝါ ကျေးရွာမှ ကားဖြင့် ၁၅ မိနစ်ခန့်သွားရောက်မည်ဆိုပါက အထက်ဆန်ဂေါင်ရွာသို့ သွားရောက်လည်ပတ်နိုင်သလို ဆန်ဂေါင်ရွာမှ တဆင့် ရေခဲတောင်တက်ခရီးစိတ်ဝင်စားပါက သွားရောက်လည်ပတ်နိုင်သေးကြောင်း သိရသည်။

ပူတာအိုမြို့သို့ ခရီးသွားများ လာရောက် လည်ပတ်သည့်အကောင်းဆုံးကာလမှာ အောက်တိုဘာလမှဖေဖော် ဝါရီလအတွင်း အချိန် ကာလဖြစ်​ ကြောင်း သိရသည်။

Photo Moe Min Thein (ပူတာအို)