ငလျင်ဒဏ်ထိဟိုတယ်များကို ချေးငွေပေးရန် စာရင်း​​ကောက်ယူနေ

#Travelling Journal ပြီးခဲ့သည့် မတ်လ(၂၈) ရက်က စစ်ကိုင်းမြို့အနီးကို ဗဟိုပြုပြီး အင်အား ၇ ဒသမ ၇ ရစ်ချ်တာစကေးရှိ အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ခြင်းကြောင့်ထိခိုက်ပျက်စီးခဲ့ရသည့် ဟိုတယ်များကို ချေးင ...

#Travelling Journal

ပြီးခဲ့သည့် မတ်လ(၂၈) ရက်က စစ်ကိုင်းမြို့အနီးကို ဗဟိုပြုပြီး အင်အား ၇ ဒသမ ၇ ရစ်ချ်တာစကေးရှိ အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ခြင်းကြောင့်
ထိခိုက်ပျက်စီးခဲ့ရသည့် ဟိုတယ်များကို ချေးငွေပေးရန် စာရင်းများကောက်ယူနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း(MHA ) မှ တာဝန်ရှိသူက Travelling သို့ပြောသည်။

” အခုတော့ ငလျင်ထိတဲ့ ဟိုတယ်တွေကို ချေးငွေပေးဖို့ စာရင်းတွေ ကောက်ယူနေပါပြီ။ တိုင်းဒေသကြီးအလိုက် ချေးငွေပေးမှာဖြစ်ပါတယ်။ ဒါ့ပြင်
ကျွန်တော်တို့ အသင်းကိုလည်းသက်ဆိုင်ရာဇုန်အလိုက်က လာတင်ပြရင်လည်း ထောက်ခံပေးပြီး
ဝန်ကြီးဌာနကို ဆက်လက်တင်ပြပေးသွားပါမယ်။ ဝန် ကြီးဌာနကလည်း သက်ဆိုင်ရာတိုင်းဒေသကြီးဆီ ပို့ပေးသွားမှာပါ”ဟု မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း(MHA ) မှအထွေထွေအတွင်းရေးမှူး ဦးနေအောင်ကိုက Travelling သို့ ပြောသည်။

အဆိုပါ ငလျင်ဒဏ်ထိသွားခဲ့သည့် နေပြည်တော်
မန္တလေးနှင် စစ်ကိုင်းမြို့များရှိ ဟိုတယ်ပိုင်ရှင်များမှ မိမိတို့၏ဟိုတယ်များကို ဆောက်လုပ်ပေးထားသည့် အင်ဂျင်နီယာများမှ စစ်ဆေးပေးမှုအပေါ် အရောင်အဆင့်ခွဲခြားပြီး ချေးငွေများကို တိုင်းဒေသကြီးအလိုက် ထုတ်ပေးသွားရန် စီစဥ်ထားကြောင်းသိရသည်။

“တစ်ချို့က ပြန်ဆောက်ဖို့ဘိလပ်မြေ လိုရင်လည်းဘိလပ်​မြေအိတ်ရရှိအောင် ဆောင်ရွက်ပေးရင်
ပိုကောင်းမယ်။ ချေးငွေဆိုလည်း ချေးငွေရအောင် နိုင်ငံ တော်က ထိထိမိမိလေးကူညီပံ့ပိုးပေးရင်ပိုကောင်းတာပေါ့ “ဟု ဟိုတယ်လုပ်ငန်းရှင်တစ်ဦးက Travelling သို့ပြောသည်။

အဆိုပါချေး​ငွေ၏ အတိုးနှုန်းကို ကိုဗစ်ကာလကထုတ်ချေးပေးခဲ့သည့်အတိုးနှုန်းထက် သိပ်မများလှသည့် အတိုးနှုန်းဖြင့်ချေးပေးသွားမည်ဖြစ်ကြောင်းသိရသည်။

မတ် ၂၈ ရက် က စစ်ကိုင်းမြို့အနီးကို ဗဟိုပြုပြီး အင်အား ၇ ဒသမ ၇ ရစ်ချ်တာစကေးရှိ အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့သောကြောင့် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် နေပြည်တော်တို့တွင် ထိခိုက်မှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

#Travelling Journal
#News
#Photo-Internet
ပုံ-စာ ငလျင်ကြောင့်ထိခိုက်ခဲ့ရသည့်ဟိုတယ်တစ်လုံးကိုတွေ့ရစဥ်။